ဉာဏ်ဖြစ်ကြောင်း ခုနစ်ပါး – မဟာစည်ဆရာတော်ဘုရားကြီး
….. မြတ်စွာဘုရားဟောတဲ့ ဒေသနာကတော့ တစ်လုံးတည်းပဲ။ အဲဒီ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်ဆိုရင် ယောနိသော မနသိကာရပဲတဲ့။ နှလုံးသွင်းမှုပဲတဲ့။
အဋ္ဌကထာကတော့ အကြောင်း ၇-ပါး ပြထားပါတယ်။
(၁) ပရိပုစ္ဆကထာ – မေးမြန်းရမယ် တဲ့။
(၂) ဝတ္ထုဝီသတကြိယာ – ဝတ္ထုစင်ကြယ်အောင် သန့်ရှင်းအောင် ပြုခြင်း။
(၃) ဣန္ဒြိယ သမတ္တာပဋိကာရဏာ – ဣနြေ္ဒညီမျှအောင်ပြုခြင်း။
(၄) ဒုပ္ပညပုဂ္ဂလာ ပရိဝဇ္ဇနာ – ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။
(၅) ပညဝန္တပုဂ္ဂလ သေဝနာ – ပညာရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲခြင်း။
(၆) ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခနာ – နက်နဲသော ဉာဏ်၏ ကျက်စားရာဖြစ်တဲ့ တရားတွေကို ဆင်ခြင်ခြင်း။
(၇) တစဒိမုတ္တတာ – ညွှတ်ကိုင်းသော စိတ်ရှိရမယ် တဲ့။
ဒီတော့ ဆောင်ပုဒ်လေး ပေးပြီးမှ ဟောရမယ်။
‘မေးမြန်း’‘သန့်စင်’၊ ‘ညီမျှယှဉ်’၊ ‘ထိုတွင် စိတ်ညွှတ်ပါ’။
‘ဉာဏ်မဲ့ရှောင်ကြဉ်’၊ ‘ဉာဏ်ရှိယှဉ်’၊ ‘ဆင်ခြင်နက်နဲရာ’။
ဉာဏ်ဖြစ်ကြောင်းများ၊ ခုနစ်ပါး၊ ညွှန်ကြား ဋ္ဌကထာ။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင် စိတ်ညွှတ်ပါ။ ဒါက ပထမအပိုဒ်ပဲ။ ကိုင်း … ဆိုရမယ်။
မေးမြန်းရမယ်တဲ့။ မေးမြန်းရမယ်။ ဆွေးနွေးရမယ်။
ဘာတွေ ဆွေးနွေး မေးမြန်းရမလဲဆိုရင် ခန္ဓာတဲ့၊ အာယတန၊ ဓာတ်၊ သစ္စာတဲ့။ ဣနြေ္ဒတဲ့၊ ဗိုလ်တဲ့၊ ဗောဇ္ဈင်တဲ့၊ မဂ္ဂင်တဲ့၊ ဈာန်တဲ့၊ သမထဝိပဿနာ တရားတွေတဲ့။
အဲဒါတွေရဲ့ အနက် အဓိပ္ပာယ်နဲ့ စပ်ပြီးသကာလ မေးမြန်းရမယ် တဲ့။
ဒါ မသိသေးတဲ့ပုဂ္ဂိုလ် မေးရမှာပေါ့လေ။ များသောအားဖြင့် မသိတာတွေပဲ များနေတတ်တယ်။
အထူးအားဖြင့်တော့ ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အရေးကြီးတယ်။
ဗဟုသုတ လုံးလုံးမရှိတဲ့ ပုဂ္ဂိုလ်တွေက ကိစ္စမရှိဘူး။ သူက ဆရာသမားပြောဟောပြီး ဒီလိုအားထုတ်ရမယ်ဆို အားထုတ်နေရင် ပြီးတာပဲ။
အေး … ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်သိတာလေးတွေကလဲ ရှိပြီးထားတော့ အဲဒါကို သိတာနဲ့ ဟိုဟာနဲ့ ကိုက်လို့ မရ၊ ဒီဟာနဲ့ ကိုက်လို့ မရဖြစ်ပြီးနေတော့ အဲဒီမှာ ဇဝေဇဝါ ဖြစ်တတ်တယ်။
ဒါကြောင့် ဒီလို ပုဂ္ဂိုလ်က မေးမြန်းရတယ်။
ဒါမှ မဟုတ်ရင်လဲ တရားနာပေါ့လေ။ ဟောပြောတဲ့ ပုဂ္ဂိုလ် ကမ္မဋ္ဌာန်းဆရာတွေက ဒါပြောနေရတာပဲ။ ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို စာနဲ့ ပေနဲ့ ရှင်းပြီးတော့ ပြောရတယ်။ ဒါက ခန္ဓာ၊ ဒါ အာယတန။
ဗဟုသုတမရှိတဲ့ ပုဂ္ဂိုလ်တွေကြတော့ ဖောင်းတယ် ပိန်တယ် မှတ်နေလို့ ဆရာသမားက ညွှန်ကြားနေတာတွေ လိုက်နာရင် ကောင်းတာပဲဆိုပြီးတော့ ဘာမှ မစဉ်းစားဘူး။ ဒီအတိုင်း မှတ်နေတော့တာပဲ။
တရားဆိုတာ သဘောမကျရင် ဇဝေဇဝါဖြစ်နေရင် နေရာမကျဘူး။ တရား မတိုးတက်ဘူး။
တရားကို ကောင်းကောင်း မမှတ်ဘူး၊ ရိုလဲ မရိုသေဘူး ဆိုရင်လဲ တရား မတိုးတက်ဘူး။
တရားဟာ ရိုရိုသေသေလုပ်မှ သူ့ကို ရိုသေမှ တရားကလဲ ကိုယ့်ကို ပြန်ပြီးတော့ တိုးတက်လာစေတာ။ တရားကို ကိုယ်က ဂရုမစိုက်ဘူး၊ မရိုသေဘူးဆိုရင် တရားကလည်း ကိုယ့်ကို ဂရုမစိုက်ဘူး၊ တရားမတက်တော့ဘူး။
အဲဒီတော့ သဘောမပေါက်လို့ရှိရင်ဖြင့် မေးရတယ်။ ကမ္မဋ္ဌာန်းဆရာတွေကို မမေးဝံ့လို့ရှိရင်လဲ ဒီ့ပြင် နားလည်တဲ့ ပုဂ္ဂိုလ်တွေကို မေးကြည့်ပေါ့။
