အေဘီဘီအေဥက္ကဌကြီး ဦးဟန်ကြူ
ဦးဟန်ကြူနဲ့ စသိခြင်း
အေဘီဘီအေအသင်း ဥက္ကဌကြီး ဦးဟန်ကြူအကြောင်းကို တစေ့တစောင်း ပြောပြပါရစေ။
မိမိဟာ ဦးဟန်ကြူနဲ့ ၁၉၈၃-ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့မှ စတင် သိရှိခဲ့ပါတယ်။ သိပုံကတော့ ဒီလိုပါ။ နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ ပထမဆုံး ဝါဆိုပွဲတော်ကို အဲဒီနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်ကို ကြွရောက်ရန် မိမိအား ဘုန်းကြီးဦးကေလာသမှတဆင့် ပင့်ဖိတ်ခဲ့ပါတယ်။ နယူးယောက် ပင်ဆဲလ်ဗေးနီးယားဘူတာရုံကို ရောက်တဲ့အခါ ဘူတာမှာ အသင့်စောင့်ကြိုနေကြတဲ့ ဦးဟန်ကြူနဲ့ ဦးအောင်ထွန်း(စာရင်းကိုင်)တို့ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ တွေ့ရလို့ ဘာမှ အခက်အခဲ မရှိခဲ့ပါဘူး။ မိမိကို တွေ့တွေ့ချင်းပဲ ဦးဟန်ကြူက
“ဒါမှ တို့ဘုန်းကြီး”လို့ ဖော်ဖော်ရွေရွေ နှုတ်ဆက်ပြီး မိမိရဲ့ လက်ဆွဲအိတ်ကို ယူခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ဆက်ပုံကို ကြည့်ပြီး စိတ်ထဲက “ငါတော့ ဒီမြို့မှာ ကျောင်းထိုင်ရမယ့် အတိတ်ပဲ ထင်တယ်”လို့ နိမိတ်ဖတ်မိခဲ့ပါတယ်။ ဦးဟန်ကြူနဲ့ ဦးအောင်ထွန်းတို့က မိမိအား ပင့်လာပြီး မင်ဟတ်တန် တရုတ်တန်း ဘရုမ်းလမ်းပေါ်မှာ ရှိတဲ့ ဦးဟန်ကြူရဲ့ ပဲပြားစက်ရုံ ရုံးခန်းအပေါ်မှာ နေရာချထားပေးခဲ့ပါတယ်။
ပထမဆုံး မြန်မာဗုဒ္ဓဘာသာအသင်း
အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)ဟာ နယူးယောက်မြို့မှာ ပထမဆုံး မြန်မာဗုဒ္ဓဘာသာအသင်းဖြစ်ပြီး ဦးဟန်ကြူဟာ အသင်းရဲ့ ပထမဆုံး ဥက္ကဌ ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလဲရှိ၊ သဒ္ဓါတရားလဲရှိ၊ အပေါင်းအသင်းလဲ ဆန့်သူ ဖြစ်လို့ အသင်းတည်ထောင်တဲ့အခါ အများက သူ့ကို ဥက္ကဌနေရာမှာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ဦးဟန်ကြူဟာ အသင်းကိစ္စများမှာ ငွေအားဒါန၊ လုပ်အားဒါနတွေကို အများဆုံး ပေးလှူခဲ့သူပါ။ သံဃာတော်များအား ကားမောင်းပို့ပေးတဲ့ ယာဉ်အလှူဒါနကို အသက်ထက်ဆုံး ပြုလုပ်ခဲ့သူလဲ ဖြစ်ပါတယ်။
