17 January 2008

သာသနာ့ အမွေ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် မိမိတို့မှာ သားယောက်ျားကလေး မွေးဖွားလာပါက သာသနာ့အမွေ ပေးရတော့မည်ဟု တွေး၍ အထူး ဝမ်းသာကြလေသည်။ သားယောက်ျားမရသော မိဖများကလည်း သူတပါး၏ သားများကို တောင်းယူ၍ ရှင်ပြုပေးကြလေသည်။ ဤသို့ သာသနာ့အမွေပေးခြင်းသည် မိမိတို့ဘဝ၌ အမြတ်ဆုံး ကုသိုလ်ကြီးကို ဆည်းပူးရခြင်းဖြစ်သည်ဟူသော ယုံကြည်စိတ်များရှိသောကြောင့် ဝမ်းသာကြခြင်း ဖြစ်လေသည်။

ဗုဒ္ဓကိုယ်တော်တိုင်ပင် သားတော်ရာဟုလာအား သာသနာ့အမွေကိုသာ ပေးခဲ့ပုံ ဝတ္ထု၊ သီရိဓမ္မာသောကမင်းကြီးကိုယ်တိုင် သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့အား သာသနာ့အမွေပေးခဲ့ပုံ ဝတ္ထုများသည် ဗုဒ္ဓဘာသာ မြန်မာမိဘတို့အား သာသနာ့အမွေ ပေးချင်စိတ်များ ဖြစ်ပေါ်လာအောင် ဆွဲဆောင်လျက် ရှိကြလေသည်။

မိမိ၏မိခင်ကြီးသည် အငယ်ဆုံးသားဖြစ်သည့် မိမိအား ရှင်ပြုပေးရန် အားခဲလျက် ရှိပါသည်။ ငွေကြေး အတန်အသင့် ပြည့်စုံလာသောအခါ မိမိအား ရှင်ပြုပေးရန် စီစဉ်ပါတော့သည်။ ထိုစဉ်က မိမိအသက် ခုနစ်နှစ်အရွယ်သာ ရှိပါသေး၏။ မိမိနှင့်အတူ ဝမ်းကွဲအစ်ကို ခြောက်ယောက်တို့လည်း ရှင်ပြုကြသောကြောင့် အားလုံး ရှင်ခုနစ်ပါး ရှိခဲ့ပါသည်။

ရှင်ပြုပွဲကို နွေဦးရာသီ တပေါင်းလ၌ မိမိဇာတိချက်မြှုပ်ဖြစ်သည့် မြောင်းမြခရိုင် ဒရယ်ပေါက်တိုက်နယ် အညာစုရွာကလေး၌ ကျင်းပပြုလုပ်ပါသည်။ ထိုအချိန်ကား လယ်များ ရိတ်သိမ်းပြီးဖြစ်၍ ရာသီဥတု သာသာယာယာရှိသည့် အချိန်ဖြစ်ပါသည်။

ရှင်ပြုပွဲမဏ္ဍပ်ကြီးကို ရွာအပြင် လယ်ကွက်ထဲ၌ ဆောက်လုပ်ကြ၏။ အလျားပေရှစ်ဆယ် အနံပေငါးဆယ် မဏ္ဍပ်ကြီးဖြစ်၍ အတော်ကျယ်ဝန်းပါသည်။ မဏ္ဍပ်ဆောက်ရာတွင် တောကျေးရွာများဓလေ့အတိုင်း ရွာထဲမှ လုပ်အားပေးသူများနှင့် ရှင်ပြုပွဲမတိုင်မီ တပတ်လောက် ကြိုတင်ပြီး ဆောက်ခဲ့ပါသည်။ လုပ်အားပေးသူများအား မယ်တော်ကြီးက ထမင်းကျွေးသည်။ ကွမ်း ဆေးလိပ် လက်ဖက်များ တည်ပေးသည်။ လုပ်အားပေးသူတို့သည် ပျော်ပျော်ပါးပါးဖြင့် ဝိုင်း၍ ဆောက်လုပ်ခဲ့ကြရာ ဓနိမိုး၊ ဝါးတိုင် ဝါးနှီးရာဇမတ်ကွက်များ ကာထားသည့် မဏ္ဍပ်ကြီးသည် ပွဲတော်ရက် မတိုင်မီမှာပင် ပြီးစီးခဲ့ပါသည်။