နားမလည်တာလေးတွေရှိရင် မေးမြန်းရမယ် တဲ့။
‘သန့်စင်’ဆိုတာကတော့ ဣန္ဒြိယ သမတ္တတာ၊ ဣနြေ္ဒကို စင်ကြယ်စေရမယ် တဲ့။
ဝတ္ထုဝိသတကြိယာ – ဝတ္ထုကို စင်ကြယ်စေရမယ်။
ဝတ္ထုက အတွင်းဝတ္ထု၊ အပြင်ဝတ္ထု ဆိုပြီး ရှိတယ်။ အတွင်းဝတ္ထုကတော့ ကိုယ့်ကိုယ်ပေါ့လေ။ အပြင်ဝတ္ထုကတော့ အသုံးအဆောင်တွေပေါ့။
အဲ … ကိုယ်တွင်းဝတ္ထုက ချေး(ဂျီး)ညှော်တွေနဲ့ ချွေးတွေသန်တွေနဲ့ မစင်ကြယ်နေတဲ့အခါ ဉာဏ်ကောင်းကောင်း မဖြစ်တတ်ဘူးတဲ့။
အထူးအားဖြင့် အရေးကြီးတာကတော့ ဒေါသတွေ များနေတယ်ဆိုရင်၊ တချို့ ဝမ်းတွေ ဘာတွေချုပ်ပြီးသကာလ နေတာပါပဲ။ လူမကျန်းမမာလဲ ဖြစ်တယ်။ နောက် စိတ်တွေလဲ စနောင့်စနင်းတွေ ဖြစ်တတ်တယ်။
ယောက်ျားတွေဆိုရင် ဆံပင်တို့ မုတ်ဆိတ်တို့ ရှည်နေ ရှုပ်နေတယ်ဆိုရင် ရိတ်တန်ရိတ်၊ ရှင်းတန်ရှင်းပေါ့။ ကိုယ်ကို သန့်ရှင်း စင်ကြယ်အောင် လုပ်ရတယ်။
ဓာတ်တွေ ဘာတွေ ချုပ်ပြုပြီးသကာလ ဒေါသတွေ များနေလို့ ရှိရင်လဲ ဝမ်းနုတ်ဆေးတွေ ဘာတွေ စားရမယ်တဲ့၊ အဋ္ဌကထာက ပြတယ်။ အတွင်းက စင်ကြယ်သွားအောင်လို့ ဆေးနဲ့ ဝါးနဲ့လဲ ပြုပြင်ပြီး ပေးရမယ်တဲ့။ ဒါက အတွင်းဝတ္ထု စင်ကြယ်အောင်လို့။
အပြင်ဝတ္ထုကတော့ အဝတ်တွေ ဘာတွေ ညစ်နွမ်းနေလို့ရှိရင်လဲ အဝတ်တွေ ချေး(ဂျီး)တွေ ညှော်တွေနဲ့ အနံ့အသက်တွေ ဘာတွေနဲ့ မသန့်မရှင်းဖြစ်နေရင် ဒါတွေကို လျှော်ဖွတ်လိုက်ရမယ်တဲ့။ နေရာထိုင်ခင်းတွေက ချေး(ဂျီး)တွေ ညှော်တွေနဲ့ ရှုပ်နေလို့ရှိရင်လဲ အဲဒါ သန့်ရှင်းအောင် လုပ်ရမယ်။ အမှိုက်တွေ ဘာတွေ များနေရင် လှည်းကျင်းလိုက်ပေါ့လေ။ အနီးအပါးမှာ အထုတ်အပိုးတွေ ဘာတွေညာတွေ အိုးတွေခွက်တွေ ရှုပ်နေရင်လဲ ရှင်းတန်သမျှ ရှင်းအောင် လုပ်ရတယ်။
အတွင်း အပြင် ဝတ္ထုတွေ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်း ဖြစ်နေရင် အသိဉာဏ်တွေဟာ ထက်ထက်မြက်မြက် ဖြစ်တတ်ပါတယ်တဲ့။
ဘာနဲ့တူသလဲဆိုလို့ရှိရင် ဆီမီးထွန်းရာမှာ မီးခွက်ကလဲ မစင်ကြယ်ဘူး၊ ချေးညှော်တွေ ရှိနေမယ်၊ မီးစာကလဲပဲ အဟောင်း .. ညစ်နွမ်းတဲ့ မီးစာ ထွန်းထားမယ်၊ ဆီကလဲ မကောင်းတဲ့ ဆီပေါ့လေ၊ ရေနံချေးတွေ၊ အညစ်အကြေးတွေနဲ့၊ သဲတွေ ဖုန်တွေ ရေတွေ ဘာတွေနဲ့ ရောနေတာ ရှိတယ်။ အဲဒီဟာမျိုး မီးထွန်းလိုက်လို့ရှိရင် မီးခွက်ကလဲ မစင်ကြယ်၊ ဆီကလဲ မစင်ကြယ်၊ မီးစာကလဲ မစင်ကြယ် ဆိုတော့ မီးတောက်ဟာ မှုန်မှုန်ပဲ။ ကောင်းကောင်း မလင်းဘူး။ မကြည်လင်ဘူး။
အဲ မီးခွက်ကလဲ စင်စင်ကြယ်ကြယ်နဲ့၊ ဆီကလဲ စင်စင်ကြယ်ကြယ်နဲ့ ချေးညှော်မရှိတဲ့ဆီ၊ မီးစာကလဲ သစ်သစ်လွင်လွင် တခါတည်း အညစ်အကြေးမရှိဘဲ မီးစာအသစ်ထည့်ပြီး ထွန်းလိုက်ရင် မီးတောက်ကလေးဟာ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင် ဖြစ်ပါတယ်။
အဲဒါလိုပဲတဲ့၊ ကိုယ်တွင်းက မစင်ကြယ်လို့ဖြစ်စေ၊ ကိုယ်အပြင်က မစင်ကြယ်လို့ဖြစ်စေ၊ အတွင်းအပ နှစ်ပါးလုံး မစင်ကြယ်လို့ဖြစ်စေ အဲဒီလိုအခါမှာ ဉာဏ်များဟာ ထိုင်းမှိုင်းလေးလံပြီးတော့ နေတတ်တယ်တဲ့။ သန့်သန့်ရှင်းရှင်း မဖြစ်တတ်ဘူးတဲ့။
ဒါကြောင့်မို့ ဉာဏ်မထက်တဲ့အခါတွေမှာပေါ့လေ၊ ဘာတွေများ လိုနေပါလိမ့်လို့ နည်းနည်းပါးပါး ပြင်ပေးရတယ်။ ပြင်ပေးရင် ကောင်းလဲ ကောင်းသွားတတ်ပါတယ်။ အဖျင်းဆုံး ရေမိုးချိုးပြီးတော့ မှတ်လိုက်ရင်ကို ကောင်းသွားတတ်ပါတယ်။ အိပ်ရာနေရာလေး သန့်သန့်ရှင်းရှင်း ပြင်ပြီးတော့ မှတ်လိုက်ရင်လဲ ကောင်းသွားတတ်တယ်။
