နန္ဒတ္ထေရ ဝတ္ထု – သင်္ဂဇာဆရာတော်ဘုရားကြီး
မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ သစ္စာလေးပါးကို သိတော်မူ၍ ‘ပဉ္စဝဂ္ဂီ’ငါးယောက်၊ ‘ယသ’အမှူးရှိသော ငါးကျိပ်ငါးယောက်သော သူတို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်း ခံတော်မူ၍ မိဂဒါဝုန်တော၌ ပထမ ဝါကပ်တော်မူသည်။
ဝါကျွတ်လျှင် ရဟန်းတို့ကို ဒေသစာရီ လှည့်လည်စေ၍ တစ်ပါးတည်းသာ ဥရုဝေလတောသို့ ကြွတော်မူသည်။
ဥရုဝေလတောသို့ မရောက်မီ ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းပြုတော်မူသည်။
ဥရုဝေလတောသို့ ရောက်လျှင် ဥရုဝေလ ကဿပ စသော တစ်ထောင်သော ရသေ့တို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းပြုတော်မူပြီးမှ ရဟန္တာတစ်ထောင် ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဗိမ္ဗိသာရမင်းကြီးကို တစ်သိန်းတစ်သောင်းသော ပုဏ္ဏား သူကြွယ်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်စေ၍ ဥပတိဿ၊ ကောလိတ စသော များစွာသော သူတို့ကို “ဧဟိ ဘိက္ခု” ပဉ္ဇင်းခံတော်မူ၍ ဝေဠုဝန်ကျောင်း၌ ဒုတိယဝါကပ်လေသည်။
ဝါကျွတ်တော်မူလျှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပင့်အပ်သည် ဖြစ်၍ ကာလုဒါယီမထေရ်ကို လမ်းညွှန်ပြုလျက် နှစ်သောင်းသော ရဟန္တာတို့နှင့်တကွ တပေါင်းလဆန်း တစ်ရက်နေ့မှ စ၍ တစ်နေ့လျှင် တစ်ယူဇနာ ကြွ၍ (တန်ခူးလကွယ်နေ့) စိတြအမာဝါသီ နေရီရီ၌ ကပိလမြို့သို့ ရောက်တော်မူသည်။
ရောက်သည့်နေ့ ဆွေတော် မျိုးတော် အစည်းအဝေး၌ ပေါက္ခရဝဿမိုးကို ရွာစေသော အတ္ထုပ္ပတ္တိ၌ ဝေဿန္တရာ ဇာတ်တော်ကို ဟောတော်မူ၍ နှစ်ရက်မြောက်သောနေ့၌ ဆွမ်းခံဝင်ရာတွင် “ဥတ္တိဋ္ဌေနပ္ပမဇ္ဇေယျ” စသော ဂါထာဖြင့် ခမည်းတော်ကို သောတာပတ္တိဖိုလ်၌ တည်စေ၍ နန်းတော်သို့ ရောက်လျှင် “ဓမ္မဉ္ဇရေ” စသော ဂါထာဖြင့် မိထွေးတော် ဂေါတမီကို သောတာပတ္တိဖိုလ်၊ ခမည်းတော်ကို သကဒါဂါမိဖိုလ်၌ တည်စေတော်မူ၍ ဆွမ်းစားပြီးသာ အဆုံး၌ ရာဟုလာမယ်တော် ယသော်ဓရာ၏ ကျေးဇူးစကားကို အမှီပြု၍ စန္ဒကိန္နရီဇာတ်ကို ဟောတော်မူသည်။
ကပိလဝတ်ပြည်သို့ ရောက်၍ သုံးရက်မြောက်သော နေ့၌ အဘိသိက်မင်္ဂလာ, အိမ်တက်မင်္ဂလာ, ထိမ်းမြားမင်္ဂလာ ပြုမည်ရှိသော ညီတော်မင်းနန်ကို သပိတ်ထမ်းခိုင်း၍ ကျောင်းတော်သို့ ရောက်လျှင် ရဟန်းပြု၏။
