စိတ္တနိယာမ
“စိတ်တို့၏ အစဉ်အတန်းကို စိတ်ဝီထိ၊ ရုပ်တို့၏ အစဉ်အတန်းကို ရုပ်ဝီထိ ဟူ၍ သာသနာတော်ဝယ် အတော် ထင်ရှား, အသုံးများသော သိဖွယ်တစ်ရပ် ရှိ၏။
ထိုဝီထိကို နားမလည်လျှင် များစွာသော ပါဠိတော် အဋ္ဌကထာဝယ် (အထူးအားဖြင့် ပဋ္ဌာန်းဆိုင်ရာဝယ်) ယောင်လည်လည် ဖြစ်ကြရသည်။
ဝိပဿနာကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်သော ယောဂီပုဂ္ဂိုလ်များအတွက် အနိစ္စ, ဒုက္ခ, အနတ္တ ထင်မြင်နိုင်ဖို့ အချက်မှာ ဤဝီထိများသာလျှင် အသက်ပမာ ဖြစ်၏။
ထို့ကြောင့် သာသနာတော်၏ နှလုံးသည်းပွတ်ပမာ လွန်စွာ အရေးကြီးသော ဝီထိ၏ အကြောင်းအရာကို ကောင်းစွာ နားလည်ထိုက်ကြပေသည်။”
(တောင်မြို့ဆရာတော် အရှင်ဇနာကာဘိဝံသ၏ ‘ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ’ နိဒါန်း မှ)
+++++
စိတ္တနိယာမ
‘စိတ္တနိယာမ’ဆိုသည်ကား အဆင်း, အသံ အစရှိသော အာရုံတို့သည် မျက်စိ, နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည်ရှိသော် စီမံ ဖန်ဆင်းသူ မရှိကြပါကုန်ဘဲလျက် ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိန်း, သန္တီရဏ အစရှိကုန်သော ဝီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်ခြင်း မြဲကြသည်ကို ဆိုသတည်း။
စိတ်အမျိုးမျိုး
(က) မြင်စိတ်မျိုး
(ခ) ကြားစိတ်မျိုး
(ဂ) နံစိတ်မျိုး
(ဃ) လျက်စိတ်မျိုး
(င) တွေ့စိတ်မျိုး
(စ) ကြံစိတ်မျိုး,သိစိတ်မျိုး ဟူ၍ ဤကိုယ်၌ စိတ်ခြောက်မျိုး ရှိ၏။
ထိုတွင် –
– မျက်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် မြင်စိတ် မည်၏။
– နားတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် ကြားစိတ် မည်၏။
– နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် နံစိတ် မည်၏။
– လျှာအပြင်မှာ ဖြစ်ပေါ်သော စိတ်သည် လျက်စိတ် မည်၏။ အချို အချဉ်စသော ရသာရုံတို့ကို ချိုမှန်း ချဉ်မှန်း စသည်ဖြင့် သိမှုကို လျက်စိတ် ခေါ်သည်။
– တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် တွေ့စိတ် မည်၏။
– နှလုံးအိမ်တွင်း၌ ဖြစ်ပေါ်သော စိတ်သည် ကြံစိတ်, သိစိတ် မည်၏။
ထိုစိတ်တို့၏ အာရုံတရားတို့သည်လည်း ခြောက်မျိုး ရှိကုန်၏။
(၁) အဆင်းအာရုံတစ်မျိုး
(၂) အသံအာရုံတစ်မျိုး
(၃) အနံ့အာရုံတစ်မျိုး
(၄) အရသာအာရုံတစ်မျိုး
(၅) ကိုယ်၌ ထိခိုက်ရန် အာရုံတစ်မျိုး
(၆) ထွေထွေလာလာ ကြံသိရန် အာရုံတစ်မျိုး။
မျက်စိ မျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံ၍ နေကြဆဲအခါ၌ မျက်လုံးမှာ မြင်စိတ်ဖြစ်ပေါ်၏။