အဲ ခုနကပြောတဲ့ ကိုယ်တွင်းကနေပြီးတော့ ဓာတ်တွေ ဘာတွေ ချုပ်ပြုနေရင် အဲဒါကတော့ ဆေးလေး ဘာလေး စားပြုပေးလိုက်ရင် ကောင်းသွားတတ်ပါတယ်။ ပေါ့ပါးပြီးတော့ အသိဉာဏ်တွေ တိုးတက်ပြီးတော့ သွားတတ်တယ်တဲ့။ ဒါ အဋ္ဌကထာ ဆရာက ပြောတာ။
အဲဒါကြောင့် အတွင်းအပ ဝတ္ထု စင်ကြယ်စေရမယ်တဲ့။
‘မေးမြန်း’‘သန့်စင်’ နှစ်ခုနော်။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်တဲ့။ ‘ညီမျှယှဉ်’က အညီအမျှ ဖြစ်စေရမယ်တဲ့။
ဘာတွေတုန်းဆို ဣန္ဒြိယသမတ္တာ – ဣနြေ္ဒတွေ ညီစေရမယ်တဲ့။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သမာဓိနြေ္ဒ၊ သတိနြေ္ဒ၊ ပညိနြေ္ဒ ဆိုတဲ့ ဣနြေ္ဒ ၅-ပါး။
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဒီ ၅-ခုပါပဲ။
သဒ္ဓါ – ယုံကြည်မှု၊ ဝီရိယ – အားထုတ်မှု၊ သတိ – အမှတ်ရမှု၊ သမာဓိ – စူးစိုက်တည်ကြည်မှု၊ ပညာ – အသိဉာဏ်ပညာ ပဲ။ အဲဒီ ၅-ပါးသော အကြောင်းတွေ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ၅-ပါးသော တရားတွေကို ဣနြေ္ဒလို့ ခေါ်တယ်။
‘ဣန္ဒြိယ’ ဆိုတာ အစိုးရဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ သူ့နေရာနဲ့သူ အစိုးရလို့ သူ့ကို ဣနြေ္ဒလို့ ခေါ်တယ်။ မိမိမှာ အဲဒီ ၅-ခုသော တရားတွေကို ညီမျှစေရမယ်တဲ့။
ဒီ ၅-ခုသော တရားတွေ အစိုးရတွေဟာ တစ်ခုခုက အစိုးရနေပြီးတော့ လွန်လွန်ကဲကဲတွေ ဖြစ်နေပြီးတော့ အာဏာပြင်းထန်နေလို့ရှိရင် ဒီ့ပြင်ဟာတွေက အလုပ်လုပ်လို့ မဖြစ်တော့ဘူးတဲ့။
ဒီအစိုးရအဖွဲ့က ညီညွတ်နေရမှာကို မညီညွတ်ဘဲနဲ့ တစ်ခုခုက နေပြီးသကာလ၊ သူထင်တာတွေ သူလုပ်ပြီးတော့နေရင် ဘေးက ပုဂ္ဂိုလ်တွေ ဘာမှ လုပ်လို့ မဖြစ်ဘူး။
အဲဒီလိုပဲ တရားရှုမှတ်မှုမှာလဲ ဝိပဿနာမှာလဲ အစိုးရက ၅-ခု ပါနေတယ်။
ဣန္ဒြိယတွေ ညီမျှစေရမယ် တဲ့။
သဒ္ဓါက လွန်နေလို့ရှိရင်လဲ ဒီ့ပြင်ဟာတွေ ဘာမှ မလုပ်နိုင်တော့ဘူး။ သူက ယုံကြည်မှု၊ သိပ်ပြီးတော့ ယုံနေတာပဲ။ အထူးအားဖြင့် ‘သဒ္ဓါ’နဲ့ ‘ပညာ’ဟာ ညီမျှရမယ်တဲ့။
သဒ္ဓါက ယုံကြည်မှု၊ သိပ်ပြီး တွေ့ကရာတွေလဲ လျှောက်မယုံနဲ့ပေါ့။
ပညာကလဲ စူးစမ်းဆင်ခြင်မှု၊ တွေ့ကရာတွေလဲ လျှောက်စူးစမ်းပြီးတော့လဲ မနေနဲ့။
သူတို့ နှစ်ခုက မျှရမယ်။
မြန်မာပြည်မှာ အများအားဖြင့် အဲဒါတွေ များတယ်။ တွေ့ကရာတွေ လျှောက်ယုံတာ များတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘာသာရေးနဲ့ဖြစ်စေ၊ ဂိုဏ်းဂဏနဲ့ဖြစ်စေ၊ ဗေဒင်ဆေးဝါးနဲ့ဖြစ်စေ၊ အဲဒါတွေ ယုံလွယ်တဲ့သူတွေက ပေါတော့ အဲဒါတွေ ဝါဒဖြန့်ပြီးတော့ စီးပွားရှာတဲ့ ပုဂ္ဂိုလ်တွေ ပေါလိုက်တာ။
ဘာသာရေးနဲ့လဲ တောင်ပြော မြောက်ပြော၊ ဂိုဏ်းတွေကလဲ တောင်ပြော မြောက်ပြော။ ဒီလိုဟာတွေကို အဲဒီလိုဟာတွေကို သူတို့ပြောတာတွေ ဘာမှ မစူးစမ်း မဆင်ခြင်ဘဲနဲ့ သိပ်ယုံတာကိုး။
သဒ္ဓါအားကြီးလို့ရှိရင် မုတ္တစာဂ – အချည်းနှီး အကျိုးမဲ့ ယုံကြည်ခြင်း ဖြစ်တတ်ပါတယ်တဲ့။ ယုံကြည်စရာအကြောင်း မရှိဘဲနဲ့ ယုံလို့ရှိရင်လဲပဲ အကျိုးမဲ့တွေ ဖြစ်သွားတတ်ပါတယ်တဲ့။
ပညာလွန်ကဲတဲ့ပုဂ္ဂိုလ်။ တကယ့် ဉာဏ်ပညာကတော့ ဉာဏ်အစစ်ကတော့ မလွန်ဘူး။ တကယ့်ပညာက အရဟတ္တမဂ် အရဟတ္တဖိုလ်ထိအောင် လမ်းဆုံးရောက်အောင် တက်ရတော့ သူကတော့ လွန်တယ် မရှိပါဘူး။ ခု လွန်တယ်ဆိုတာကတော့ စူးစမ်း ဆင်ခြင်မှုတွေ များနေတာ။ စဉ်းစားတာ များနေတာ။ သူက ဉာဏ်အစစ် မဟုတ်ဘူး။ ဆင်ခြင်တာတွေ၊ စဉ်းစားဆင်ခြင်တဲ့ ဥစ္စာတွေ၊ ဝိတက်တို့ ဝိစာရတို့ ဘာတို့ နေမှာပေါ့လေ။
