ဝီထိမုတ်ပိုင်း (ဘုံပိုင်း) – ဘူမိစတုက္က, ပဋိသန္ဓေစတုက္က

၂၀၁၀ ခုနှစ် ဧပြီလ ၁၀ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် ဆရာတော် ဦးသီလာနန္ဒ၏ အဘိဓမ္မာသင်တန်း၊ ၂၇-ပတ်မြောက် သင်ခန်းစာကို လောကချမ်းသာဘုရားကျောင်း၌ သင်ကြား ပို့ချ၏။
ပထမဦးစွာ လောကချမ်းသာဆရာတော်က ဝီထိမုတ်စိတ်များကို ပြန်လည် ရှင်းလင်းပေးပြီး ပဉ္စမပိုင်းဖြစ်သော ဝီထိမုတ်ပိုင်း (ဘုံပိုင်း)နှင့် မိတ်ဆက်ပေး၏။

ဤပဉ္စပိုင်း၏ နောက်ဆုံးအခန်းမှာ သေခါနီးအခါကာလ၌ ဖြစ်ပုံကို ပြသောကြောင့် ကျမ်းဆရာကိုယ်တိုင်က ဤပဉ္စမပိုင်းကို “ဝီထိမုတ်ပိုင်း”ဟု အမည်ပေးခြင်း ဖြစ်၏။
ဤပဉ္စမပိုင်းကိုပင် ၃၁-ဘုံအကြောင်းက စပြီး ပြသောကြောင့် နောက်ဆရာများက “ဘုံပိုင်း”ဟုလည်း ခေါ်ကြ၏။

ဘူမိစတုက္က

သတ္တဝါတို့၏ တည်ရာဌာနကို အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ ဟူ၍ လေးမျိုး ခွဲခြား ပြ၏။

အပါယ်ဘုံ (၄)

ကုသိုလ်ကောင်းမှုတို့ကို ပြုခွင့် များစွာ မရ၊ အကုသိုလ်တို့သာ များပြားသော အရပ်ဌာန ဖြစ်၏။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ အပါယ် လေးဘုံ ရှိ၏။

ငရဲဘုံ

ချမ်းသာ မရှိသော အရပ်ဌာန ဖြစ်၏။
‘သဉ္ဇိုင်း’၊ ‘ကာလသုတ်’၊ ‘သင်္ဃာတ’၊ ‘ရောရုဝ’၊ ‘မဟာရောရုဝ’၊ ‘တာပန’၊ ‘မဟာတာပန’ ဟု ငရဲကြီး ရှစ်ထပ် ရှိ၏။
တစ်ထပ်စီ၏ အရပ်လေးမျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်ကဲ့သို့အရွက်ရှိသော သစ်ပင်တောငရဲ ဟူ၍ ငရဲငယ် လေးခုစီ၊ (ရှစ်ထပ်လုံးတွင် ၈x၄x၄=၁၂၈)
အခြားတစ်နည်း – တစ်ထပ်စီ၏ အရပ်လေးမျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်တောငရဲ၊ ကြိမ်ပိုက်ချောင်းငရဲ ဟူ၍ ငရဲငယ် ငါးခုစီ (ရှစ်ထပ်လုံးတွင် ၈x၄x၅=၁၆၀) ရှိ၏။

ငရဲဘုံတွင်ရှိသော ယမမင်းများမှာ စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းများ ဖြစ်ကြပြီး၊ ငရဲထိန်းများမှာ စာတုမဟာရာဇ်နတ်မျိုးအပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များ ဖြစ်ကြ၏။ ကုသိုလ်မများ အကုသိုလ်မကြီး ငရဲသို့ကျရောက်လာသူများကို ကယ်တင်ရန်အလို့ငှါ စစ်ဆေး မေးမြန်းရ၏။

တိရစ္ဆာန်ဘုံ

အလျားလိုက်သွားတတ်သော သတ္တဝါများ နေထိုင်ရာ အရပ်ဖြစ်၏။ သီးခြား ဘုံဌာနဟု မရှိပေ။ သူတို့၏ ခန္ဓာကိုယ်သာလျှင် သူတို့၏ ဘုံဖြစ်၏။

ပြိတ္တာဘုံ

ချမ်းသာမှ ဝေးသော အရပ်သို့ ရောက်သော သတ္တဝါကို ပြိတ္တာဟု ခေါ်၏။ ဘုံဌာန သီးခြား မရှိ။

