သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ


၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်းတော်၌ အဘိဓမ္မာသင်တန်းကို ဒုတိယအပတ်မြောက် ဆက်လက် ပို့ချခဲ့၏။
ဆရာတော် ဦးသီလာနန္ဒ၏ အဘိဓမ္မာသင်တန်းပို့ချချက်ကို ဖွင့်ပေး၍ သင်တန်းသားများ နားမလည် မရှင်းလင်းသည်များကို လောကချမ်းသာဆရာတော်က ထပ်မံ ရှင်းလင်း သင်ပြပေးသည်။
ယခုအပတ်တွင် သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာအကြောင်း ပို့ချချက်ကို သင်ယူ လေ့လာကြရ၏။


‘သစ္စာ’ ဆိုသည်မှာ အမှန်တရား၊ ပြောတိုင်း ဟုတ်နေသော အမှန်တရား ဖြစ်၏။
ဗုဒ္ဓဘာသာတွင် သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ ဟူ၍ ၂-မျိုး လက်ခံထား၏။
‘သမ္မုတိသစ္စာ’မှာ ‘လူ’, ‘မိန်းမ’, ‘ယောက်ျား’, ‘အိမ်’, ‘ကျောင်း’, ‘ခွေး’, ‘နွား’, ‘တိရိစ္ဆာန်’ စသည်ဖြင့် လူအများ သဘောတူ သတ်မှတ်ထားသော၊ သုံးနှုန်းထားသော အမှန်တရား ဖြစ်သည်။
‘သမ္မုတိသစ္စာ’ကို ‘ပညတ်’ဟုလည်း ခေါ်၏။
သမ္မုတိသစ္စာ (သို့မဟုတ်) ပညတ် အနည်းဆုံး ၂-မျိုး ရှိ၏။

‘လူ’, ‘တိရိစ္ဆာန်’, ‘ခွေး’, ‘ကြောင်’ စသည် အခေါ်အဝေါ်မျှသာ ဖြစ်သော “နာမပညတ်”နှင့် ထိုအခေါ်အဝေါ်က ကိုယ်စားပြုသည့် အနက်ဒြပ် အကောင်အထည်ဖြစ်သော “အတ္ထပညတ်” ဟူ၍ ဖြစ်၏။

‘မပြုံး’ဟု ‘နာမပညတ်’ကို ပြောဆိုလိုက်ရာတွင် ပြောသူ၌ အကောင်အထည် အနက်ဒြပ် ‘အတ္ထပညတ်’ကို ပထမ အာရုံပြု၍ ‘နာမပညတ်’သို့ ရောက်၏။
နာယူသူ ကြားသူ၌မူ ‘နာမပညတ်’ကို ပထမ အာရုံပြုပြီးမှ ‘အတ္ထပညတ်’သို့ ရောက်၏။
စိတ်ဖြစ်မှု လျင်မြန်ခြင်းကြောင့် ကြားလျှင်ကြားချင်း နာမပညတ်နှင့် အတ္ထပညတ်ကို တပြိုင်တည်း သိသည် ထင်ရ၏။

‘ပရမတ္ထသစ္စာ’မှာ တကယ် အဟုတ်အမှန်ရှိသော သဘောတရား ဖြစ်၏။

“မဖောက်မပြန်
မှန်ကန်တည့်မတ်
ဂုဏ်သကတ်
အမြတ်ဟူ၍ ခေါ်။”
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

ပရမတ္ထတရားတို့မှာ ‘စိတ်’၊ ‘စေတသိက်’၊ ‘ရုပ်’၊ ‘နိဗ္ဗာန်’ ဟူ၍ လေးပါး ရှိ၏။

စိတ် – အာရုံကို သိခြင်းမျှ သဘောတရား၊
စေတသိက် – စိတ်ကို မှီ၍ စိတ်နှင့် ဖြစ်တတ်သော တရား၊
ရုပ် – အချမ်းအပူ စသည်ကြောင့် ဖောက်ပြန်တတ်သော တရား၊
နိဗ္ဗာန် – ရာဂ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းရာ သဘောတရား၊