ကိုရင်လောင်းများသည် ရှင်ပြုမည့်ရက်ကို သတ်မှတ်ပြီးသည့် အချိန်မှ စ၍ သတိထားပြီး နေထိုင်ကြရ၏။ သစ်ပင်မြင့်မြင့်ပေါ်သို့ မတက်ကြရ။ မြစ်ချောင်းထဲမှာ သွားပြီး ရေမကူးရ။ ကြမ်းကြမ်းတမ်းတမ်း မကစားရ။ ဤသို့ ရှောင်ကြဉ်ရခြင်းမှာ မာရ်နတ်က ရှင်မဝတ်ဖြစ်အောင် အသက်အန္တရာယ် ပြုတတ် နှောင့်ယှက်တတ်သည်ဟု အယူရှိသောကြောင့် ဖြစ်ပါသည်။ ဤအယူအဆ မှန်သည် မမှန်သည်ကိုတော့ မသိပါ။ သို့သော်လည်း ကျမ်းဂန်များ၌ မာရ်နတ်နှောင့်ယှက်ပုံ အကြောင်းများကိုတော့ ဖတ်ရ၏။ တရားဟောရန် ဝေရဉ္ဇာပြည်သို့ ဘုရားရှင်ကြွတော်မူသောအခါဝယ် မြို့သူမြို့သားများ ဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းမလောင်းနိုင်အောင် မာရ်နတ်က နှောင့်ယှက်ထားလေသည်။

ထို့ပြင် ရှင်လောင်းများသည် သရဏဂုံသုံးပါးကို ပီပီသသ ရွတ်ဆိုနိုင်အောင်လည်း လေ့ကျင့်နေကြရ၏။ သရဏဂုံကို ပီပီသသ ရွတ်ဆိုနိုင်မှသာ ရှင်ဖြစ်နိုင်၍ သရဏဂုံ ပီပီသသ ရွတ်ဆိုနိုင်ရန် ဆရာတော်က ကြိုးစား သင်ပေး၏။ ပဋိသင်္ခါယောနိသော စသည့် ပစ္စဝက္ခနာ ပုတီးစိတ်ကိုလည်း ရအောင် ကျက်ကြရ၏။ မိမိအနေဖြင့် ဤသို့ ရှင်ပြုရန်အတွက် ပြင်ဆင်လေ့ကျင့်နေရသည်ကို ဘာမှ ဟုတ်တိပတ်တိ နားမလည်သော်လည်း အတော် စိတ်ဝင်စားခဲ့ပါသည်။ ငါတော့ ကိုရင်ဝတ်ရတော့မည်ဟု တွေးပြီးလည်း စိတ်တွေ လှုပ်ရှားနေမိ၏။ အလှူရက်ကို မြန်မြန်ရောက်ပါစေဟုလည်း ကြိတ်ပြီး ဆုတောင်းနေမိ၏။

မိမိ၏ မိခင်ကြီးနှင့် အစ်ကိုအစ်မများလည်း အလှူပွဲတော်အတွက် အတော် အလုပ်များနေကြပါသည်။ အကျွေးအမွေးအတွက် စားစရာ သောက်စရာများကို ဝယ်ယူ စုဆောင်းကြ၏။ အလှူ၌ ပဲဟင်းချို၊ ဝက်သားဆီပြန်ဟင်း၊ သရက်သီးသနပ်၊ ငါးပိကြော်စပ်စပ်နှင့် ကတက်ချဉ်အတို့ကို အားရပါးရ ကျွေးမည်ဟု ဆို၏။ ဤဟင်းများသည် အများကြိုက်သည့် ဟင်းများ ဖြစ်ကြပါသည်။ အလှူပွဲ၌ လက်ဆောင်ကမ်းရန် အရီးစောနု၏ ဆေးလိပ်တွေ တပုံတခေါင်းကြီး ဝယ်ထားသည်ကိုလည်း တွေ့ရ၏။ ကွမ်းကတော့ မိမိတို့ခြံထွက် ကွမ်းဖြစ်၏။