အဲဒါတွေ … အဲဒီပညာတွေ လွန်ကဲနေလို့ရှိရင်လဲ သဒ္ဓါက အလုပ်လုပ်လို့ မဖြစ်ဘူး။
သူက တွေ့ကရာ မယုံဘဲဟာကိုး။
စူးစမ်း ဆင်ခြင်တယ်။ စူးစမ်းဆင်ခြင်မှုနဲ့ချည်းပဲ လုပ်နေတယ်။
ဥပမာ – ကုသိုလ်ကောင်းမှုဆိုတာက ကုသိုလ်ဆိုတာက စိတ်တွင် ဖြစ်တာပဲတဲ့။
အဲဒီတော့ စိတ်ထဲက ကုသိုလ်စိတ်လုပ်လိုက်ရင် ကုသိုလ်ဖြစ်တာပဲ။ ဉာဏ်က ဒီလို စူးစမ်း ဆင်ခြင်ပေးတာကိုး။
အခု အဘိဓမ္မာတို့ ပရမတ်သမားတွေပေါ့လေ။ ပရမတ်တွေ လွန်လွန်ကဲကဲယူတဲ့ ပုဂ္ဂိုလ်တွေ အဲဒါမျိုး ဖြစ်တတ်တယ်။
သူ့ဟာ ကုသလာဓမ္မာ – ကုသိုလ်တရားဆိုတာ စိတ်တွင် ဖြစ်တာကိုး။
စိတ်တွင်ဖြစ်တော့ ဒါနဆိုလဲပဲ လှူဒါန်းတဲ့ ဝတ္ထုပစ္စည်းတွေ မရှိပေမယ်လို့လဲ စိတ်ကူးနဲ့ လှူလိုက်လို့ရှိရင် ဒါနမြောက်တာပဲ။ ပြီးတာပဲဆိုပြီးတော့ တခါတည်း ဘာမှ လှူစရာ တန်းစရာ တကယ့်အလုပ်လုပ်စရာ မလိုဘူး။ စိတ်ကူးနဲ့ချည်းပဲ လှူနေတယ်။
ဟိုမှာ ဘုရားတွေ ပင့်ပြီးတော့ လှူလိုက်၊ သူက ဟန်ကျတယ်။ စိတ်ကူးနဲ့ချည်း လှူနေတာ။ အင်မတန် သက်သာတယ်။ ဟန်ကျတယ်။ လှူဖွယ်ဝတ္ထုတွေ ဘာမှ မကုန်ဘူး။
စိတ်ထဲတင် အလှူကြီးတစ်ခုတော့ ပြီးသွားရော၊ ပူဇော်ပွဲကြီးတစ်ခု လုပ်တာလဲ ဖြစ်တာပါပဲဆိုပြီး လုပ်တတ်တယ်တဲ့။
သူက ဒါ အဋ္ဌကထာက ပြောတာပါ။ ဘုန်းကြီးက ပြောတာ မဟုတ်ဘူး။
သူက ဘာနဲ့ တူနေသတုန်းဆိုတော့ “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါဝိယ ဒုက္ခေ ကိစ္ဆော”တဲ့။
ဆေးကြောင့်ဖြစ်တဲ့ ရောဂါများလိုပဲတဲ့။ မူလရောဂါ သူ့ဟာသူဖြစ်နေတာက သင့်လျော်တဲ့ ဆေးနဲ့ ကုလိုက်ရင် လွယ်လွယ်ပဲတဲ့။
အေး … ဆေးမှားပြီး ဖြစ်သွားတဲ့ရောဂါက အကုရခက်တယ်တဲ့။
အဲဒါလိုပဲတဲ့။ ဉာဏ်ပညာတွေ စူးစမ်းဆင်ခြင်မှုတွေက များနေရင်ဖြင့်ရင် စူးစမ်းဆင်ခြင်မှုကြောင့် ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ခုနပြောတဲ့ ပရမတ်သဘောတွေ ဘာတွေ လွန်သွားတာပေါ့လေ။
စဉ်းစားရုံနဲ့ စိတ်နှလုံးသွင်းရုံနဲ့ ဒါနလဲ မြောက်နိုင်တယ်။ သီလလဲပဲ ဖြစ်နိုင်တယ်။
ဘာဝနာဆိုလဲ နှလုံးသွင်းရင် ပြီးတာပါပဲ၊ တရားအားထုတ်ဖို့ မလိုပါဘူးဆိုပြီး တချို့က အဟုတ်ကို ဟောနေတာ။
အဟုတ်ကို ဟောနေတာ။ အရပ်ထဲမှာ အခု ကြားကြားနေတယ်။ မလိုပါဘူးတဲ့ … ဒီဥစ္စာ စိတ်နှလုံးသွင်းလိုက်လို့ရှိရင် ဒီဥစ္စာတွေ သိနေပြီးတာပါပဲ။ ဘာမှ တရားအားထုတ်ဖို့ မလိုဘူး ဆိုပြီး ဒီလို ဟောတာကိုး။
အဲဒီတော့ ဒီလိုဟောတော့၊ တချို့ကလဲ ယုံမှာပဲ။
တချို့က အဲဒီလို အားမထုတ်ရတာကို သဘောကလဲ ခပ်ကျကျကိုး။ သူ့ဟာ ဘာမှ မလုပ်ရတဲ့ဥစ္စာ။ သူ့ဟာ … သက်သက်သာသာပဲ။ ကောင်းတာပဲ။ အဲဒီတော့ သဘောကျပြီးတော့ နေတယ်။
ဒါတွေ … ဘာဖြစ်တုန်းဆိုတော့ မဂ်ဖိုလ်လမ်းပိတ်တယ်။
အတော် ကြောက်စရာကောင်းတယ်။
အဲဒါတွေ တရားအားထုတ်ဖို့ မလိုပါဘူး။ ဒါ … ဒါ သိရင် တော်ပါပြီ။ ဒါလေး နှလုံးသွင်းလိုက်ရင် ပြီးတာပါပဲ။ အဲဒါကို သဘောကျပြီး ယုံနေကြတဲ့ ပုဂ္ဂိုလ်တွေ …. ဒါ သူ အားမထုတ်တော့ဘူး။
အားထုတ်လို့ရှိရင် ဖြစ်မယ့် ကုသိုလ်တွေတောင် မဖြစ်ရတော့ဘူး။ ဟို .. မဂ်ဖိုလ်တွေဆိုတာ ထားပါအုန်းတော့။
သူ့ဥစ္စာ အားထုတ်လို့ရှိရင်ဖြင့် တစ်ရက်လောက် အားထုတ်ရင် တစ်ရက်အတွင်း သူပါရမီကုသိုလ်ဖြစ်ရမှုကို အဲဒါကို မဖြစ်ရတော့ဘူး။