…. ကိုင်း အဲဒီတော့ အဘိဓမ္မာပိဋကတ်မှာ ဒီလေးပါးကိုပဲ နာမည်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုးနဲ့ ဝေဖန်ပြီးတော့ မြတ်စွာဘုရားဟောတယ်။

စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တွေကို တကယ် ကျကျနန သိဖို့ နားလည်ဖို့ဆိုရင် တရားလည်းပဲ ထိုင်ရမယ်။ တရားထိုင်ပြီးတော့ သိမှ အဘိဓမ္မာဟာ တကယ်သိတယ်လို့ ဆိုရတယ်။ ဒါကြောင့်မို့ အဘိဓမ္မာဗဟုသုတနဲ့ တရားဗဟုသုတ တွဲသွားရမယ်။
အဘိဓမ္မာဗဟုသုတရှိထားတဲ့အတွက်ကြောင့်မို့ တရားထိုင်တဲ့အခါကျတော့ ပိုပြီးတော့ နားလည်နိုင်တယ်။
ကိုယ်က ဗဟုသုတရှိထားပြီးသားဖြစ်တော့ တွေ့ကြုံလာတဲ့အခါကျတော့ ဆရာက အထူးပြောနေစရာ မလိုတော့ဘူး။ ကိုယ့်ဟာကိုယ် သိသွားပြီ။

တရားထိုင်ရင်း သိသွားတဲ့ သိထားတဲ့အသိက တကယ် လေးလေးနက်နက် ဖြစ်တယ်။
အဘိဓမ္မာ .. ပြန်တွေ့တယ်။ ခုန စိတ်သဘောတရား၊ စေတသိက်သဘောတရား၊ ကုက္ကုစ္စသဘောတရားတို့ ဘာတို့ တော်ကြာ တရားထိုင်တဲ့အခါကျတော့ ပေါ်တယ်။
အဲဒီကျတော့ တကယ်လည်း မြင်လာတယ်။
အဲဒီအခါကျမှ အမှန်က ကိုယ့်ရဲ့ အသိဉာဏ်ဟာ ပြည့်စုံသွားတာ။ စာနဲ့မှတ်ထားတဲ့ အသိဟာ တခါတလေ ပြည့်စုံသေးတာ မဟုတ်ဘူး။ အမျိုးမျိုးတွေ တော်ကြာကျတော့ တွေ့မယ်။
တရားအားထုတ်ရင် မြင်လာတာ။ အဲဒီလို မြင်လာမိတော့ မြတ်စွာဘုရားကတော့ ဟောတာနော်။ ကိုယ်ကတော့ ဘုရားဟောတာ အရင်သိပြီးတော့မှ တရားထိုင်ကြတာကိုး။ မြတ်စွာဘုရားကတော့ တရားထိုင် ဒါတွေ သိပြီးမှ ဟောတယ်။

ဒါကြောင့်မို့ ပရမတ်သဘောတရားဆိုတာ ကိုယ်တိုင် မြင်တွေ့နိုင်တဲ့ တရားမျိုး။
သူများထံက တဆင့်ကြားနဲ့ လက်ခံရမယ့် တရားမျိုး မဟုတ်ဘူး။ တဆင့်ကြားနဲ့ ယုံကြည်ရမယ့် တရားမျိုး မဟုတ်ဘူး။

