မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆုံစည်း သိကျွမ်းခဲ့သမျှ – အရှင်သီလာနန္ဒာဘိဝံသ
ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိ၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့် အထိမ်းအမှတ်မော်ကွန်း စာအုပ်(၂၀၀၄)အတွက် စာတည်းအဖွဲ့က ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ(၁၉၂၇-၂၀၀၅)အား မေးမြန်းလျှောက်ထား၍ စာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။
(မေး) တပည့်တော်တို့ကို အခုလို အချိန်ပေးချီးမြှင့်တာ အင်မတန်မှ ဝမ်းမြောက်ပါတယ်ဘုရား။ တပည့်တော်တို့က ဆရာတော်ကြီးရဲ့ ရာပြည့်အထိမ်းအမှတ်အတွက် စာပေပြုစုရတဲ့ စာပေအဖွဲ့ကပါဘုရား။ အရှင်ဘုရားအနေဖြင့် ဆရာတော်ကြီးနှင့် ငယ်စဉ်ကတည်းက တွေ့ဆုံခဲ့ရပြီး၊ ဆရာတော်ကြီးနဲ့လည်း အလွန် အင်မတန်မှ ခင်မင် ရင်းနှီးတယ်ဆိုတာ တပည့်တော်များ သိရှိပါတယ်ဘုရား။ အဲဒါကြောင့် ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တပည့်တော်များ မှတ်သားနားလည်နိုင်ရန် ချီးမြှင့်ပေးပါဘုရား။
(ဖြေ) ဆရာတော်ဘုရားကြီးနဲ့ စတွေ့တာ ၁၉၅၂-ခုနှစ်လောက်က စတွေ့တယ်။ အဲဒီတုန်းက ဆဋ္ဌသင်္ဂါယနာ အစီအစဉ်လုပ်တုန်းပေါ့။ ဆဋ္ဌသင်္ဂါယနာကတော့ ၁၉၅၄-ခုနှစ်မှာ တင်တယ်။ ဆဋ္ဌသင်္ဂါယနာတင်ဖို့ ပိဋကတ်ကျမ်းစာတွေ ပြင်တာကျတော့ ၁၉၅၁-၅၂ ခုနှစ်လောက်ကစပြီး ပြင်တယ်။ အဲဒီ ကျမ်းစာပြင်တော့ ဘုန်းကြီးတို့က အလွန်ငယ်ပါသေးတယ်။ အသက်(၂၀)ကျော်ပဲ ရှိသေးတယ်ဆိုတော့ အကူအညီအနေနဲ့ လာရတယ်။ စာပြင်ဆရာမဟုတ်သေးဘူး။ အဲဒီလို အကူအညီဘဝနဲ့ လာပြီးတော့ … အဲဒီတုန်းက သာသနာ့ရိပ်သာမှာလည်း နေရာက မရှိသေးဘူး။ ဆောက်လုပ်ဆဲ ရှိသေးတယ်။ ကမ္ဘာအေးက ဆောက်တုန်းရှိသေးတယ်။ ဒီသာသနာ့ရိပ်သာမှာပဲ တည်းရတယ်။ ဘုန်းကြီးတို့ကတော့ ပိဋကတ်တိုက်အပေါ်ထပ်မှာ နေပြီးတော့ စာပြင်တယ်ပေါ့လေ။
စာပြင်တာက (၃)ပိုင်း ရှိတယ်။ “မူလဝိသောဓက၊ ပဋိဝိသောဓက၊ သြသာနသောဓေယျပတ္တပါဌက´´ရယ်လို့ (၃)ပိုင်း ရှိတယ်။
“မူလဝိသောဓက´´ဆိုတာက နယ်က ဆရာတော်တွေက ပြင်လိုက်တာ။ အဲဒီ ပြင်တာကိုမှ ရန်ကုန်ကို ပို့တယ်။ ရန်ကုန်ရောက်တော့ ရန်ကုန်မှာ တခါ စာပြင်ဆရာအများ စုပြီးတော့ ထပ်ပြင်တယ်။ ပိုပြီးတော့ သေချာအောင်ပေါ့။ အဲဒါက “ပဋိဝိသောဓက´´လို့ ခေါ်တယ်။ အဲဒီ ပဋိဝိသောဓကပြီးတဲ့အခါကျမှ နောက်ဆုံး ပရုဖတ် “သြသာနသာဓေယျပတ္တပါဌက´´။ အဲဒီအဖွဲ့ကတော့ (၅)ပါးတည်း ဖွဲ့တယ်။ အဲဒီ (၅)ပါးထဲမှာ မဟာစည်ဆရာတော်ဘုရားကြီး တစ်ပါးအပါအဝင်ပေါ့။ တခြား ဝိဇ္ဇာလင်္ကာရဆရာတော်၊ ဗားကရာတိုက်က ဆရာတော်၊ ရန်ကုန်-ဘုရားကြီးတိုက် ဆရာတော်။ ဒါပေမယ်လို့ များသောအားဖြင့် ညောင်ဦးဆရာတော်က ဆောင်ရွက်တယ်။ ဘုရားကြီးတိုက်ဆရာတော်က ဒီလောက် မဆောင်ရွက်ဘူး။ ပြီးတော့ သီဟိုဠ်ဆရာတော်။ အဲဒီ ဆရာတော်တွေနဲ့ အတူတူ တစ်ခါ ပြုလုပ်ရပါတယ်။