ရှင်ပြုပွဲတော်နေ့သို့ ရောက်ပါပြီ။ ထိုနေ့၌ အာကာတခွင် မိုးကောင်းကင်မှာ တိမ်တိုက်တွေ ကင်းစင် ကြည်လင်နေသဖြင့် သာသာယာယာ ရှိလှပါသည်။ ချက်ပြုတ်ရေး တာဝန်ယူထားသူများလည်း တညလုံး ချွေးတလုံးလုံးဖြင့် ချက်ကြပြုတ်ကြ၍ နံနက်ရောက်သောအခါ ထမင်းဟင်းများ အဆင်သင့် ဖြစ်နေပါပြီ။ နံနက်စောစော အိပ်ရာမှ ထကြ၍ မိမိ၏ အစ်မကြီးများက မိမိအား သနပ်ခါး လိမ်းပေးကြ၏။ အဝတ်အစား ဝတ်ဆင်ပေးကြ၏။ မိမိအစ်ကို ရှင်လောင်းများလည်း ရှင်လောင်းအဝတ်အစားများဖြင့် အတော်ကြည့်လို့ ကောင်းပါသည်။ ဘန်ကောက်လုံချည်၊ ပိုးလုံချည်၊ ရှပ်အင်္ကျီ၊ ပိတ်ခေါင်းပေါင်းများကို ဝတ်ဆင်ထားကြလေသည်။ မျက်နှာကိုမူ သနပ်ခါးရေကျဲ လူး၍ ပါးကွက်များ ထိုးထား၏။

မိဘများသည် မိမိတို့၏ သားရှင်လောင်းကို အလှပဆုံး အဝတ်အစားများ ဝတ်ဆင်ပေးလေ့ရှိကြပါ၏။ ပိုက်ဆံရှိသည့် မိဘများ၏ သားသမီးများဖြစ်လျှင် မကိုဋ်စလွယ် ဘောင်းတော်များဖြင့် မင်းသားပုံ ဝတ်ဆင်ကြရပါသည်။ ဘုရားလက်ထက်တော်က မင်းညီမင်းသားများ သင်္ကန်းဝတ်သည်ကို အတုယူပြီး မင်းသားများလို ဝတ်ဆင်ကြခြင်း ဖြစ်ပုံရပေသည်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် သိဒ္ဓတ္ထမင်းသားဘဝမှ ရဟန်းဝတ်ခဲ့သဖြင့် ဘုရားအလောင်းတော်ကို အတုယူ၍ ဝတ်ဆင်ပေးခြင်းလည်း ဖြစ်နိုင်ပေသည်။

နံနက်စောစောအချိန်မှာ မိမိတို့ရှင်လောင်းများကို နတ်ပြရန်အတွက် ရွာ၏အရှေ့ဘက် ဓနိတောအနီးရှိ နတ်ကွန်းစင်ရှိရာသို့ ခေါ်ဆောင်သွားကြပါသည်။ ဆရာဦးဘရင်က နတ်ကွန်းစင်ကို အမွှေးရည်ဖြင့် ပက်ဖျန်း၍ ပါးစပ်မှ တတွတ်တွတ်နှင့် တောင်းပန်ပြောဆိုကာ နတ်ပြမှု အစီအစဉ်ကို ပြုလုပ်ပါသည်။ ဤသို့ ပြုလုပ်ခြင်းသည် ရှင်ပြုပွဲကို ကွင်းပိုင်နယ်ပိုင်နတ်များ အနှောင့်အယှက် မပေးဘဲ စောင့်ရှောက်စေရန် ဖြစ်ပါသတဲ့။