အသူရကာယ်ဘုံ

ပြိတ္တာမျိုးပင် ဖြစ်၏။ စားစရာ သောက်စရာ မရှိ၊ အမြဲတမ်း ဒုက္ခခံစားနေရသော သတ္တဝါများ ဖြစ်၏။ ဘုံဌာန သီးခြား မရှိ။

ဤအသူရကာယ်နှင့်မဆိုင်သော အခြား အသုရာ လေးမျိုး ရှိ၏။
(၁) မြင်းမိုရ်တောင်အောက်၌ နေသော တာဝတိံသာနတ်တို့၏ဆန့်ကျင်ဘက်နတ်များကိုလည်း အသုရာ ဟု ခေါ်၏။
(၂) ဘုမ္မစိုးနတ်ကြီးများကို မှီခို ကပ်ရပ်လျက် နေရသော နတ်ငယ်ကလေးများကိုလည်း အသုရာ ဟု ခေါ်၏။
(၃) တစ်ခါ တစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများကိုလည်း အသုရာ ဟု ခေါ်၏။
(၄) စကြာဝဠာကြီး သုံးခု၏ အစပ်အကြား၌ဖြစ်သော လောကန္တရိက်ငရဲသားများကိုလည်း ဗုဒ္ဓဝင်အဋ္ဌကထာ၌ အသုရာ ဟု သုံးနှုန်းထား၏။

ကာမသုဂတိဘုံ (၇)

ကာမတဏှာနှင့်တကွဖြစ်သော ကောင်းသောဘဝ အရပ်ဌာနများ ဖြစ်၏။
‘လူ့ဘုံ’ (မနုဿဘုံ)နှင့် ‘စတုမဟာရာဇ်’၊ ‘တာဝတိံသာ’၊ ‘ယာမာ’၊ ‘တုသိတာ’၊ ‘နိမ္မာန,ရတိ’၊ ‘ပရနိမ္မိတဝသဝတ္တီ’ နတ်ပြည် ခြောက်ထပ်တို့ကို ကာမသုဂတိ ၇-ဘုံဟု ခေါ်၏။

မနုဿ = မကောင်းမှုလုပ်ငန်း၌ အနန္တရိယကံ (မိဘသတ်မှု စသည်) တိုင်အောင် ပြုနိုင်ကြ၍၊ ကောင်းမှုအရာဝယ် ဘုရားဖြစ်သည့်တိုင်အောင် စွမ်းနိုင်ကြသော ထက်မြက်သောစိတ်ရှိသည့် သူ။

စာတုမဟာရာဇာ = ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ (ဝေဿဝဏ္ဏ ဟုလည်း ခေါ်၏) နတ်မင်းကြီး ၄-ယောက်
စာတုမဟာရာဇိက = နတ်မင်းကြီးး ၄-ယောက်၌ ဆည်းကပ် ခစားရသော လက်အောက်ခံနတ်များ

တာဝတိံသာ = သုံးဆယ့်သုံးယောက်သော အမျိုးသားတို့ဖြစ်ရာ ဌာန

ယာမာ = နတ်ချမ်းသာသို့ ကောင်းစွာရောက်သော နတ်များ၏ ဌာန

တုသိတာ = နှစ်သက်ရွှင်လန်းခြင်းသို့ရောက်သော နတ်များ၏ ဌာန

နိမ္မာနရတိ = ကိုယ်တိုင်ဖန်ဆင်းအပ်သော စည်းစိမ်၌ မွေ့လျော်သော နတ်များ၏ ဌာန

ပရနိမ္မိတဝသဝတ္တီ = သူတစ်ပါးတို့ ဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်သော နတ်များ၏ ဌာန

အပါယ် ၄-ဘုံနှင့် ကာမသုဂတိ ၇-ဘုံ = ပေါင်း ၁၁-ဘုံကို ကာမ ၁၁-ဘုံ ဟုလည်း ခေါ်၏။

ရူပါဝစရဘုံ (၁၆)

ပထမဈာန် ၃-ဘုံ

‘ဗြဟ္မပါရိသဇ္ဇာ’ = မဟာဗြဟ္မာကြီး၏ အခြံအရံ ဗြဟ္မာများ၏ ဌာန
‘ဗြဟ္မပုရောဟိတာ’ = မဟာဗြဟ္မာကြီး၏ အမှုကိစ္စတို့ကို ရှေ့ဆောင် စီမံတတ်သော ဗြဟ္မာများ၏ ဌာန
‘မဟာဗြဟ္မာ’ = ဗြဟ္မာမင်းကြီးများ၏ ဌာန
ဤသုံးဘုံမှာ တပြင်တည်း၌ တည်ရှိပြီး ပထမဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏။