ထိုအဆင်းကို မြင်၏။
ထိုအာရုံနှင့် မျက်နှာလွှဲပြန်လျှင် ထိုမြင်စိတ် ပျက်ဆုံးပြန်၏။
အဆင်းဝတ္ထုအမျိုးမျိုး ပြောင်းလဲတိုင်း မြင်စိတ်အမျိုးမျိုး ပြောင်းလဲ၏။
နားဥပစာ၌ အသံအာရုံပေါ်လာတိုင်း နားတွင်းမှာ ကြားစိတ်ဖြစ်ပေါ်လာ၏။
ထိုအသံစဲပြန်လျှင် ထိုကြားစိတ် ပျက်ဆုံးပြန်၏။
အသံအမျိုးမျိုး ပြောင်းလဲတိုင်း ကြားစိတ်အမျိုးမျိုး ပြောင်းလဲ၏။
အနံ့အာရုံတို့နှင့် နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော နံစိတ်မျိုး၊ အချို, အချဉ်စသော ရသာရုံတို့နှင့် လျှာအပြင်မှာ ဖြစ်ပေါ်သော လျက်စိတ်မျိုးတို့မှာလည်း ထိုနည်းတူ မှတ်လေ။
တွေ့စိတ်သည်ကား တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်၏။ မြမြထက်သော အပ်သွားနှင့် ထိုး၍ စမ်းသော် နာမှန်းသိရာ ကိုယ်အင်္ဂါ အလုံးစုံတို့သည် တွေ့စိတ်မျိုး၏ ဖြစ်ပေါ်ရာဌာနချည်းပင်တည်း။
ထိုတွေ့စိတ်သည် ထိမှန်းသိရုံလည်း ရှိ၏။
ဒုက္ခဝေဒနာပါရှိသောအခါ နာစိတ်အမျိုးမျိုး၊ ကျဉ်စိတ်အမျိုးမျိုး၊ ယားစိတ်, ယံစိတ်, ကြိမ်းစိတ်, စပ်စိတ်, အောင့်စိတ်, အင့်စိတ်, နင့်စိတ်, စူးစိတ်, ထုံစိတ်, ကျဉ်စိတ်, ကိုက်စိတ်, ခဲစိတ်, ပူစိတ်, အိုက်စိတ်, အေးစိတ်, ချမ်းစိတ် စသည် အမျိုးမျိုး ရှိ၏။
လူအများတို့သည်မူကား ထိုနာမှု ကျဉ်မှုစသည်တို့ကို စိတ်ဓာတ်ဟူ၍ မသိနိုင်ကြကုန်၊ ဝိညာဏ်ဓာတ်ဟူ၍ မသိကြကုန်၊ နာမ်ဓာတ်ဟူ၍ မသိကြကုန်။
ကျောက်ကုန်းအပြင်မှာ နေပြင်းစွာ ပူသောအခါ ကျောက်ကုန်းရေပေါ်မှာ ထိုစိတ်တွေ အသင်္ချေ အနန္တ ဖြစ်နေ၏။
လူအများတို့သည်မူကား ထိုစိတ်တွေကို ကျောက်ကုန်းရေဟူသော ရုပ်အစုနှင့် တစ်ခုတည်း ယူ၍ ကျောက်ကုန်းရေပူသည်ဟူ၍သာ မှတ်ယူ ပြောဆိုတတ်ကြကုန်၏။
ဦးခေါင်းကိုက်သည်ဟု သိကြ၏။
ဦးခေါင်းတွင်းမှာ ဒုက္ခဝေဒနာနှင့်ယှဉ်သော ကိုက်ဝိညာဏ်မျိုး ဖြစ်ပေါ်၍နေသည်ဟု မသိကြ။
ခေါင်းကိုက်ပျောက်သည်ဟု သိကြ၏။ ထိုကိုက်ဝိညာဏ် ချုပ်ပျောက်သည်ဟု မသိကြ။
ထိုထို ကိုယ်အင်္ဂါတို့၌ နာမှုပေါ်သည် နာမှုပျောက်သည် စသည်တို့၌လည်း ထိုနည်းတူ သိလေ။
နှလုံးတွင်း၌ ဖြစ်ကြကုန်သော သိစိတ် ကြံစိတ်တို့သည်မူကား လောဘစိတ်အမျိုးမျိုး၊ ဒေါသစိတ်အမျိုးမျိုး၊ မောဟစိတ်အမျိုးမျိုး၊ သဒ္ဓါစိတ်အမျိုးမျိုး၊ မေတ္တာစိတ်အမျိုးမျိုး၊ ပညာစိတ်အမျိုးမျိုး စသည်ဖြင့် အလွန်များပြားကုန်၏။
လောဘအာရုံနှင့် တွေ့ကြုံသောအခါ လောဘခေါ်သော စိတ်ကြီးနှင့် ဖက်တွဲ၍ နှလုံးထဲမှာ ဖြစ်ပေါ်လာသော သိမှု ကြံမှုကို လောဘစိတ် ဆိုသည်။
ဒေါသစိတ် စသည်တို့၌လည်း ထိုအတူ သိလေ။