ကျောင်းမဖြစ်ပေါ်ခင်ကလဲ သူ့ရဲ့အလုပ်ရုံ ရုံးခန်းကို ယာယီကျောင်းအဖြစ် လှူထားလို့ နယူးယောက်ကို ကြွလာကြတဲ့ သံဃာတော်များ ချမ်းသာစွာ သီတင်းသုံးခဲ့ကြရပါတယ်။ လက်ရှိလေးထပ်ကျောင်းဆောင်ကိုလဲ အသင်းရဲ့ လောကချမ်းသာဘုရားကျောင်းအဖြစ် လှူဒါန်းခဲ့ပါတယ်။ မြန်မာပြည်ပြန်ပြီး စက်ရေတွင်းတွေ လှူခဲ့တာ၊ ဆေးရုံသုံးပစ္စည်းတွေ လှူခဲ့တာလဲ မနည်းပါဘူး။
ရဟန်းတော်များအပေါ် ထားတဲ့ စေတနာ
၁၉၈၆-ခုနှစ်က အဆောက်အဦမှာ နေထိုင်ခွင့်အခက်အခဲရှိလို့ ဘုရားကျောင်းကို ခေတ္တပိတ်ထားရတဲ့အခါ မိမိနဲ့ဦးပညောဘာသ ဘုန်းကြီးနှစ်ပါးကို ကွင်းစ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ပင့်ထားပြီး သူတို့ဇနီးမောင်နှံအိပ်ခန်းမှာ ထားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ ဧည့်ခန်းဆိုဖာပေါ်မှာ ဖြစ်သလို အိပ်ခဲ့ကြတယ်။ အဲဒီမှာ ဝါတွင်းသုံးလနီးပါး ကြာခဲ့ပါတယ်။ ဒီလို ရဟန်းတော်တွေအပေါ်မှာ ကူညီခဲ့ပုံကို ကြည့်ရင် ဦးဟန်ကြူရဲ့ သာသနာအပေါ်မှာထားတဲ့ စေတနာကို သိနိုင်ပါတယ်။ အထူးအားဖြင့် မိမိအနေနဲ့ ဒီကျေးဇူးတရားကို မေ့မရနိုင်ခဲ့ပါ။
မဟာစည်သြဝါဒခံအသင်း
အေဘီဘီအေအသင်းဟာ မဟာစည်သြဝါဒခံအသင်း ဖြစ်ပါတယ်။ ၁၉၇၉-ခုနှစ်မှာ မဟာစည်ဆရာတော်ဘုရားကြီး တရားဟောကြွလာတုန်းက ဦးဟန်ကြူနဲ့အတူ ဒကာဒကာမတွေကို ကျောင်းတကျောင်းဖြစ်အောင် ကြိုးစားကြရင် အမျိုး ဘာသာ သာသနာတော်အတွက် အကျိုးများနိုင်ကြောင်း အမိန့်ရှိသဖြင့် ဒီအသင်းကို စတင် တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အသင်းဖြစ်မြောက်ရေးမှာ ဝါရှင်တန်ဆရာတော် အရှင်ကေလာသအနေနဲ့ အနီးကပ် ကူညီလမ်းညွှန်ပေးခဲ့တာကြောင့် အသင်းပီပီပြင်ပြင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ အသင်းရဲ့ သြဝါဒါစရိယဆရာတော် အရှင်ကေလာသဟာ ၁၉၉၆-ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့မှာ ဘဝနတ်ထံ စံလွန်တော်မူခဲ့ပါတယ်။
စည်းမျဉ်းကို လေးစားသူ