ဒုတိယဈာန် ၃-ဘုံ

‘ပရိတ္တာဘာ’ = နည်းသော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အပ္ပမာဏာဘာ’ = များသော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အာဘဿရာ’ = ပိုမို တောက်ပြောင်သော ဗြဟ္မာများ၏ ဌာန
ဤသုံးဘုံမှာလည်း တပြင်တည်းရှိပြီး ဒုတိယဈာန်ရသော ဗြဟ္မာများ၏ အရပ်ဌာန ဖြစ်၏။

တတိယဈာန် ၃-ဘုံ

‘ပရိတ္တသုဘာ’ = နည်းသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘အပ္ပမာဏသုဘာ’ = များသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန
‘သုဘကိဏှာ’ = အမျိုးမျိုးရောပြွမ်းသော တင့်တယ်သော အရောင်အလင်းရှိသော ဗြဟ္မာများ၏ ဌာန

စတုတ္တဈာန်ဘုံ ၇-ဘုံ

‘ဝေဟပ္ဖိုလ်ဘုံ’၊ ‘အသညသတ်ဘုံ’၊
‘အဝိဟာဘုံ’၊ ‘အတပ္ပါဘုံ’၊ ‘သုဒဿာဘုံ’၊ ‘သုဒဿီဘုံ’၊ ‘အကနိဋ္ဌဘုံ’ ဟူ၍ စတုတ္ထဈာန် ၇-ဘုံ ရှိ၏။

ဝေဟပ္ဖိုလ်ဘုံ = ပြန့်ပြောကြီးမားသောအကျိုးရှိသော ဗြဟ္မာကြီးများ၏ ဌာန
အသညသတ်ဘုံ = စိတ်, စေတသိက်တို့ မရှိဘဲ ရုပ်ခန္ဓာကြီးသာရှိသော ဗြဟ္မာကြီးများ၏ ဌာန
ဤဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှာ တပြင်တည်း ရှိ၏။

အဝိဟာဘုံ = မိမိတို့ဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းများစွာကြာအောင် တည်နေသော ဗြဟ္မာကြီးများ၏ ဌာန
အတပ္ပါဘုံ = မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသော ဗြဟ္မာကြီးများ၏ ဌာန
သုဒဿာဘုံ = အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော (ကြည့်ချင်ဖွယ်အလွန်ကောင်းသော) ဗြဟ္မာကြီးများ၏ ဌာန
သုဒဿီဘုံ = သူတစ်ပါးကို ပကတိစက္ခု၊ ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန်မွန် ရှုစားတတ်သော ဗြဟ္မာကြီးများ၏ ဌာန
အကနိဋ္ဌဘုံ = စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို သေးငယ်သောသဘော မရှိကြ၊ အထက်တန်းကျသော ဗြဟ္မာကြီးများ၏ ဌာန
ဤအဝိဟာဘုံမှ အကနိဋ္ဌဘုံ ၅-ဘုံကို စင်ကြယ်သော ပုဂ္ဂိုလ်များ၏နေရာ သုဒ္ဓါဝါသ ၅-ဘုံဟု ခေါ်၏။ အနာဂါမ်ပုဂ္ဂိုလ်များမှ ဤဘုံများတွင် ဖြစ်၏။

အရူပါဝစရဘုံ (၄)

ရူပါဝစရဘုံအထက်၌ ‘အာကာသာနဉ္စာယတနဘုံ’၊ ‘ဝိညာဏဉ္စာယတနဘုံ’၊ ‘အာကိဉ္စညာယတနဘုံ’၊ ‘နေဝသညာနာသညာယတနဘုံ’ အရူပါဝစရ ၄-ဘုံ ရှိ၏။

အာကာသာနဉ္စာယတနဘုံ = အာကာသာနဉ္စာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသေန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
ဝိညာဏဉ္စာယတနဘုံ = ဝိညာဏဉ္စယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
အာကိဉ္စညာယတနဘုံ = အာကိဉ္စညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။
နေဝသညာနာသညာယတနဘုံ = နေဝသညာနာသညာယတန ဝိပါက်စိတ် စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်။

+++++

ဘုံ ပုဂ္ဂိုလ်ရ

‘အပါယ်လေးဘုံ’၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် တစ်ယောက်သာ ဖြစ်နိုင်၏။ (၁x၄-ဘုံ) = (၄)