အားထုတ်ဖို့ မလိုပါဘူးဆိုတာကို သဘောကျတော့၊ အားမထုတ်ဘဲနေတော့ အဲဒီလို နစ်နာပြီးတော့ သွားတယ်။
ဒါက ပညာတွေ လွန်နေတာ။ စူးစမ်း ဆင်ခြင်မှုတွေ လွန်နေတာ။
ဒီရုပ်တရား နာမ်တရားတွေ၊ ဒီလို စဉ်းစားလိုက်ရင် ဒီလို သိနေမှာပဲ။ မထူးပါဘူးဆိုပြီးတော့ သူက ဒီလို အောက်မေ့နေတာကိုး။
အေး … ကျမ်းဂန်ဒေသနာအရနဲ့၊ အဘိဓမ္မာဒေသနာအရနဲ့ ရုပ်တရားက ဒီလို၊ နာမ်တရားက ဒီလို၊ ဒါ … ဒါပါပဲ၊ သည်လောက်ပါပဲ၊ မထူးပါဘူး … ဒီလို သိတယ်။ အဲဒီတော့ ဒါနဲ့ ပြီးပါပြီဆိုပြီးတော့ ဒီလို အောက်မေ့တာကိုး။ အဲဒါ ဉာဏ်တွေ လွန်နေတာတဲ့။
ဒီရုပ်တရား နာမ်တရားတွေ ဒီလိုနှလုံးသွင်း ဆင်ခြင်ရုံနဲ့ ပြီးတယ်ဆိုတဲ့ ဥစ္စာကတော့ မဖြစ်နိုင်တဲ့ ဥစ္စာပဲ။
ဒါပေမယ်လို့လဲ တချို့ပုဂ္ဂိုလ်တွေက အဲဒီလို စဉ်းစား ဆင်ခြင်ပြီးတော့ ပြော ဟောနေတာတွေ ရှိတယ်။
ဒါ ဘာတုန်းဆိုရင် ပညာတွေ လွန်နေတာ။ ပညာကလဲပဲ ဝိပဿနာပညာ မဟုတ်ဘူး။ သူ့ဥစ္စာ ဘာဝနာပညာလဲ မဟုတ်ဘူး။ ဒါ စူးစမ်း ဆင်ခြင်တဲ့ သူတို့အထင်အမြင်နဲ့ စူးစမ်းဆင်ခြင်နေတဲ့ အသိဉာဏ်တွေပဲ။ သေသေချာချာ တရားကိုယ်အရကောက်လိုက်လို့ရှိရင် ဒါ ဝိတက် ဝိစာရတွေ ဖြစ်မှာပဲ။
အဲဒီဟာတွေ လွန်နေလို့ရှိရင် ခုနက ပြောတဲ့ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုက မဖြစ်ရတော့ဘူး။ ဒီလို အားထုတ်ရင် ဒီလိုဖြစ်လိမ့်မယ်လို့ ယုံကြည်မှု မရောက်တော့ဘူး။
ဟော … သဒ္ဓါတရား ပျက်ကရော။ သဒ္ဓါတရား အလုပ် မလုပ်ရတော့ဘူး။
အဲဒါကြောင့် သဒ္ဓါနဲ့ ပညာ ညီမျှစေရမယ် တဲ့။
အဲဒါက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ဒီလိုစိတ်တွေ ဖြစ်တတ်တယ်။
ဒါ အရေးကြီးလို့ ပြောနေရတာ။
တရားအားထုတ်နေရင်းလဲပဲ ….. ဒီလို အားမထုတ်ဘဲနဲ့ ရုပ်တရား နာမ်တရားတွေ ခွဲလိုက်ရင် ပြီးမှာပါပဲလို့ စိတ်ထဲက ထင်မြင်သွားတတ်တယ်။ အဲဒါတွေလဲ အများကြီး ရှိတယ်။
ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ထင်တတ်တယ်။ ဟာ … ဒို့ ခုမှတ်နေတာတွေက အဘိဓမ္မာက လာတဲ့အတိုင်း မစုံသေးဘူး၊ မပြည့်စုံသေးဘူး။ အဲဒီတော့ ဒီလိုဟာ ဟုတ်မှ ဟုတ်ပါ့မလား … ဆိုပြီးတော့ စဉ်းစား ဆင်ခြင်မှုတွေ ဝင်လာ။ အဲဒါနဲ့ သဒ္ဓါတရား မဖြစ်ရတော့ဘူး။
ဒီလို ရှုရင် မှတ်ရင် ရှုမှတ်သိတာလေးဟာ သဘာဝ အမှန်အတိုင်း သိတဲ့ အသိဉာဏ်ကလေးပဲလို့ ယုံကြည်ရမယ့် သဒ္ဓါတရားတွေ မဖြစ်ရတော့ဘူး။
သူက အပေါ်ကနေ ပိတ်ထားလိုက်တာနဲ့ အဲဒါတွေ ဖြစ်တတ်တယ်။
ဒါကြောင့်မို့ သူက စဉ်းစား ဆင်ခြင်မှု ဉာဏ်ပညာတွေ လွန်ကဲနေလို့ရှိရင် သဒ္ဓါ ယုံကြည်မှုတွေဟာ မဖြစ်နိုင်ဘူးတဲ့။
သဒ္ဓါနဲ့ ပညာဟာ ညီမျှပါစေတဲ့။
ယုံသင့်ယုံထိုက်တာတွေ ယုံပေါ့လေ။ စဉ်းစားတယ်ဆိုတော့ အဲဒီလို စဉ်းစားထိုက်တဲ့ဟာတွေ စဉ်းစား။ လုံးလုံး မစဉ်းစားဘဲနဲ့လဲ မနေနဲ့။ ပြောတိုင်း ပြောတိုင်းလဲ ပိုပြီးတော့ မယုံနဲ့။ အဲ ပြောတိုင်း ပြောတိုင်း အကုန်လုံး ပယ်ချပြီးသကာလ ကိုယ့်စဉ်းစားချက်ကလေးတင်ကိုလဲ အတည်ပြုပြီးတော့ မထားနဲ့။ အသင့်ယုတ္တိရှိတာကို အသင့်ယုတ္တိရှိတဲ့အတိုင်း လိုက်ပြီးသကာလ သူ့ဟာ ယုံရဦးမှာကိုး။
ယုံကြည်မှုနဲ့ စဉ်းစား ဆင်ခြင်မှု ညီမျှပါစေတဲ့။
သဒ္ဓါနဲ့ ပညာ ညီမျှပါစေတဲ့။
အဲဒီလိုပဲ … ဝီရိယနဲ့ သမာဓိ ညီမျှပါစေတဲ့။
ဝီရိယက သိပ်ပြီး ကြောင့်ကြစိုက် အားထုတ်နေလို့ ရှိရင်လဲ သမာဓိ မဖြစ်ဘူး။
သမာဓိမဖြစ်တော့ တရား မတိုးတက်ဘူး။
“သမာဓိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ”ဆိုတာ တကယ့်ကို ဟုတ်တာ။
သမာဓိ မဖြစ်ဘဲနဲ့ ဉာဏ်က မဖြစ်ဘူး။
တချို့က နှလုံးသွင်း ဆင်ခြင်ရုံနဲ့ ဉာဏ်တွေဖြစ်တယ် အောက်မေ့တယ်၊ ဘယ်ဖြစ်လိမ့်မှာတုန်း။
နှလုံးသွင်း ဆင်ခြင်ရုံနဲ့ သမာဓိမှ မရှိသေးဘဲနဲ့၊ အဲဒီဟာက ဉာဏ်မှ မဟုတ်ဘဲနဲ့။ သမာဓိက ဖြစ်မှ ဉာဏ်ဖြစ်တာ။
နှလုံးသွင်း ဆင်ခြင်ရုံနဲ့ သင်ကြား လေ့လာပြီး ဖြစ်တာတွေက ဒါကတော့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ သင်ကြားလေ့လာရင် သူက သိတာပဲ။ ရုပ်တရား နာမ်တရား သဘောတွေ ဒါတွေ သိတာပဲ။
အဲဒါတွေက ဉာဏ်မှ မဟုတ်ဘဲနဲ့။ မှတ်သားထားတာတွေ … သညာတွေပဲ။
အေး ဉာဏ်အစစ်ကတော့ သမာဓိပေါ်မှီပြီး ဖြစ်တာ။
“သမာဓိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ”ဆိုတဲ့အတိုင်း သမာဓိဖြစ်မှ ဉာဏ်ဖြစ်တယ်။
သမာဓိ မဖြစ်ရင် ဉာဏ်မဖြစ်ဘူး။
အဲဒီတော့ သမာဓိဖြစ်လောက်အောင်လို့ တခါတည်း တင်းတင်းရင်းရင်း အားထုတ်မှ ဖြစ်တာ။
အဲ … သိပ်ပြီးတော့ တင်းလွန်းအားကြီးလွန်းလို့ရှိရင်လဲ မဖြစ်ဘူးတဲ့။
သိပ်ပြီး တင်းလွန်း၊ သိပ်ပြီး အားထုတ်လွန်း နေလို့ရှိရင်လဲ အဲဒါလဲပဲ ကြောင့်ကြ ဗျာပါရတွေ များလွန်းပြီးသကာလ ဟိုလို အားထုတ်လိုက်မယ်၊ ဟိုလို မှတ်လိုက်မယ်၊ ဒီလို မှတ်လိုက်မယ် စသည်ဖြင့် တရားအားထုတ်ဖို့ရာတွေ ကြောင့်ကြစိုက်ပြီးတော့ ကြံစည်အားထုတ်နေတာနဲ့ ဟိုမှာ အမှတ်တွေက လွတ်ကုန်ရော။ အဲဒီလိုလဲ မဖြစ်ဘူး။ ပျံ့လွင့်တယ်တဲ့။
အဲဒီတော့ မလျော့မတင်း ဖြစ်တိုင်း ဖြစ်တိုင်းကို ဖြစ်ရင် မှတ်မယ်လို့ ကိုယ်က ခပ်မှန်မှန် ထားပြီး မှတ်သားရတာကိုး။
ဒါက လုံ့လ ဝီရိယတွေ လွန်နေတဲ့ အခါကာလကို ပြောတာ။
အများအားဖြင့်တော့ လွန်လို့ ပြင်ရတာ နည်းပါတယ်။
လျော့လို့ ပြင်ရတာ များတာ။
အဲဒီလို ဝီရိယနဲ့ သမာဓိ ညီမျှရမယ်တဲ့။
သဒ္ဓါနဲ့ ပညာ ညီမျှရမယ် တဲ့။
အဲဒီ လေးခုဟာ အရေးကြီးပါတယ်။
သတိကတော့ ပိုတယ်လို့ မရှိဘူးတဲ့။
သတိဆိုတာ အမှတ်ရမှုကတော့ မှတ်နေရတယ်။ ပိုပြီးတော့ မှတ်နေရတယ်လို့ မရှိပါဘူးတဲ့။ သူကတော့ဖြင့် လိုနေတာပဲ ရှိတယ်။
ဒါကြောင့် သတိကတော့ဖြင့် ပိုတယ် မရှိဘူး။
ပြည့်စုံသည်ထက် ပြည့်စုံအောင် အမှတ်တော့ဖြစ်ရင် ဖြစ်တိုင်း ဖြစ်တိုင်း အကုန်လုံး မှတ်နိုင်အောင် ကြိုးစားနေရမှာပဲ။
အဲဒီလို သဒ္ဓါနဲ့ ပညာ၊ ဝီရိယနဲ့ သမာဓိ။ အဲဒီ ဣနြေ္ဒတရားတွေ ညီမျှအောင်လို့ အားထုတ်ရမယ် တဲ့။
အယုတ်အလွန် ရှိနေတဲ့ အခါကာလမှာ ညီမျှအောင်လို့ ပြုပြင်ပေးရမယ်။
ဒါကတော့ ကိုယ့်ဟာကိုယ် မပြုပြင်နိုင်ရင် ကမ္မဋ္ဌာန်းတရားနဲ့ အားထုတ်နေတဲ့အခါတော့ ကမ္မဋ္ဌာန်းဆရာတွေက စဉ်းစားတယ်။
ဘာပြုလို့ မတက်ပါလိမ့်မတုန်း စဉ်းစားပြီးတော့ အဲဒါ လိုနေတာလေးတွေ၊ ဒီက ပြင်ပြင်ပြီးတော့ ပေးနေရတာကိုး။
ဝီရိယ နည်းနေတဲ့ ပုဂ္ဂိုလ်ကို ဝီရိယများအောင်လို့ တိုးပြီးတော့ အားထုတ်ခိုင်းရတယ်။
ဝီရိယ များနေတဲ့ ပုဂ္ဂိုလ်ဆိုရင်လဲ နည်းနည်းပါးပါး လျှော့ပြီး အားထုတ်ခိုင်းရတယ်။ ဒါက ရှားပါတယ်။
အဲ စူးစမ်း ဆင်ခြင်မှုတွေ များနေတဲ့ ပုဂ္ဂိုလ်ကို မဆင်ခြင်ဖို့နဲ့ မှတ်ရုံ မှတ်ဖို့၊ ဒါ ခဏ ခဏ ပြောရတယ်။ ဒါကတော့ အများဆုံး ပြောရတာပဲ။
စူးစမ်းဆင်ခြင်နေလို့ရှိရင် တရားမတက်ဘဲ နေလိမ့်မယ်။
ခဏ ခဏ ပြောရတယ်။
တချို့က မကြိုက်ဘူး။
