ဆားတောင် မသိမ်းထားအပ်ကြောင်း
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် စနေနေ့
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်နာရီ တရားရှုမှတ်ပွားများရန် ဂျပန်လူမျိုး အမျိုးသမီးတစ်ဦး ရောက်ရှိလာသဖြင့် အရှင်ဝဏ္ဏိတက ၁၅ မိနစ်ခန့် အင်္ဂလိပ်ဘာသာဖြင့် တရားရှုမှတ်နည်း ဟောကြား၏။
+++++
ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းဆရာတော် အရှင်စက္ကိန္ဒမှာ Albany မြို့သို့ ရဟန်းခံပွဲတစ်ခုအတွက် ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။
မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီအထိ “အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း – ဝေဒနာသင်္ဂဟ၊ ဟေတုသင်္ဂဟ၊ ကိစ္စသင်္ဂဟ´´တို့ကို အရှင်ဝဏ္ဏိတက သင်ကြား ပို့ချပေး၏။
+++++
ညနေ ၅ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “သံသရာကို ဘယ်လိုကူးကြမလဲ´´ တရားတော်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။
တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။
+++++
ဆားတောင် သိမ်းမထားအပ်ကြောင်း
ဘုရားအလောင်းတော်ဟာ တခုသော ဘ၀က ဂန္ဓာရတိုင်းမှာ မင်းဖြစ်နေခဲ့တယ်။
ဂန္ဓာရတိုင်းပြည်ဆိုတာ ယခု အိန္ဒိယပြည်၏ အနောက်မြောက် နယ်စွန်းမှာ ကက်ရှမီးရ်ဆိုတဲ့ နယ်နဲ့စပ်နေတဲ့ အရပ်ပါပဲ။
အဲဒီ ဂန္ဓာရဘုရင် ဘုရားအလောင်းတော်ဟာ မင်းအဖြစ်မှ သံဝေဂရပြီး တောထွက် ရသေ့ရဟန်းပြုနေပါတယ်။
အဲဒီခေတ်တုန်းက ၀ိဒေဟတိုင်းပြည်က ဘုရင်မင်းဟာလည်း သူ့မိတ်ဆွေ ဂန္ဓာရဘုရင် ရသေ့ရဟန်းပြုတဲ့ သတင်းကို ကြားရတဲ့အတွက် သူလည်း သံဝေဂရပြီး တောထွက် ရသေ့ရဟန်းပြုနေပါတယ်။
နောက်တချိန်မှာ အဲဒီရသေ့ ၂-ပါးဟာ ဟိမ၀န္တာတောမှာ အတူတကွ တရားကျင့်သုံးနေကြတယ်။
အဲဒီလို တောထဲမှာ ဆားမပါတဲ့ သစ်သီးသစ်ဥ စသည်ကိုသာ စားနေကြရတော့ အာဟာရဓာတ် မပြည့်ဝဘဲ ရှိနေတယ်။
ဒါကြောင့် ဆားနှင့်အချဉ်ကို မှီဝဲ သုံးဆောင်ရန်အတွက် ဟိမ၀န္တာမှ ဆင်းလာပြီးတော့ အစွန်အဖျား ရွာတခုကို ရောက်လာကြတယ်။
အဲဒီရွာသားတွေက ရသေ့ ၂-ပါး၏ နေထိုင်ပုံကို ကြည်ညိုပြီး ဆွမ်းများကို လှူဒါန်းကြတယ်။
တနေ့သောအခါမှာ အဲဒီရွာသားများက ဆားထုပ်နှင့်တကွ ဆွမ်းကို လှူကြတယ်။
အဲဒီအခါ ၀ိဒေဟတိုင်းပြည်မှ ဖြစ်လာတဲ့ ဝေဒေဟရသေ့က နောက်ရက်များမှာ လိုရင် သုံးဖို့ ရည်ရွယ်ပြီး ပိုနေတဲ့ ဆားကို ဖက်ဖြင့် ထုပ်ပြီး သိမ်းထားတယ်။
တနေ့သောအခါကျတော့ ဆွမ်းလှူကြရာမှာ ဆားမပါဘဲ ရှိနေသတဲ့။
အဲဒီတော့ ဝေဒေဟရသေ့က သူသိမ်းထားတဲ့ ဆားကို ဂန္ဓာရရသေ့အား သွားပြီး ပေးပါတယ်။
အဲဒီအခါ – “ဒီကနေ့ ဆွမ်းလှူကြရာမှာ ဆားမပါဘူး။ ဘယ်က ရပါသလဲ´´လို့ ဂန္ဓာရရသေ့က မေးတယ်။
“ဆရာရေ ဟိုအရင် တနေ့က လိုရင် ရအောင် သိမ်းထားတဲ့ ဆားဖြစ်ပါတယ်´´လို့ ဝေဒေဟရသေ့က ဖြေကြားတယ်။