ဦးဟန်ကြူဟာ အသင်းရဲ့ စည်းမျဉ်းဥပဒေကို လေးစားလိုက်နာသူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ ခံယူချက်က ရှင်းပါတယ်။ “ဒီအသင်းဟာ မဟာစည်နဲ့ စထားတဲ့ အသင်းဖြစ်လို့ မဟာစည်သြဝါဒခံပြီး သာသနာပြုအလုပ်တွေ လုပ်သွားရမှာ ဖြစ်တယ်”လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ အသင်းရဲ့ စည်းမျဉ်းဥပဒေမှာ ရေးထားတဲ့အတိုင်း အသင်းကျောင်းမှာ မဟာစည်ရိပ်သာကြီးမှ ကမ္မဋ္ဌာန်းပြ ဆရာတော်နှစ်ပါးနဲ့ ကပ္ပိယတယောက်ကို ပင့်ထားရမယ်ဆိုတဲ့ စည်းကမ်းအရ ဒီဘုရားကျောင်းမှာ အမြဲသီတင်းသုံးတဲ့ ကျောင်းထိုင်ဆရာတော်ဟာ မဟာစည်ရိပ်သာကြီးမှ ပင့်ထားတဲ့ဆရာတော်သာ ဖြစ်ရမှာ ဖြစ်တယ်ဆိုတဲ့ မူကို သူအမြဲ လက်ကိုင်ထားခဲ့ပါတယ်။ ဒီမူကို သံဃာတော်များနဲ့ အမှုဆောင်များအနေဖြင့် ဆက်လက် ကျင့်သုံးသွားကြရမှာ ဖြစ်ပါတယ်။
စီးပွားရေးအမြင်
ဦးဟန်ကြူဟာ ခေတ်ပညာတတ်တယောက်မဟုတ်ပေမယ့် စီးပွားရေးအမြင်ရှိသူတဦး ဖြစ်ပါတယ်။ အလုပ်တခုကို စွဲစွဲမြဲမြဲ လုပ်တတ်ပါတယ်။ လုပ်တဲ့အလုပ်ကိုလဲ လေးလေးစားစားနဲ့ ကျွမ်းကျင်အောင် လေ့လာပါတယ်။ ဒါဟာ ကြီးပွားခြင်းရဲ့ လက္ခဏာတရပ်ပါ။ ရန်ကုန်မြို့ တောင်ဥက္ကလာပမှာ ဒန်အိုးစက်ရုံဖွင့်ပြီး စီးပွားရေးလုပ်ခဲ့တာလဲ အောင်မြင်ခဲ့ပါတယ်။ နယူးယောက်ကို ပြောင်းရွှေ့လာတဲ့အခါ ပဲပြားလုပ်ငန်းကို ကျွမ်းကျင်အောင် သင်ပြီး ပဲပြားစက်ရုံဖွင့် လုပ်ခဲ့တာ သူ့ရဲ့ဘဝနောက်ဆုံးရက်အထိပင် ဖြစ်ပါတယ်။ အလုပ်တခုကို စွဲစွဲမြဲမြဲလုပ်လို့ နယူးယောက်မြို့စီးပွားရေးလောကမှာ မန္တလေးတို့ဖူးအလုပ်ပိုင်ရှင်အနေဖြင့် နာမည် ထင်ရှားသူတဦး ဖြစ်ခဲ့ပါတယ်။
ဦးဟန်ကြူရဲ့ ဖီလိုဆိုဖီ
ဘဝအောင်မြင်မှုနဲ့ပတ်သက်ပြီး ဦးဟန်ကြူရဲ့ ဘဝအတွေ့အကြုံ ဖီလိုဆိုဖီမှာ “ကြီးပွားချင်ရင် ငွေနောက်ကို မလိုက်နဲ့၊ အလုပ်နောက်ကိုသာ လိုက်ပါ။ အလုပ်ကို ကြိုးစားလုပ်၊ ဇွဲရှိရှိနဲ့ စွဲစွဲမြဲမြဲလုပ်၊ ငွေကို လက်ဖျောက်တီး ခေါ်လို့ ရတယ်။ အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ ငွေနောက်လိုက်နေရင်တော့ မောရုံပဲ ရှိမယ်”လို့ အကြံပေး ပြောလေ့ရှိပါတယ်။ မှန်ပါတယ်။ အများအားဖြင့် လူတွေဟာ အလုပ်ကို မယ်မယ်ရရ မလုပ်ချင်ကြ၊ ငွေနောက်ကိုသာ ငန်းငန်းတက် လိုက်နေတတ်ကြတယ်။ ဒါကြောင့် အိမ်တဆောင် မီးတပြောင်နဲ့ မနေကြရသူတွေ များနေကြတာပဲ။