နတ်ကိုးကွယ်မှုသည် ရှေးအကျဆုံး ဘာသာရေးကိုးကွယ်မှုတရပ် ဖြစ်လေသည်။ လူများသည် တောများ တောင်များ မြစ်များ နေလကြယ်တာရာ နက္ခတ်များကို ကိုးကွယ်ကြကြောင်း ဓမ္မပဒ၌ ဘုရားဟောထားတော်မူ၏။ မြန်မာနိုင်ငံ၌ ရှေးအခါမှ စ၍ ယခုခေတ်အထိ နတ်ကိုးကွယ်ပသသူများ အများအပြား ရှိနေပါသည်။ ပန်းပဲမောင်တင့်တယ်နတ်၊ ရွှေဖျင်းညီနောင်နတ် စသည့်နတ်များကို အထက်သားတွေ ကိုးကွယ်ကြ၍ အောက်သားများက ဦးရှင်ကြီးနတ်ကို ကိုးကွယ်ကြပါသည်။ ပြည်နယ်သားများလည်း သူတို့မိရိုးဖလာဆိုင်ရာ နတ်များကို ကိုးကွယ်ကြပါသည်။ ထိုသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ နတ်နှင့်ဗုဒ္ဓဘာသာကို တွဲပြီး ကိုးကွယ်ကြသဖြင့် သူတို့မှာ သရဏဂုံတည်နိုင်ပါမည်လောဟု စဉ်းစားစရာ ဖြစ်ပါတော့သည်။

နတ်ကို ဘုရားကဲ့သို့ ကိုးကွယ်လျှင် သရဏဂုံပျက်နိုင်ပါသည်။ သို့မဟုတ်ဘဲ အစောင့်အရှောက် အကူအညီရအောင် နတ်များအး ဗလိနတ်စာကျွေးမွေးခြင်းကား သရဏဂုံ မပျက်စေပါ။ ကျမ်းဂန်များ၌ နတ်များအား ဗလိနတ်စာကျွေးမွေး၍ နတ်များကို စောင့်ရှောက်သူတို့အား နတ်များက ပြန်လည် စောင့်ရှောက်ကြသည်ဟု ဘုရားဟောထားပေသည်။

ရှင်လောင်းများကို လှည်းယာဉ်များဖြင့် ရှင်လောင်းလှည့်ဖို့ စီစဉ်ထားပါသည်။ နှစ်မိုင်လောက်ဝေးသည့် ဒရယ်ပေါက်ရွာကျောင်းအထိ ရှင်လောင်းလှည့်မည် ဖြစ်ပါသည်။ နံနက် ၉-နာရီအချိန်၌ ရှင်လောင်း ခုနစ်ပါးသည် ရွှေထီးမိုးပေးသူများနှင့်အတူ ပြင်ဆင်ထားသည့် လှည်းများပေါ်၌ စီးကြ၍ လူထုပရိသတ်က လှည်းယာဉ်များနောက်မှ တန်းစီပြီးလိုက်ကာ ဒရယ်ပေါက်ရွာကျောင်းသို့ ရှင်လောင်းလှည့်ထွက်ခဲ့ပါသည်။ ရှင်လောင်း၏ မိဘဆွေမျိုးများက သင်္ကန်းပရိက္ခရာများကို လင်ဗန်း၊ မောင်းထောင်ခွက်များ၌ ထည့်၍ သယ်ဆောင်ကြရ၏။ လမ်းမှာ ရွှဲတိုက်သူ ဦးဘအေးက အသံဝါကြီးဖြင့် ရွှဲတိုက်စာကို တိုင်ပေး၍ ပရိသတ်က “ရွှဲ .. ရွှဲ”ဟု ဆိုကာ လိုက်ပါလာကြပါသည်။

ရှင်လောင်းလှည့်လာသူများ ဒရယ်ပေါက်ကျောင်းထဲသို့ ရောက်သောအခါ ကျောင်းသားကြီးများက ရှင်လောင်းများကို ကျောင်းအတက်လှေခါး၌ ကြိုးဖြင့် ဆီးတားထားကြ၍ သူတို့အား စီးကရက်ဗူးလက်ဆောင်ပေးမှ တက်ခွင့်ပြုမည် ပြောပါသည်။ အလှူတကာများက စီးကရက်ဗူးများကို ပေးလိုက်မှပင် ကြိုးကို ရုပ်သိမ်းပေးပါသည်။ ဤလက်ဆောင်ကို ကျောင်းသား ကိုရင်အားလုံး ဝေယူကြပြီး သူတို့သည် အလှူပွဲ၌ စီးကရက်ကို ဂုဏ်ယူ သောက်ကာ ပျော်ရွှင်နေကြပါသည်။ ထို့နောက် ရှင်လောင်းများသည် ဆရာတော်ကြီးအား ကန်တော့ကြ၏။ ဆရာတော်ကြီး ဆုပေးပြီးသောအခါ ပရိသတ်အားလုံး အလှူမဏ္ဍပ်ရှိရာ အညာစုရွာကလေးသို့ လာလမ်းအတိုင်းပင် ရွှဲတိုက်၍ ပျော်ပျော်ပါးပါးကြီး ပြန်လာခဲ့ကြပါတော့သည်။