အဲဒီအခါ ဂန္ဓာရရသေ့က ဝေဒေဟရသေ့ကို ဒီလို အပြစ်တင် ပြောကြားပါသတဲ့။
ဟိတွာ ဂါမသဟဿာနိ၊
ပရိပုဏ္ဏာနိ သေဠသ။
ကောဋ္ဌာဂါရာနိ ဖီတာနိ၊
သန္နိဓိံ ဒါနိ ကုဗ္ဗသိ။
+++
သမ္မ – အချင်း ရသေ့။
တွံ – သင်သည်။
ပရိပုဏ္ဏာနိ – ပြည့်စုံကုန်သော။
သောဠသ ဂါမသဟဿာနိ – ၀ိဒေဟတိုင်းဆိုင်ရာ တစ်သောင်းခြောက်ထောင်သော မြို့ရွာတို့ကို။
ဖီတာနိ – ရတနာ အပြည့် ရှိကုန်သော။
ကောဋ္ဌာဂါရာနိ – ဘဏ္ဍာတိုက်တို့ကို။
ဟိတွာ – တွယ်တာမငဲ့ စွန့်ခဲ့ပြီး၍။
ဣဒါနိ – ပစ္စည်းမဲ့ ရသေ့ပြုနေသော ယခုအခါ၌။
သန္နိဓိံ ကုဗ္ဗသိ – နက်ဖြန်သန်ဘက် စသည်မှာ သုံးဖို့ရာ ရည်ရွယ်၍ အဖိုးမတန်လှသော ဆားကို သိမ်းထားသမှု ပြုတုံဘိ၏။
အဲဒီလို အကဲ့ရဲ့ခံရတော့ ဝေဒေဟရသေ့က မခံချင်ဘူး။
လူဆိုတာ အပြစ်ရှိနေတာ ဟုတ်ပေမယ့် မိမိကို ကဲ့ရဲ့ ပြစ်တင်တာကိုတော့ ခွင့်မပြုချင်ဘူး။ ငုံ့ခံမနေချင်ဘူး။ ပြန်လည် ချေပလိုမြဲပဲ။
ဒါကြောင့် ဝေဒေဟရသေ့ကလည်း ဒီလို ပြန်ပြီး ချေပပါတယ်။
ဟိတွာ ဂန္ဓာရ၀ိသယံ၊
ပဟူတဓနဓာရိယံ။
ပသာသနတော နိက္ခန္တော၊
ဣဓ ဒါနိ ပသာသသိ။
+++
အာစရိယ – ဆရာရသေ့။
ပဟူတဓနဓာရိယံ – များစွာသော ဥစ္စာ၏ တည်ရာဖြစ်သော။
ဂန္ဓာရ၀ိသယံ – ဂန္ဓာရတိုင်းပြည်အရပ်ကို။
ဟိတွာ – စွန့်လွှတ်ခဲ့ပြီး၍။
ပသာသနတော – သူတပါးအား ညွှန်ကြားဆုံးမရာ ဂန္ဓာရဘုရင်အဖြစ်မှ။
နိက္ခန္တော – ထွက်ခွာခဲ့ပြီးသော။
တွံ – သင်ဆရာသည်။
ဣဓ – လက်အောက်ခံ ကင်းပသည့် ဤရသေ့ဘ၀၌။
ဣဒါနိ – ယခုအခါဝယ်။
ပသာသသိ – ဆုံးမရန် တာဝန်မရှိသော ကျွန်ုပ်အား ညွှန်ကြားဆုံးမတုံဘိ၏ တဲ့။
အဲဒီတော့ ဘုရားအလောင်း ဂန္ဓာရရသေ့က ဒီလို ရှင်းပြပါတယ်။
ဓမ္မံ ဘဏာမိ ဝေဒေဟ၊
အဓမ္မော မေ န ရုစ္စတိ။
ဓမ္မံ မေ ဘဏမာနဿ၊
န ပါပ မုပလိမ္ပတိ။
+++
ဝေဒေဟ – ဝေဒေဟရသေ့။
အဟံ – ငါသည်။
ဓမ္မံ – အမှန်တရားကို။
ဘဏာမိ – ပြောပြပါသည်။
မေ – ငါ့အား။
အဓမ္မော – တရားမှား အကျင့်မှားသည်။
န ရုစ္စတိ – မနှစ်သက်ပါ။
ဓမ္မံ – တရားမှန် လမ်းမှန်ကို။
ဘဏမာနဿ – ပြောပြသော။
မေ – ငါအား။
ပါပံ – မကောင်းမှု အညစ်အကြေးသည်။
န ဥပလိမ္ပတိ – မလူးလဲ မကပ်ငြိပါ တဲ့။
အဲဒီလို ရှင်းပြလိုက်တော့ ဝေဒေဟရသေ့ကလည်း အဆုံးအမကို နှစ်သက် လက်ခံပါတယ်။
အဲဒီ ရသေ့ ၂-ပါးဟာ ဈာန်အဘိညာဉ်များကို ဖြစ်ပွားစေပြီး ဗြဟ္မာ့ပြည်သို့ လားရောက်ကြပါသတဲ့။
အဲဒီ ရသေ့ ၂-ပါးထဲက ဝေဒေဟရသေ့ဆိုတာဟာ အရှင်အာနန္ဒာ၏အလောင်းလျာ ဖြစ်ပါသတဲ့။
ဒီဇာတ်ဝတ္ထုမှာ သိစေလိုရင်းကတော့ သာသနာပ ရသေ့လောကမှာတောင် ပစ္စည်းသိမ်းဆည်းမှုကို အပြစ်မြင်ပြီး ကြဉ်ရှောင်ကြတယ်ဆိုတဲ့ အချက်ပါပဲ။
ယခုခေတ် လူတွေ၏ အမြင်နှင့်ဆိုရင် ဆားလောက် သိမ်းထားတာဟာ အပြစ်မရှိဘူးလို့ မြင်မည့်သူက များမှာပါပဲ။
အဲဒီလောက် အသေးအဖွဲ သိမ်းဆည်းမှုကိုတောင် အပြစ်မြင်ပြီး ကြဉ်ရှောင်တာဟာ ကြည်ညိုစရာပါပဲ။
+++++
(ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “တုဝဋကသုတ်တရားတော်´´ မှ)