ကြီးပွားချမ်းသာကြောင်းတရား လေးပါး
၁။ စီးပွားဥစ္စာ၊ ကြိုးစားရှာ၊ မှန်စွာ ကြီးပွားမည်။
၂။ ကောင်းစွာသိမ်းဆည်း၊ ထိုပစ္စည်း၊ အပြီး ချမ်းသာမည်။
၃။ ဝင်ငွေထွက်ငွေ၊ မျှတစေ၊ မသွေ ကြီးပွားမည်။
၎။ မိတ်ဆွေကောင်းရှာ၊ ပေါင်းသင်းပါ၊ ကောင်းစွာ ကြီးပွားမည်။
(သမ္ပဒါသုတ်၊ အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်)
မြတ်စွာဘုရားရှင်ရဲ့ ကြီးပွားကြောင်းတရား လေးပါးကို ကျင့်သုံးလိုက်နာသူများ ကြီးပွားချမ်းသာကြမှာ အမှန်ပါ။
နောက်ဆုံးခရီး
ဦးဟန်ကြူဟာ မိမိနဲ့အတူ ၂၀၀၆-ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့မှာ ဘုရားထီးတော်ပင့်ရန်ကိစ္စနဲ့ ရန်ကုန်ကို ပြန်ခဲ့ပါတယ်။ ဒီခရီးဟာ သူ့ရဲ့ နောက်ဆုံး ခရီးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရားကိစ္စ၊ အသင်းကိစ္စဖြစ်လို့ ကောင်းတဲ့ခရီးပါ။ ဘုရားထီးကိစ္စ၊ ခြင်္သေ့များ မှာယူတဲ့ကိစ္စများကို အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပစ္စည်းကောင်းလဲရ၊ ဈေးလဲသက်သာအောင် မန္တလေးကို သူ့စရိတ်ဖြင့် အကုန်အကျခံ အပင်ပန်းခံသွားကာ စကျင်ကျောက်နဲ့ ထုလုပ်တဲ့ ခြင်္သေ့ရုပ်များကို မှာယူ စီစဉ်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ ပြန်လာတဲ့အခါ လေဆိပ်မှာ ပေါင်တရာ့လေးဆယ်လေးတဲ့ ထီးတော်ပက်ကင်ထုပ်ကြီးကို လက်တွန်းလှည်းပေါ် မ,တင်တာကို တွေ့ရတော့ သူ့ကျန်းမာရေးကောင်းပုံကို ချီးကြူးမိခဲ့ပါတယ်။ ဒီလုပ်အားဒါနကုသိုလ်၊ ငွေအားဒါနကုသိုလ်တွေကတော့ သူဖြစ်လေရာ ဘဝသံသရာတလျောက်မှာ သူ့နောက်လိုက်ပြီး မိတ်ဆွေပမာ ကူညီ အကျိုးပေးနေမှာ အမှန်ပါပဲ။
ကုသိုလ်ရှင်ဟာ ထောပတ်ဆီနဲ့တူ
ဘုရားရှင်လက်ထက်တော်မှာ မဟာနာမ်သာကီဝင်မင်းက မြတ်စွာဘုရားအား ဘဝလားရာဂတိနဲ့ ပတ်သက်ပြီး လျှောက်ထားမေးမြန်းခဲ့ပါတယ်။