ကပိလဝတ်ပြည်သို့ ရောက်၍ ခုနစ်ရက်မြောက်သော နေ့၌ သားတော်ရာဟုလာကို ရှင်ပြုတော်မူသည်။
တစ်နေ့သ၌ ခမည်းတော်အား မဟာဓမ္မပါလဇာတ်ကို ဟောတော်မူ၍ အနာဂါမိဖိုလ်၌ တည်စေတော်မူပြီး ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိမြို့သို့ ကြွတော်မူ၍ ဇေတဝန်ကျောင်း၌ နေတော်မူသည်။
ထိုအခါ ကပိလဝတ်ပြည် ရွှေနန်းတော်ပြတင်းက ဖြည်းညင်းသော အသံဖြင့် “တုဝဋံ ခေါ အယျပုတ္တ အာဂစ္ဆေယျာသိ”ဟု ဇနပဒကလျာဏီမင်းသမီး မှာလိုက်သော စကားကြောင့် သာသနာတော်၌ ငြီးငွေ့သော ညီတော်မင်းနန်ကို အထူးထူးသော အကြောင်းဥပါယ်တို့ဖြင့် ဆုံးမ၍ ရဟန္တာအဖြစ်သို့ ရောက်စေတော်မူသည်။
တပါးသော ရဟန်းတို့သည် ငါ့ရှင် နန္ဒ – သာသနာတော်၌ ငြီးငွေ့သလောဟု မေးသည်ရှိသော် မငြီးငွေ့ဟု ဆို၏။ ယမန်နေ့ကပင် ငြီးငွေ့လှသည် ပြော၍ ယခု မငြီးငွေ့ဟု ပြောပြန်သည်တကားဟု ဘုရားကို လျှောက်ကုန်၏။
ဘုရားရှင်လည်း ချစ်သားတို့ – ရှေးအခါက ဤရဟန်း၏ အတ္တဘောသည် မကောင်းသဖြင့် မိုးအပ်သော အိမ်နှင့် တူ၏။ ယခုကား ကောင်းမွန်စွာ မိုးအပ်သော အိမ်နှင့် တူ၏ဟု မိန့်တော်မူ၍ –
၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌီ သမတိ ဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ။
၁၄။ ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိ ဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိ ဝိဇ္ဈတိ။
ဤနှစ်ဂါထာကို ဟောတော်မူသည်။
ဒုစ္ဆန္နံ – ကျဲကျဲဟောင်းလောင်း မကောင်းသဖြင့် မိုးအပ်သော။
အဂါရံ – ဇရပ် တန်ဆောင်း အိမ် ကျောင်း မဏ္ဍပ်ကို။
ဝုဋ္ဌီ – မိုးရေ မိုးပေါက်သည်။
သမတိ ဝိဇ္ဈတိယထာ – ထွင်းလျှိုယိုကျလေသကဲ့သို့။
ဧဝံတထာ – ထို့အတူ။
အဘာဝိတံ – သမထ ဝိပဿနာဖြင့် မပွားစေအပ်သော။
ဝါ – မထုံအပ်သော။
စိတ္တံ – စိတ်ကို။
ရာဂေါ – ရာဂဖြင့် မှတ်အပ်သော ကိလေသာသည်။
သမတိ ဝိဇ္ဈတိ – ထိုးကျင့် နှိပ်စက်လေ၏။
သုစ္ဆန္နံ – ကောင်းမွန်သေချာ လုံခြုံစွာ မိုးအပ်သော။
အဂါရံ – ဇရပ် တန်ဆောင်း အိမ် ကျောင်း မဏ္ဍပ်ကို။
ဝုဋ္ဌီ – မိုးရေ မိုးပေါက်သည်။
န သမတိဝိဇ္ဈတိယထာ – မထွင်းမလျှို မယိုကျသကဲ့သို့။
ဧဝံတထာ – ထို့အတူ။
သုဘာဝိတံ – သမထ ဝိပဿနာဖြင့် ကောင်းစွာ ပွားစေအပ်သော။
ဝါ – ကောင်းစွာ ထုံအပ်သော။
စိတ္တံ – စိတ်ကို။
ရာဂေါ – ရာဂဖြင့် မှတ်အပ်သော ကိလေသာသည်။
န သမတိဝိဇ္ဈတိ – မထိုး မကျင့်နိုင်။
ပြီး၏။