‘လူ့ဘုံ’၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်မှ လွဲ၍ ကျန်ပုဂ္ဂိုလ် ၁၁-ယောက်တို့ ဖြစ်နိုင်၏။ (၁၁)
‘စတုမဟာရာဇ်ဘုံ’၌လည်း လူ့ဘုံနည်းတူ ၁၁-ယောက် ဖြစ်နိုင်၏။ (၁၁)

‘တာဝတိံသာ’မှ ‘ပရနိမ္မိတဝသဝတ္တီ’တိုင် ဒုဂ္ဂတိအဟိတ်နှင့် သုဂတိအဟိတ်တို့ မဖြစ်နိုင်။ ကျန် ၁၀-ယောက် ဖြစ်နိုင်၏၊ (၁၀x၅-ဘုံ) = (၅၀)

ပထမဈာန် ၃-ဘုံ၊ ဒုတိယဈာန် ၃-ဘုံ၊ တတိယဈာန် ၃-ဘုံနှင့် စတုတ္ထဈာန်မှ ဝေဟပ္ဖိုလ်ဘုံတို့တွင် တိဟိတ်ပုထုဇဉ်နှင့် အရိယာ ၈ ယောက် = ပေါင်း ၉ ယောက် ဖြစ်နိုင်၏။ (၉x၁၀-ဘုံ) = (၉၀)

အသညသတ်ဘုံမှာ ရုပ်သာရှိသဖြင့် သုဂတိအဟိတ် တစ်ယောက် ဖြစ်၏။ (၁)

သုဒ္ဓါဝါသ ၅-ဘုံမှာ အနာဂါမ်ဖြစ်မှသာ ရောက်နိုင်သဖြင့် အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ပုဂ္ဂိုလ် ၃-ယောက် ဖြစ်နိုင်၏။ (၃x၅-ဘုံ) = (၁၅)

အရူပါဝစရ ၄-ဘုံမှာ တိဟိတ်ပုထုဇဉ်နှင့် သောတာပတ္တိမဂ်မှ လွဲ၍ ကျန် အရိယာပုဂ္ဂိုလ် ၇-ယောက်၊ ပေါင်း ၈-ယောက်တို့ ဖြစ်နိုင်၏။ (၈x၄-ဘုံ) = (၃၂)

ပုဂ္ဂိုလ်အားလုံး ပေါင်းသော် ၂၁၄ ယောက် ရ၏။

+++++

ပဋိသန္ဓိစတုက္က

အပါယ်ပဋိသန္ဓေ၊ ကာမသုဂတိပဋိသန္ဓေ၊ ရူပါဝစရပဋိသန္ဓေ၊ အရူပါဝစရပဋိသန္ဓေ ဟူ၍ လေးမျိုး ရှိ၏။

ပဋိသန္ဓေစိတ် ၁၉-ခု ရှိရာ –

အပါယ်လေးဘုံ၌ ‘အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်’ဖြင့် ပဋိသန္ဓေ နေ၏။

လူ့ဘုံနှင့် စတုမဟာရာဇ်ဘုံတို့တွင် မွေးကတည်းက ကျိုး,ကန်း,ဆွံ့အလာသော သတ္တဝါတို့မှာ ‘ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်’ဖြင့် ပဋိသန္ဓေ နေ၏။

လူ့ဘုံနှင့် စတုမဟာရာဇ်ဘုံတို့တွင် မွေးကတည်းက ကျိုး,ကန်း,ဆွံ့အလာသူ မဟုတ်ကြသူများ၊ ကျန် နတ်ပြည် ၅-ခု၊ ဤကာမသုဂတိ ၇-ဘုံတွင် မဟာဝိပါက်စိတ် ၈-ပါးဖြင့် ပဋိသန္ဓေ နေ၏။

ပထမဈာန် ၃-ဘုံရှိ ဗြဟ္မာများမှာ ပထမဈာန်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ နေ၏။

ဒုတိယဈာန် ၃-ဘုံရှိ ဗြဟ္မာများမှာ ဒုတိယဈာန်ဝိပါက်စိတ်၊ တတိယဈာန်ဝိပါက်စိတ်များဖြင့် ပဋိသန္ဓေ နေ၏။

တတိယဈာန် ၃-ဘုံရှိ ဗြဟ္မာများမှာ စတုတ္ထဈာန်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ နေ၏။