ဆင်ခြင်တာလေးမှ မဆင်ခြင်ရဘူး။ မဆင်ခြင်ရဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး ဉာဏ်ဖြစ်မလဲ … သူက ဒီလိုကိုး။
သမ္မာသင်္ကပ္ပ – ကြံမှ စဉ်းစားမှ ဖြစ်မှာပေါ့ … တချို့က ဒီလို အောက်မေ့တာကိုး။ အဲဒီလို ဆင်ခြေတွေ တက်နေရင် တရားမတက်ဘူး။
ဒီပုဂ္ဂိုလ်တွေအဖို့က စူးစမ်း ဆင်ခြင်မှုတွေ များနေတာ။
သဒ္ဓါလွန်နေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်။
သဒ္ဓါလွန်တာကတော့ ဥဒယဗ္ဗယဉာဏ်တွေကျ လွန်နေတတ်တယ်။
ဥဒယဗ္ဗယဉာဏ်တွေ ရောက်တဲ့အခါ တရားတွေ ကောင်းပြီးတော့ သဒ္ဓါတရားတွေ ဖြစ်ပြီး၊ ဟိုဟာ လုပ်ချင် ဒီဟာ လုပ်ချင်။
တချို့ကလဲ ကမ္မဋ္ဌာန်းကျောင်းရောက်ကာစ တယ်မကြာသေးဘူး။ သဒ္ဓါတရားတွေက ဖြစ်လာတာ … တခါတည်း ဟိုဟာ ဒီဟာ လုပ်ချင်၊ ကုသိုလ်တွေ ထပ်လုပ်ချင်တာကိုး။
ကမ္မဋ္ဌာန်းကျောင်းနဲ့ စပ်ပြီး ဝေယျာဝစ္စတွေ ဆောင်ရွက်ချင်၊ ဟိုလူ့ အကျိုးဆောင်ချင်၊ ဒီလူ့အကျိုးဆောင်ချင်၊ ဟိုတရားဟောချင်၊ ဒီတရားဟောချင်။
အဲဒီလိုဟာတွေ သဒ္ဓါတရားတွေ များနေတာ ရှိတယ်။
အဲဒီလို ပုဂ္ဂိုလ်တွေကျရင် သဒ္ဓါတရား မများရအောင် မှတ်ခိုင်းရတယ်။ အဲဒါ ရှိပါတယ်။ မကြာ မကြာ … ကမ္မဋ္ဌာန်းဆရာတွေက ဒါလေးတွေ ညီမျှအောင်လို့ ပြုပြင်ပြီးတော့ ပေးနေရတယ်။
အဲဒါ ဣန္ဒြိယသမတ္တာပဋိကာရဏာ – ဣနြေ္ဒညီမျှအောင် ပြုခြင်းပဲ။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ‘ထိုတွင် စိတ်ညွတ်ပါ’။
‘ထိုတွင် စိတ်ညွတ်ပါ’ဆိုတာကလဲ အသိဉာဏ် ဖြစ်အောင်လို့၊ ဉာဏ်ပညာ ထက်မြက်အောင်လို့ ဖြစ်တိုင်း ဖြစ်တိုင်း တရားတွေ အဖြစ်အပျက်တွေ၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတွေ သိအောင်လို့ အားထုတ်မယ်လို့ နှလုံးသွင်းပြီးသကာလ ထားရတယ်။
ထိုင်ရင်း ရပ်ရင်း၊ နေရင်း ထိုင်ရင်း၊ သွားရင်း လာရင်း ဘယ်အချိန်မဆို အဲဒီ အသိဉာဏ်ဖြစ်စေမယ်လို့ နှလုံးသွင်းပြီးတော့ အားထုတ်နေရတယ်။
နောက် –
“ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင် နက်နဲရာ”တဲ့။
‘ဉာဏ်မဲ့ရှောင်ကြဉ်’က ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရမယ်။
‘ဉာဏ်ရှိယှဉ်’က ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲရမယ်။
‘ဆင်ခြင် နက်နဲရာ’ဆိုတာက နက်နဲတဲ့ တရားတွေမှာ ဖြစ်တဲ့ ဉာဏ်ပညာနဲ့ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ရမယ်လို့ ဒီလိုဆိုလိုတာကိုး။ အဲဒါတွေ အကုန်လုံးပါအောင်တော့ မတတ်နိုင်ဘူး။ ‘နက်နဲရာ’ဆို တော်ပါပြီ။ နက်နဲရာဖြစ်တဲ့ တရားတွေပဲတဲ့။ နက်နဲတဲ့ တရားတွေ ရှိတယ်။ ကဲ … ကဲ ဆိုစမ်းပါဦး။
“ဉာဏ်မဲ့ ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင် နက်နဲရာ”
ဉာဏ်မဲ့ပုဂ္ဂိုလ် ရှောင်ကြဉ်ရမယ်။ ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို ယှဉ်ရမယ်၊ မှီဝဲဆည်းကပ်ရမယ်။ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ရမယ်။
ဒီသုံးခုပါပဲ။
ခန္ဓာ၊ ဓာတ်၊ အာယတန၊ သစ္စာ .. ဒီတရားမျိုးတွေ မသက်ဝင်ဖူးတဲ့ဉာဏ်၊ မသက်ဝင်ဖူးသေးတဲ့ ပုဂ္ဂိုလ်ကို ပညာမဲ့ပုဂ္ဂိုလ် ဉာဏ်မဲ့ပုဂ္ဂိုလ်လို့ ပါဠိတော်မှာ ပြတယ်။
ဉာဏ်ရှိ ပညာရှိ ပုဂ္ဂိုလ်ကျတော့ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်လို့ ပြတယ်။