အရိယာတွေကျတော့ (အရိယာဆို ရဟန္တာတွေထိအောင် ပါသွားပြီ) ကိုယ်တိုင် တွေ့ပြီးသား၊ ကိုယ်တိုင် မြင်ပြီးသား ဖြစ်နေပြီ။
ဒါကြောင့်မို့ ရဟန္တာကို ဘယ်လို ခေါ်သလဲ။ သူတပါးအပေါ်မှာ ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။
‘အသဒ္ဓ’တဲ့။ သူများ ယုံကြည်မှု မရှိဘူးဆိုတာ သူများစကားနဲ့ ယုံစရာ မလိုတော့ဘူး။ ကိုယ်တိုင် တွေ့ထားတာ။
ဆန်ဖရန်စစ္စကို ရောက်ဖူးပြီးသား ပုဂ္ဂိုလ်က သူများကတဆင့်ပြောတာ ယုံစရာ မလိုတော့ဘူးပေါ့။ ကိုယ်ကိုယ်တိုင် သိနေပြီပဲ။ ဘယ်နား ဘာရှိတယ်။ ဒီအဆောက်အဦကြီးက ဘာပဲ ညာပဲ။
အဲဒီလိုပဲ ဘုရား ရဟန္တာ အရိယာတို့ဟာ ကိုယ်တိုင်သိပြီးသားဖြစ်တော့ သူများကို ယုံစရာ မလိုဘူး။
ဒါကြောင့်မို့ ယုံကြည်စရာ မလိုတဲ့ ပုဂ္ဂိုလ်တွေ။
အဲဒီထိအောင် ဒီကလူတွေကလည်း ရည်မှန်းရမှာပေါ့လေ။
ဒီဘဝမှာ ပါရမီမပြည့်သေးလို့ အဲဒီအဆင့် မရောက်ရင် နောက်ဘဝ နောက်ဘဝ နောက်ဘဝတွေ ရောက်အောင်။
သို့သော် ပါရမီကိုတော့ တွက်မနေနဲ့တဲ့။ မဟာစည်ဆရာတော်က ပြောတယ်။
မင်း .. နဂိုက ပါရမီ မရှိသေးရင်လည်း အခု အားထုတ်တာ ပါရမီဖြစ်လိမ့်မယ်။
နဂိုက ပါရမီပါလာရင်လည်း အခု ပေါက်လိမ့်မယ်။
ပါရမီ ရှိ,မရှိ မသိလို့ အားမထုတ်ဘူးဆိုရင် မင်း ဘယ်တော့မှ မရဘူး။ ……

(ဆရာတော် ဦးသီလာနန္ဒ၏ အဘိဓမ္မာသင်တန်းပို့ချချက် မှ)

အဘိဓမ္မာသင်တန်းပို့ချချက် ပြီးသောအခါ ခေတ္တ အနားယူချိန်ပေးပြီး၊ လောကချမ်းသာ စနေတရားပွဲကို ဆရာတော် အရှင်စက္ကိံဒမှ ဟောကြားသည်။


အင်္ဂုတ္တိုရ် တိကနိပါတ် ပါဠိတော်၊ မဟာဝဂ်၊ ‘ဘယသုတ်’၊ ‘အမာတာပုတ္တိကသုတ်’ကို “ဘေးလွတ်ရာလမ်း သင်လျှောက်လှမ်း”ဟူသော တရားအမည်ဖြင့် ဟောကြားသည်။
လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော မီးဘေး၊ ရေဘေး၊ ပြည်ပျက်ဘေးတို့ထက် ပို၍ ကြီးမားသော အိုဘေး၊ နာဘေး၊ သေဘေးတို့မှ လွတ်ရာသို့ မဂ္ဂင်လမ်းဖြင့် လျှောက်ရန် ဟောကြားသွား၏။

မဟာစည်ဆရာတော်၏ မဂ္ဂင်ရှစ်ပါး ဆောင်ပုဒ်

“မှန်စွာမြင်သိ၊ ကြံမိမှန်ကန်၊
မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်၊
မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်၊
စူးစိုက်ကပ် ရှစ်ရပ် မဂ်လမ်းမှန်။”

“မှန်စွာ မြင်သိ (သမ္မာဒိဌိ)
ကြံမိ မှန်ကန် (သမ္မာသင်္ကပ္ပ)
မှန်စွာ ပြော-ပြု (သမ္မာဝါစာ)-(သမ္မာကမ္မန္တ)
ရှာမှုလမ်းမှန် (သမ္မာအာဇီဝ)
မှန်စွာကြောင့်ကြ (သမ္မာဝါယာမ)
မှတ်ရမှန်ကန် (သမ္မာသတိ)
စူးစိုက်ကပ် (သမ္မာသမာဓိ) ရှစ်ရပ် မဂ်လမ်းမှန်။”


တရားနာပရိသတ်မှာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများလည်း ဖြစ်ကြရာ အဘိဓမ္မာဆိုင်ရာများကို တရားတော်အတွင်း မှတ်သားဖွယ် ထည့်သွင်း ဟောကြားသွား၏။

တရားပွဲပြီးသော် ၁၀ မိနစ် တရားရှုမှတ်ကြရပြီး၊ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြသည်။

Leave a Reply