ထိုစိတ်တို့သည် နှလုံးသွေးထဲမှာ တစ်လှည့်စီ တစ်လှည့်စီ ဖြစ်ပေါ်ချည် ပျက်ဆုံးချည် နေကြကုန်၏။
စိတ်နှစ်မျိုးတွဲ၍ တပြိုင်တည်း ဖြစ်ပေါ်သည်ဟူ၍ မရှိ။ တစ်ခု ပျက်ဆုံးမှ တစ်ခုပေါ်ရ၏။
ဥပမာကား – တစ်ယောက်သောသူမှာ နတ်ကောင်း နတ်ဆိုး အမျိုးမျိုး ပူးဝင်ရာ၏။ နှစ်ဦးပြိုင်၍ ပူးဝင်သည် မရှိ။ တစ်ဦးထွက်မှ တစ်ဦးဝင်သကဲ့သို့တည်း။
ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို ခဏချင်း ခဏချင်း လှုပ်ရှားလျှင် သွားမှု, လာမှု, ပြောမှု, ဆိုမှု စသည်တို့ကို ပြုလုပ်နိုင်သော စိတ်တန်ခိုးကြီးတို့သည် ထိုနှလုံးဌာနမှ ဖြစ်ပွားကြကုန်၏။
လူအများတို့သည်မူကား ထိုနှလုံးဌာနမှ ဖြစ်ပွားကြကုန်သော စိတ်တို့ကို တစ်လှည့်စီ တစ်လှည့်စီ ပေါ်ချည် ဖြစ်ချည် နေကြသည်ဟူ၍ မသိကြကုန်။
ထွေထွေလာလာ ကြံတတ် သိတတ်သော စိတ်တစ်ခုတည်း အမြဲတည်ရှိ၍ နေသည် ထင်မှတ်ကြကုန်၏။
စိတ်တို့၏ ဖြစ်ရာဌာန (ပဉ္စဒွါရဝီထိ)
ယခုအခါ၌ ဝိသေသဖြစ်သော စိတ္တနိယာမ အချက်ကို ပြဆိုပေအံ့။
စိတ်တို့၏ ရှေ့နောက် စီတန်း၍ ဖြစ်စဉ်ကို ဝီထိ ဆို၏။
ထိုဝီထိသည် –
(၁) မြင်ဝီထိ
(၂) ကြားဝီထိ
(၃) နံဝီထိ
(၄) လျက်ဝီထိ
(၅) တွေ့ဝီထိ
(၆) သိဝီထိ ဟူ၍ ခြောက်ပါး ရှိ၏။
ထိုထို အဆင်းကို မြင်ကြရာ၌ မြင်ဝီထိ ဖြစ်ပုံကား –
(၁) ဆင်ခြင်စိတ် (ပဉ္စဒွါရာဝဇ္ဇန်း)
(၂) မြင်စိတ် (စက္ခုဝိညာဏ်)
(၃) ခံယူစိတ် (သမ္ပဋိစ္ဆိုင်း)
(၄) စုံစမ်းစိတ် (သန္တီရဏ)
(၅) ပြဋ္ဌာန်းစိတ် (ဝုဋ္ဌော)
(၆) ခံစားစိတ် (ဇော)
(၇) နောက်လိုက်စိတ် (တဒါရုံ)ဟူ၍ စိတ်ခုနစ်မျိုး အစဉ်အတိုင်း ဖြစ်မြဲ ဖြစ်၏။
ထိုစိတ်ခုနစ်မျိုးတို့တွင် မြင်စိတ်သည် မျက်လုံး၌ ဖြစ်၏။
ကြွင်းသော စိတ်ခြောက်မျိုးတို့သည် နှလုံးအိမ်တွင်းမှ ဖြစ်ကြသော စိတ်မျိုးတို့သာတည်း။
ထိုထို အသံကို ကြားကြရာ၌ ကြားဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ ကြားစိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်။
ထိုထို အနံ့ကို နံကြရာ၌ နံဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ နံစိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်။
ထိုထို အရသာကို သိကြရာ၌ လျက်ဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ လျက်စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်။
ထိုထို တွေ့ထိမှုကို တွေ့ကြုံရာ၌ တွေ့ဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ တွေ့စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ် ဖြစ်ပေါ်၏။
ကြားစိတ်သည် နား၌ ဖြစ်ပေါ်၏။