ခန္ဓာ အာယတန ဓာတ် အစစ်အမှန်တွေ၊ ရုပ်နာမ် အဖြစ်အပျက်တွေကို ကိုယ်ပိုင်ဉာဏ်ဖြင့် မသက်ဝင်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ ပညာမဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီပုဂ္ဂိုလ်တွေကို မမှီဝဲနဲ့တဲ့။
အဲဒီ ပုဂ္ဂိုလ်တွေဆီ သွားပြီးသကာလ ဆည်းကပ် မှီဝဲနေလို့ရှိရင် ခုန ဒီ.. တရားအားထုတ်ဖို့ မလိုပါဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို ပုဂ္ဂိုလ်တွေပဲ .. ဒီလိုဟာတွေ။ သူက အဲဒီသူတွေကို ယုံကြည်ပြီးသကာလ ဆည်းကပ်နေရင် ဒီဥဒယဗ္ဗယဉာဏ်မျိုးတွေ မဖြစ်ဘူး။ မရောက်နိုင်တော့ဘူး။
အဲဒါကြောင့် အဲဒီလို ဥဒယဗ္ဗယဉာဏ် မဖြစ်ဘူးတဲ့ ပုဂ္ဂိုလ်တွေကို မမှီဝဲ မဆည်းကပ်နဲ့တဲ့။
မလွှဲမကင်းသာလို့ မိတ်ဆွေအဖြစ် ပေါင်းသင်းတာကတော့ ဒါ … ကိစ္စမရှိပါဘူး။
ဆရာသမားအဖြစ်နဲ့ ပြောတာ။
သူက ဆရာသမားအဖြစ်နဲ့ အားကိုး အားထားပြုပြီးသကာလ သူ့ကို မှီဝဲ ဆည်းကပ် .. မလုပ်နဲ့တဲ့။
လုပ်လို့ရှိရင် ဥဒယဗ္ဗယဉာဏ်ရောက်အောင် အားမထုတ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ် တဲ့။
ပညာရှိ ပုဂ္ဂိုလ်ကို မှီဝဲရမယ်၊ ပေါင်းသင်းရမယ် တဲ့။
ပညာရှိပုဂ္ဂိုလ်ကလဲ ကျမ်းဂန်တတ် ကျမ်းပြု ထင်ရှားကျော်စောတဲ့ ပညာရှိ၊ ဒီလို မဟုတ်ပါဘူး။ သူ့ဟာက ဒီဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပြောတယ်။
ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို မှီဝဲပါတဲ့။ အဲဒါဆိုလို့ရှိရင် ယောဂီအချင်းချင်းပေမယ်လို့လဲ ဒါ ကျေးဇူး သိပ်များတယ်။
ဥဒယဗ္ဗယဉာဏ် သေသေချာချာ ဖြစ်ဖူးတဲ့ ယောဂီတွေနဲ့ အတူတူ ပူးပေါင်းနေရရင် သိပ်နေရာကျတာ။
ဥဒယဗ္ဗယဉာဏ်လောက် ဖြစ်ဖူးတဲ့ ယောဂီက တရားအားမထုတ်ဖူးသေးတဲ့ ယောဂီတွေကို အကူအညီတွေ အများကြီး ပေးနိုင်တယ်။
ယောဂီအသစ်တွေအတွက် အင်မတန် ကျေးဇူးများတယ်။ ယောဂီအသစ်မှာ ချွတ်ယွင်းချက်ကလေး ဘာလေးရှိရင် သူတို့က သတိပေးတတ်ပါတယ်။ သတိမပေးတောင်မှ သူမှတ်နေတာ အားထုတ်နေတာ မြင်ရတာနဲ့ကို အားကျပြီးတော့ တရားကို အားထုတ်သွားတတ်ပါတယ်။
ဆင်ခြင် နက်နဲရာ တဲ့။
နက်နဲတဲ့ တရားတွေကို ဆင်ခြင်ပါတဲ့။
နက်နဲတဲ့ တရားတွေ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ ဆိုတဲ့ တရားတွေကို ဆင်ခြင်ပါ။
အဲ ကိုယ်တတ်သမျှ ဆင်ခြင်ရမှာပေါ့လေ။
ဒါကတော့ မသိလို့ရှိရင်လဲ ခုနက အစက အတိုင်းပဲ မေးရမှာပေါ့။
မေးမြန်း ဆွေးနွေးကြည့်။
ကောင်းတာမှတ်တော့ ဘာသိတုန်း … မရှုလို့ရှိရင် ဘာဖြစ်တုန်း … မသိရင် ဘာဖြစ်တုန်း …
ဒါ သဘောမပေါက်လို့ရှိရင် မေးကြည့်ပေါ့။ စဉ်းစား ဆင်ခြင်ကြည့်ပေါ့။ ဆင်ခြင်ရာက သဘောကျပြီး တရားအားထုတ်တဲ့ အခါကာလမှာ ဓမ္မဝိစယသမ္ဗောဇ္ဈင်တွေ ဖြစ်လာမှာပေါ့။
အခု ၇-ပါး စုံသွားပြီ။
“မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင် စိတ်ညွတ်ပါ။
ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင် နက်နဲရာ။”
မေးမြန်းက တစ်ခု၊
သန့်စင်က တစ်ခု၊
ညီမျှယှဉ်က တစ်ခု၊
ထိုတွင် စိတ်ညွတ်ပါ .. ဒါက တစ်ခု၊ ၄-ခု။
ဉာဏ်မဲ့ရှောင်ကြဉ် .. ဒါက တစ်ခု၊
ဉာဏ်ရှိယှဉ်က တစ်ခု၊
ဆင်ခြင် နက်နဲရာက တစ်ခု၊ ၃-ခု။
အားလုံးပေါင်း ၇-ခု ရှိပြီ။
“ဉာဏ်ဖြစ်ကြောင်းများ၊ ခုနစ်ပါး၊ ညွှန်ကြား ဋ္ဌကထာ။”
ဉာဏ်ဖြစ်ပွားကြောင်း တရားအားလုံး ၇-ပါး။
အဋ္ဌကထာဆရာက ညွှန်ကြားပြီးတော့ ထားတယ်။
+++++
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဗောဇ္ဈင်တရားတော်”မှ