၁၁-နာရီအချိန်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြ၏။ ပရိသတ်များကိုလည်း ကျွေးမွေးဧည့်ခံပါသည်။ တစ်နာရီအချိန်တွင် ရှင်လောင်းများအား အညာထုံးစံအတိုင်း အဘိသိက်မင်္ဂလာ အခမ်းအနားကို စတင် ပြုလုပ်၏။ ဘိသိက်ဆရာ ဦးငွေရွှင်သည် အဘိသိက်မြောက် မင်္ဂလာအခမ်းအနား၌ ရှင်သာမဏေတို့၏ မိခင်ဖခင်များအကြောင်းကို စာတိုပေစများ ရွတ်ကာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆိုသောအခါ မိမိ၏ မိခင်ကြီးသည် မိမိတစ်နှစ်သားအရွယ်၌ ကွယ်လွန်သွားခဲ့သူ ဖခင်ကြီးကို သတိရ၍ မျက်ရည်တွေ ယိုစီးကျလာပါတော့၏။ ရှင်လောင်းများအား ထမင်းခွံ့မင်္ဂလာ ပြုသောအခါမှာလည်း ရှင်လောင်းအားလုံး ဝမ်းနည်းစိတ်တွေဖြစ်လာကာ ငိုကြလေသည်။

အဘိသိက်အခမ်းအနား ပြီးဆုံးသောအခါ၌ ဒရယ်ပေါက်ဆရာတော်ကြီးက ရှင်ပြုတရားဟောကြား၍ ရေစက်ချ အမျှပေးဝေပါသည်။ ထို့နောက် ရှင်လောင်းများအား ဆံချ၍ သင်္ကန်းဝတ်ပေးပါသည်။ သင်္ကန်းဝတ်ပြီးသောအခါ ဆရာတော်ကြီးက ကိုရင်များအား နေ့နံအလိုက် ဘွဲ့နာမည်များ ပေး၏။ ဆရာတော်ကြီးက မိမိအား ‘အရှင်ဣန္ဒက’ဟု ဘွဲ့နာမည်ပေး၏။ ဆရာတော်က ဒီဘွဲ့ဟာ နိုင်ငံကျော် ဓမ္မကထိက ကျိုက်ဝိုင်းဆရာတော်ရဲ့ဘွဲ့ဟု ပြောသဖြင့် မိမိလည်း ဤဘွဲ့ကို အတော် သဘောကျသွား၏။ ယနေ့ကား မိမိဘဝ၌ ဖန်ဝါသင်္ကန်းကို ဆင်မြန်း၍ သာသနာ့အမွေ ခံယူရသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ မယ်တော်ကြီးဦးဆောင်၍ ပြုလုပ်လှူဒါန်းသော ဤရှင်ပြုပွဲတော်ကြီးသည် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါသတည်း။

ရှင်ဣန္ဒက

“သားရှင်ပြုပွဲ”

သားတော်မောင် ရှင်ပြုပွဲ

အားခဲလို့ လှူမည်။

မဏ္ဍပ်ကနားရယ်နဲ့

များပြားစွာ ဆွေဉာမိတ်တို့ကို

ဖိတ်လို့စုံညီ။

ထမင်းရည်

လှူမည်ကွဲ့ ချောင်းစီး။

သာသနာအမွေပေး

မွေးမေ့လှူကြီး။

(အရှင်ဣန္ဒက ၏ “ဒေသန္တရ ဘဝခရီးအတွေ့အကြုံများ” မှ – စာ ၁၆၀-၁၆၇)

Leave a Reply