နံစိတ်သည် နှာခေါင်း၌ ဖြစ်၏။
လျက်စိတ်သည် လျှာ၌ ဖြစ်၏။
တွေ့စိတ်သည် ကိုယ်အင်္ဂါတို့၌ ဖြစ်၏။
ကြွင်းသော စိတ်ခြောက်မျိုး (ဆင်ခြင်စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်)တို့သည် နှလုံးအိမ်တွင်းမှာချည်း ဖြစ်ကြကုန်၏။
ဝီထိနှင့် သူခိုး ဥပမာ
ဥပမာကား – မင်းအိမ်တစ်ခုမှာ ညအခါ၌ တံခါးပိတ်လျက် တစ်အိမ်လုံး အိပ်ပျော်၍ နေကြကုန်၏။
သူခိုးတစ်ယောက်သည် လာ၍ တံခါးကို ဖွင့်၏။
မင်းခစား တစ်ယောက်သည် နိုး၍ တံခါးမှာ လူလားဟု ဆင်ခြင်၍
တံခါးစောင့်ကို နှိုး၍ အကြည့်ခိုင်း၏။ တံခါးစောင့်သည် တံခါးသော့ပေါက်မှ ကြည့်၏။ မြင်၏။
အိပ်ဖန်စောင့်တစ်ယောက်ကို ပြော၏။
အိပ်ဖန်စောင့်သည် ထ၍ သူခိုးကို ဖမ်း၏။ မိ၏။ မလွှတ်ပြီ။
မင်းအရာရှိတစ်ယောက်သည် ထ၍ စစ်၏။ စစ်တမ်း စစ်ချက် တင်၏။
အရာရှိတစ်ယောက်က စစ်တမ်းစစ်ချက်ကို ကြည့်၍ ခိုးသူအမှန်ဖြစ်ကြောင်း ပြဋ္ဌာန်း၏။
မင်းက ပြဋ္ဌာန်းချက်အတိုင်း စီရင်ချက် ချ၏။
မင်းလုလင်တို့က သူခိုးထံမှ မူးစ မတ်စ ညှစ်ယူကြ၏။
အမှုတစ်ခု ပြီး၏။
– လူတို့၏ ကိုယ်ခန္ဓာသည် မင်းအိမ်နှင့် တူ၏။
– ဘဝင်စိတ်ကျ၍ နေဆဲအခါသည် မင်းအိမ်မှာ အိပ်ပျော်၍ နေကြသည်နှင့် တူ၏။
– မျက်စိ နား စသော ခြောက်ဒွါရ ခြောက်ဌာနသည် မင်းအိမ်တံခါးနှင့် တူ၏။
– အပ၌ ရှိသော အာရုံစုသည် သူခိုးနှင့် တူ၏။
– အာရုံဒွါရ တွေ့ဆုံကြမှုသည် တံခါးဖွင့်မှုနှင့် တူ၏။
– ဆင်ခြင်စိတ် စသည်သည် မင်းခစားယောက်ျား စသည်နှင့် တူ၏။
(မြင်စိတ်, ကြားစိတ်, နံစိတ်, လျက်စိတ်, တွေ့စိတ် စသည်သည် တံခါးစောင့်၊ ခံယူစိတ်သည် အိပ်ဖန်စောင့်၊ စုံစမ်းစိတ်သည် မင်းအရာရှိ၊ ပြဋ္ဌာန်းစိတ်သည် အရာရှိ၊ ခံစားစိတ်သည် မင်း၊ နောက်လိုက်စိတ်သည် မင်းလုလင် စသည် တူ၏။)
ဤမြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှုစုသည်ကား ကိုယ်ခန္ဓာတွင်းမှာ ဓာတ်အချင်းချင်း ဆောင်ကြမှု သက်သက်သာ ရှိသေးသည်။
ပုဂ္ဂိုလ်မှာမူကား ငါမြင်သည်, ငါကြားသည်, ငါနံသည်, ငါလျက်သည်, ငါတွေ့သည်ဟု မသိမပေါ်သေး။
ဥပမာကိုလည်း ဓာတ်တို့၏ ဖြစ်စဉ်နှင့်သာ စပ်၍ ယူ။
မနောဒွါရဝီထိ (သိ ဝီထိ)
အဆင်းစသော အာရုံငါးပါးတို့နှင့်တကွ လောကဓမ္မအာရုံ အလုံးစုံတို့ကို သိကြ ကြံကြရာ၌ သိဝီထိ ဖြစ်ပုံကား –
(၁) ဆင်ခြင်စိတ်
(၂) တွင်ကျယ်စိတ်
(၃) နောက်လိုက်စိတ် ဟူ၍ သုံးမျိုး ရှိ၏။
ပဉ္စဒွါရငါးဝီထိတို့၌ ခံစားစိတ်နှင့် ဤမနောဒွါရဝီထိ၌ တွယ်ကျယ်စိတ်တို့ကို ဇောစိတ် ဟူ၍ ခေါ်၏။ အရှိန်အဟုန် ထက်သန် ပြင်းထန်သော စိတ်မျိုး ဆိုလိုသည်။