ဝေဟပ္ဖိုလ်ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ နေ၏။

အသညသတ်ဘုံမှာ ဇီဝိတနဝကကလာပ် ပဋိသန္ဓေ ဖြစ်၏။

သုဒ္ဓါဝါသ ၅-ဘုံမှာ ပဉ္စမဈာန်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ နေ၏။

အရူပါဝစရဘုံများဖြစ်ကြသော –

အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက်စိတ်ဖြင့်လည်းကောင်း၊
ဝိညာနဉ္စာယတနဘုံ၌ ဝိညာနဉ္စာယတနဝိပါက်စိတ်ဖြင့်လည်းကောင်း၊
အာကိဉ္စညာယတနဘုံ၌ အာကိဉ္စညာယတနဝိပါက်စိတ်ဖြင့်လည်းကောင်း၊
နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဝိပါက်စိတ်ဖြင့်လည်းကောင်း ပဋိသန္ဓေ နေကြ၏။

+++++

သက်တမ်း

အပါယ်ဘုံ၊ လူ့ဘုံ၊ ဘုမ္မစိုးနတ်တို့မှာ သက်တမ်း မမြဲ။
အပါယ်ဘုံ၌ အကုသိုလ်ရှိသလောက် ခံကြရ၏။
လူ့တို့၏ သက်တမ်းမှာ ကျမ်းဂန်များအရ ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်း တက်လိုက် ကျလိုက် သွားနေ၏။
ဘုမ္မစိုးနတ်ကြီးများမှာ အချို့ အလွန် အသက်ရှည်၏။ အချို့ မရှည်။ သက်တမ်း မမြဲ။

စတုမဟာရာဇ်ဘုံမှာ နတ်သက် ၅၀၀၊ လူသက် ၉-သန်း။
အထက်နတ်ဘုံများသို့ နတ်သက် ၂-ဆ၊ လူသက် ၄-ဆစီ တက်သွားသဖြင့် –
တာဝတိံသာဘုံမှာ နတ်သက် ၁၀၀၀၊ လူသက် ၃၆-သန်း၊
ယာမာဘုံမှာ နတ်သက် ၂၀၀၀၊ လူသက် ၁၄၄-သန်း၊
တုသိတာဘုံမှာ နတ်သက် ၄၀၀၀၊ လူသက် ၇၅၆-သန်း၊
နိမ္မာနရတိဘုံမှာ နတ်သက် ၈၀၀၀၊ လူသက် ၂၃၀၄-သန်း၊
ပရနိမ္မိတဝသဝတ္တီဘုံမှာ နတ်သက် ၁၆၀၀၀၊ လူသက် ၉၂၁၆-သန်း ဖြစ်၏။

+++++

‘အာမခံ’ မရပါ ဤလေးဖြာ

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲကို အရှင်စက္ကိန္ဒ က အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ ပါဋိဘောဂသုတ် (အံ၊ စတုက္က၊ ၁၊ ၄၉၁)ကို ဓမ္မဒါနပြု ဟောကြားသွား၏။

“မအိုစေရ၊ အာမခံသူ
ကမ္ဘာလောက၊ ရှာကြတမူ
မရှိရိုးမှတ်၊ မိန့်လတ်ဆူဆူ
ရှင်လူအများ၊ မှတ်သား လိုက်နာယူ။

မနာစေရ၊ အာမခံသူ
ကမ္ဘာလောက၊ ရှာကြတမူ
မရှိရိုးမှတ်၊ မိန့်လတ်ဆူဆူ
ရှင်လူအများ၊ မှတ်သား လိုက်နာယူ။

မသေစေရ၊ အာမခံသူ
ကမ္ဘာလောက၊ ရှာကြတမူ
မရှိရိုးမှတ်၊ မိန့်လတ်ဆူဆူ
ရှင်လူအများ၊ မှတ်သား လိုက်နာယူ။

မိမိပြုငြား၊ ကံများကိုမူ
ကျိုးမပေးရ၊ အာမခံသူ
မရှိရိုးမှတ်၊ မိန့်လတ်ဆူဆူ
ရှင်လူအများ၊ မှတ်သား လိုက်နာယူ။”

တရားပွဲပြီးသော် ၅-မိနစ်မျှ လက်တွေ့ တရားရှုမှတ်ကြပြီး ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

+++++
စာကိုး –
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ‘သင်္ဂြိုဟ်ဘာသာဋီကာ’
အရှင်သီလာနန္ဒာဘိဝံသ၏ ‘အဘိဓမ္မာသင်တန်းပို့ချချက်များ’

Leave a Reply