“မြတ်စွာဘုရား၊ အခြားအချိန်မှာ တပည့်တော်ဟာ ရတနာသုံးပါး ဂုဏ်ကျေးဇူးများကို အမှတ်ရပါတယ်။ ဘုရားကျောင်းတော်မှအပြန် သာဝတ္ထိမြို့ကြီးထဲမှာ ယာဉ်သွားလာမှုတွေများလို့ ရတနာသုံးပါးဂုဏ်ကို အောက်မေ့ဖို့ သတိလွတ်နေပါတယ်။ အဲဒီလို အချိန်မျိုးမှာ ယာဉ်တိုက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ရင် အပါယ်ကျသွားနိုင်ပါသလား ဘုရား”လို့ လျှောက်ထား မေးမြန်းပါတယ်။
မြတ်စွာဘုရားရှင်က “ပင်လယ်ထဲမှာ သင်္ဘောပျက်တဲ့အခါ ထောပတ်အိုးကြီး ကွဲသွားရင် အိုးကွဲတွေကသာ နစ်မြုတ်သွားပြီး၊ ထောပတ်ဆီတွေကတော့ ရေပေါ်မှာ ပေါ်နေသလိုပဲ ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်များဟာ ရုတ်တရက် သေသွားသော်လဲ ငရဲမှာ မနစ်မြုတ်ဘဲ အထက်နတ်ပြည်ကို ရောက်ကြရတယ်”လို့ အမိန့်ရှိတော်မူပါတယ်။ ဒါကြောင့် ကုသိုလ်ရှင်တဦးဖြစ်တဲ့ ဦးဟန်ကြူရဲ့ လားရာဂတိကတော့ ထောပတ်ဆီလိုဖြစ်မှာပါ။ မိမိတို့လဲ ထောပတ်ဆီလိုဖြစ်အောင် အသက်ရှင်တုန်းမှာ ကုသိုလ်ကောင်းမှုတွေ ကြိုးစားပြုဖို့ မမေ့သင့်ကြပါ။
“ပုညာနိ ပရလောကသွိံ ပတိဋ္ဌာ ဟောန္တိ ပါဏီနံ”
“ကုသိုလ်ကောင်းမှုများသည် နောက်ဘဝမှာ သတွာတို့၏ အားကိုးရာအစစ် ဖြစ်ကုန်၏”
(ဓမ္မပဒ)
စိတ်ထားနှင့် အရည်အချင်း
၁၉၈၀-ခုနှစ် နောက်ပိုင်း၌ နယူးယောက်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာတဲ့ မြန်မာအများအပြားဟာ ဦးဟန်ကြူရဲ့ ကျေးဇူးနဲ့ မကင်းကြပါ။ ဒီအကြောင်းကို သူနဲ့ ရင်းနှီးသူတိုင်း သိကြပါတယ်။ ဦးဟန်ကြူထံမှာ အလုပ်သွားတောင်းရင်ပဲဖြစ်ဖြစ် အကူအညီတောင်းရင်ပဲဖြစ်ဖြစ်၊ ဘယ်တော့မှ ‘နိုး’ မပြောပါ။ အမြဲတမ်း ‘ရက်စ်’ပါပဲ။ ဒါကြောင့် မိမိက သူ့ကို “မစ္စတာရက်စ်မင်းန်”လို့ နောက်လေ့ရှိတယ်။ အကူအညီလိုအပ်သူတွေအတွက် စားဝတ်နေရေး ခေတ္တအဆင်ပြေအောင် ဦးဟန်ကြူဟာ အလုပ်ပေးထားပြီး ကူညီလေ့ရှိပါတယ်။ နှစ်အတော်ကြာကြာ လုပ်ပြီး နောက်အခြားအလုပ်တခုခုကို ရမှသာ ပြောင်းရွှေ့သွားတတ်ကြပါတယ်။ ဘဝရပ်တည်မှု အခြေမကျသေးခင်မှာ ဒီလိုအကူအညီရရှိခြင်းရဲ့ အရေးကြီးမှုကို ပြည်ပမှာ အလုပ်အခက်အခဲတွေ့သူတိုင်း သိကြပါတယ်။ လူတိုင်းကို ရာနှုန်းပြည့် ကြိုက်အောင်တော့ မည်သူမှ မလုပ်နိုင်ပါ။ ဦးဟန်ကြူအနေနဲ့ အများကို ကူညီတတ်သူဖြစ်သော်လဲ လူအချို့ရဲ့ ကဲ့ရဲ့မှုကတော့ မလွတ်ရှာပါ။ ဒါပေမယ့် ကဲ့ရဲ့သူတွေအပေါ် ဒေါသမထားဘဲ သည်းခံနေတတ်တယ်။ ပတ်ဝန်းကျင်အပေါ် သည်းခံမှု၊ အလုပ်အကိုင်အပေါ်မှာ သည်းခံမှုကတော့ ဦးဟန်ကြူရဲ့ ထူးခြားတဲ့ အရည်အချင်းလို့ ဆိုရမှာပါ။