ထိုတွင် ဤမနောဒွါရဇောစိတ်သည် အတွင်ကျယ်ဆုံး ဖြစ်၏။
သတ္တလောကကြီး၌ နေ့တရုန်းရုန်း ညတရုန်းရုန်း တအုန်းအုန်း တညံညံ ရှိနေကြသည်မှာ ဤမနောဒွါရဇောတန်ခိုးတို့၏ အတတ်ပေတည်း။
နှလုံးတွင်း၌ ဤဇောတန်ခိုးကြီးတို့ ဆိတ်ကင်း၍ နေသောအခါ ခပ်သိမ်းသော သတ္တဝါတို့သည် အသေကောင်တွေနှင့် အလားတူကြကုန်၏။
မျက်စိ၌ မြင်၍လည်း မြင်မှန်း မသိကြကုန်။
နား၌ ကြား၍လည်း ကြားမှန်း မသိကြကုန်။
နှာခေါင်း၌ နံ၍လည်း နံမှန်း မသိကြကုန်။
လျှာ၌ လျက်၍လည်း လျက်ရမှန်း မသိကြကုန်။
ကိုယ်အင်္ဂါနှင့် တွေ့၍လည်း တွေ့ကြမှန်း မသိကြလေကုန်။
နှလုံးတွင်း၌ ဤမနောဒွါရဇောတန်ခိုးကြီးတို့ ကျရောက် ပေါ်ပေါက်လာသောအခါမှသာ မြင်လျှင် မြင်မှန်း သိကြကုန်၏။ ကြားလျှင် ကြားမှန်း သိကြကုန်၏။ နံလျှင် နံမှန်း သိကြကုန်၏။ လျက်လျှင် လျက်မှန်း သိကြကုန်၏။ တွေ့လျှင် တွေ့မှန်း သိကြလေကုန်၏။
ထို့ကြောင့် ဤမနောဒွါရဝီထိတို့သည် မြင်ဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ ကြားဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ နံဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ လျက်ဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ တွေ့ဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။
မြင်ဝီထိ စသည်တို့နှင့် မစပ်ယှက်ဘဲ ကြံဖန်မှုသက်သက်တို့နှင့် ဖြစ်ကြကုန်သည်ကား သာ၍ များကုန်၏။
မည်သူမှ မဖန်ဆန်းဘဲ အလိုလိုဖြစ်နေသော စိတ်အစဉ်
ဤသို့ ဖြစ်ကြရာ၌ ဘယ်သူတစ်ဦးတစ်ယောက်မှ ထိုသို့ ဖြစ်ကြရန် စီမံ ဖန်ဆင်းရသည် မဟုတ်။
စိတ္တနိယာမအားဖြင့် အလိုလို စီပြီး စဉ်ပြီး တစ်စည်းတစ်ရုံး တစ်လုံးတစ်ဖွဲ့တည်း ဖြစ်မြဲ ဓမ္မတာအတိုင်း ဖြစ်ကြကုန်၏။
စက်ရုံကြီးတို့မှာ အရင်းစက်ခလုတ်ငယ်တစ်ခုကို လှုပ်ရှားလိုက်လျှင် အဆက်ဆက် စက်ကိရိယာအများတို့သည် တားမရ ဆီးမရ အဆုံးတိုင် လည်ကြကုန်သကဲ့သို့ မျက်စိမျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံခဲ့သည်ရှိသော် အမြင်ဝီထိ၊ အသိဝီထိတို့သည် တားမရ ဆီးမရ ဖြစ်ကြကုန်၏။
မျက်စိ မျက်နှာ မမှိတ်သာ မလွှဲသာ ရှိနေရာ၌ ငါမမြင်လိုဟု ငို၍ပင် နေငြားသော်လည်း ထိုပုဂ္ဂိုလ်ကို ထိုဝီထိစိတ်တို့သည် မြင်မှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
ထို့အတူ ခွေးသံ, ဝက်သံ, တီးသံ, မှုတ်သံတို့နှင့် တွေ့ဆုံကြရာ၌ ငါမကြားလိုဟု ငို၍ပင် နေငြားသော်လည်း အကြား, အသိဝီထိစိတ်အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို ကြားမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