ဦးဟန်ကြူရဲ့ ကျန်းမာရေး
ဦးဟန်ကြူဟာ ကျန်းမာရေးကို ဂရုစိုက်သူတဦး ဖြစ်ပါတယ်။ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်အတိုင်း နံနက်စောစော ထပြီး ထိုင်ထ ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်ပါတယ်။ နံနက်စာစားတဲ့အခါမှာ ငှက်ပျောသီးမှည့်တလုံးကို အရင်စားပြီးမှ အခြားအစာများကို ဆက်စားလေ့ရှိပါတယ်။ ဒီလို ငှက်ပျောသီးမှည့်ကို စားတာဟာ ဝမ်းမှန်စေတယ်လို့ မိမိကို ပြောပြဖူးပါတယ်။ မိမိကိုယ်တိုင် ဝမ်းချုပ်တတ်သူတဦးဖြစ်လို့ သူ့နည်းအတိုင်း ငှက်ပျောသီးကို မှန်မှန်စားတဲ့အခါ ဝမ်းလွယ်လွယ်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် ယခုအခါ ငှက်ပျောသီးမှည့်တလုံးကို နေ့စဉ် နံနက်တိုင်း စားနေပါတယ်။ ဒီအတွက် ဦးဟန်ကြူကို ကျေးဇူးတင်လို့ မဆုံးခဲ့ပါ။
ခုနစ်ဆယ့်သုံးနှစ်အရွယ်မှာ ခါးလဲမကုန်း၊ အလေးအပင်များကိုလဲ ကောင်းကောင်း မ,နိုင်၊ မျက်စိလဲ မမှုန်၊ ကားလဲ မောင်းနိုင်သူဖြစ်လို့ ဦးဟန်ကြူ ကျန်းမာရေးကောင်းတာကို လူအများက ချီးကြူးနေကြပါတယ်။ ခုလို ရုတ်တရက် ပျက်စီးသွားတာ ကြားရတော့ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် “လှံထမ်းလာတာ မြင်ရသော်လည်း ကံထမ်းလာတာကို မမြင်ရ”ဆိုတဲ့ မြန်မာစကားအတိုင်း သူ့ကံအကြောင်းကြောင့်ပဲလို့သာ တွေးပြီး ဖြေသိမ့်ကြရပါတယ်။ ဦးဟန်ကြူဟာ ကုသိုလ်ရှင်တဦးဖြစ်လို့ မြေအိုးနဲ့တူတဲ့ လူ့ဘဝကို စွန့်ပြီး ရွှေအိုးနဲ့တူတဲ့ နတ်ဘဝကို ရရှိသွားမှာပါလို့လဲ ဗုဒ္ဓရဲ့ ကံတရားတော်နဲ့ ဖြေရမှာပါ။ ဖေဖော်ဝါရီလ (၁၄)ရက် (St. Valentine’s Day) နေ့မှာ သူကွယ်လွန်ခဲ့တာလဲ အမှတ်တရနေ့ ဖြစ်ပါတယ်။
အရှင်ဣန္ဒက
၁၁-မတ်-၂၀၀၇
(ဦးဟန်ကြူ ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကပ်လှူပွဲတွင် ဖြန့်ဝေသော လက်ကမ်းစာစောင်-မှ)