ခွေးပုပ် လူပုပ်စသည်နှင့် တွေ့ဆုံကြရာ၌ နံဝီထိ သိဝီထိစိတ်အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို နံမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
အလွန် ခါးစပ်သော ဓာတ်စာ ဆေးစာတို့ကို စားသောက်ကြရာ၌ လျက်ဝီထိ သိဝီထိတို့သည် ထိုပုဂ္ဂိုလ်ကို ခါးမှု စပ်မှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
အဖျားအနာ ကြုံကြိုက်ရာတို့၌ တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်သော ပူစိတ် လောင်စိတ်တို့သည်လည်းကောင်း၊ အနာပေါက်ရာ ကိုယ်အင်္ဂါတို့၌ ဖြစ်ပေါ်ကုန်သော နာစိတ် ကျဉ်စိတ်တို့သည်လည်းကောင်း ထိုအဖျား ထိုအနာ မပျောက်ငြိမ်းသမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ်ကို ပူဒုက္ခ လောင်ဒုက္ခ နာဒုက္ခ ကျဉ်ဒုက္ခတို့နှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
ထင်ရှားစေခြင်းငှါ အနိဋ္ဌာရုံတို့နှင့် တွေ့ဆုံမှုကို ပြဆိုလိုက်သည်။
ဣဋ္ဌာရုံတို့နှင့် တွေ့ဆုံရာတို့၌လည်း ဤနည်းအတိုင်း စိတ္တနိယာမ ဖြစ်ပုံတို့ကို အကုန်မြင်ကြစေ။
(လယ်တီဆရာတော်ဘုရားကြီး၏ “နိယာမဒီပနီ” မှ)
+++++
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက် စနေနေ့၊ မွန်းလွဲ ၃ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြားခြင်း သင်တန်းအဖြစ် မနောဒွါရဝီထိများအကြောင်းကို လောကချမ်းသာဆရာတော်က သင်ကြား ပို့ချပေး၏။
မဟာသတိပဋ္ဌာနသုတ်သင်တန်း၊ သမ္ပဇညပဗ္ဗပိုင်းကို လောကချမ်းသာဆရာတော်ကပင် မွန်းလွဲ ၄ နာရီမှ ညနေ ၅ နာရီထိဆက်လက် သင်ကြား ပို့ချပေး၏။
ညနေ ၅ နာရီ ၁၅ မိနစ်တွင်မူ လောကချမ်းသာ ဆည်းဆာတရားပွဲကို ဆက်လက် ကျင်းပပြုလုပ်ရာ အရှင်စက္ကိန္ဒက မဟာသတိပဋ္ဌာနသုတ်တော်၏ အကျိုးပြ၊ စိုးရိမ်ပူဆွေးမှုတို့ကို လွန်မြောက်စေပုံ၊ ဘုရားရှင်က သန္တတိအမတ်ကြီးအား ဟောကြားသော –
ယံ ပုဗ္ဗေ တံ ဝိသောသေဟိ
ပစ္ဆာ တေ မာဟု ကိဉ္စနံ
မဇ္စျေ စေ နော ဂဟေဿသိ
ဥပသန္တော စရိဿသိ။
(ဓမ္မပဒ)
တရားတော်ကို ထုတ်ဆောင်၍ ဟောကြား ချီးမြှင့်၏။
လင်္ကာများ
ဖြစ်ပေါ်ပြီးသား၊ ကိလေများ၊ ရှုပွားသည့်အနေ၊ ခြောက်သွေ့စေ။
ဖြစ်ပေါ်လာရန်၊ အကြောင်းဖန်သည့်၊ ရုပ်နာမ်ထွေထွေ၊ များကိလေ၊ တောင့်တမနေ၊ ရှုပွားလေ။
ဖြစ်ပေါ်နေဆဲ၊ ရုပ်နာမ်လည်း၊ စွဲလမ်းမနေ၊ ရှုပွားလေ။
ဤသို့ရှုပွား၊ ယောဂီများ၊ ငြိမ်းချမ်းစွာပေ၊ နေနိုင်လေ။
တရားပွဲပြီးသော် ၁၀ မိနစ်မျှ တရားရှုမှတ်ကြပြီး ကောင်းမှု ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။