အဲဒီလို ပြုလုပ်တဲ့အခါကျတော့ ဘုန်းကြီးတို့ကတော့ အကူအညီပေါ့။ အကူအညီဆိုတော့ စာရှာစရာရှိရင် ဘုန်းကြီးတို့ကပဲ ရှာ၊ အကုန်လုံး လုပ်ပေးရတယ်။ ဆရာတော်ကြီးတွေက အဲဒါတွေ ကြည့်ပြီးတော့မှ ဆုံးဖြတ်ကြတယ်။ ကောင်းတယ်ထင်တာကို အတည်ပြုတယ်။ “သြသာနသောဓေယျပတ္တပါဌက´´က အတည်ပြုပြီးရင်တော့ နောက်ထပ် မရှိတော့ဘူး။ ဒီ … ကျမ်းစာအနေအထားရော အားလုံးဟာ “သြသာနသောဓေယျပတ္တပါဌက´´ တာဝန်။ ခေါင်းစဉ်တပ်တာက အစ။
အဲဒီမှာ ခေါင်းစဉ်တပ်တာနဲ့ပတ်သက်ပြီး ပြောချင်တယ်။ အခုစာတွေမှာ ခေါင်းစဉ်တပ်တဲ့အခါကျတော့ ဝိဘတ်မပါဘဲနဲ့ ခေါင်းစဉ်တပ်တယ်။ လူတွေကတော့ သိပ်နားလည်မှာ မဟုတ်ဘူး။
ဆိုပါတော့ … ဓမ္မစက္ကပဝတ္တနသုတ္တ … ဒါ ဝိဘတ် မပါတာ။
တကယ်ဆိုတော့ “ဓမ္မစက္ကပဝတ္တနသုတ္တံ´´ဖြစ်စေ၊ “ဓမ္မစက္ကပဝတ္တနသုတ္တန္တော´´ဖြစ်စေ နေရမှာ။
အဲဒီ ခေါင်းစဉ်တွေတပ်တာ ဘာ့ကြောင့်လဲဆိုတော့ ဒီဆဋ္ဌသင်္ဂါယနာပြီးသွားရင် နောက်ထပ် မရှိတော့ဘူး။ အဲဒီတော့ နောက်လူတွေက ဒီခေါင်းစဉ်တွေဟာ စာပြင်ဆရာတော်တွေက ထည့်ထားတာလို့ သိအောင်ဆိုပြီး လုပ်ထားတာ။ အကယ်၍ ဝိဘတ်တပ်လိုက်ရင် သင်္ဂါယနတင်ခေတ်တုန်းကတည်းက လုပ်ထားတယ်လို့ ထင်မှာ စိုးလို့။ အမှန်ကတော့ ခေါင်းစဉ်တွေက ရှေးတုန်းက စာအုပ်တွေမှာ မပါဘူး။ အခုမှ ထည့်တာ။ အဲဒါကြောင့်မို့လို့ ဝိဘတ်မပါဘဲနဲ့ ခေါင်းစဉ်တပ်တာ။ ဒါကို သိတဲ့သူ အင်မတန် နည်းတယ်။
အဲဒီတော့ အဲဒီမှာ အလုပ်လုပ်ရင်းနဲ့ ဆရာတော်နဲ့ စပြီး ရင်းနှီးတာပေါ့လေ။
အဲဒီတော့ ဆရာတော်က ပိဋကတ်မှာ နှစ်မျိုးရှိတယ်။
သင်ရိုးပိဋကတ်သုံးပုံနှင့် ကျမ်းအိပ်ဆိုပြီး ရှိပါတယ်။
သင်ရိုးပိဋကတ်ဆိုတာက စာအုပ်နှစ်ဆယ်ကို ခေါ်တယ်။ သုတ်သုံးကျမ်း၊ ဝိနည်းငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ဒီစာအုပ်နှစ်ဆယ်ကို သင်ရိုးလို့ ခေါ်တယ်။ ဒါဟာ ဘုန်းကြီးတိုင်း သင်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
တခြား မဇ္ဈိမနိကာယ်တို့ကျတော့ ကျမ်းအိပ်လို့ ခေါ်တယ်။ ဒါကို ပုဂ္ဂိုလ်တိုင်း မသင်ဘူး။ မဟာစည်ဆရာတော်ကတော့ အဲဒီကျမ်းအိပ်တွေမှာပါ နှံ့စပ်တယ်။ စာတစ်ခုပြင်စရာရှိရင် ဒါဘယ်ကျမ်းမှာလည်း ရှိသေးတယ် … စသည်ဖြင့် ညွှန်ကြားတယ်။ အဲဒီညွှန်ကြားတာကို ရှာယူပြီး တင်ပြရတယ်။
ပြီးတော့ မဟာစည်ဆရာတော်အနေနဲ့ ဝိနည်းသိက္ခာပုဒ် လေးစားတာတွေ ရှိသေးတယ်။
ဒါတွေ အထူးပြောစရာ မလိုပါဘူး။ အားလုံး သိပြီးသားပဲ။ နောက်တစ်ခုက ဘာလဲဆိုတော့ အမေရိကန်သွားတုန်းက အဖြစ်အပျက်ကလေးတွေပေါ့။ ဒီကနေ သွားတယ်ဆိုပါတော့။ ဘန်ကောက်ရောက်တယ်။ ဘန်ကောက်မှာ ညအိပ်ရတယ်။ အဲဒီတုန်းက ဝပ်မဟာထပ်ဆရာတော်ကြီးဆိုတာ ရှိတယ်။ မဟာစည်ဆရာတော်ထက် ကြီးတယ်။ အဲဒီဆရာတော်ကြီးက ဆင်းပြီးတော့ ကြိုတယ်။
ကြိုပြီးတော့ သူတို့က လက်ကို နံ့သာရေနှင့် ဆေးတယ်။ အဲဒါသူတို့ထုံးစံတဲ့။ အဲဒီအခါကျတော့ မဟာစည်ဆရာတော်က အင်တင်တင် လုပ်နေတယ်။ လက်ကို ထုတ်မပေးချင်ဘူး။ အဲဒီလို အင်တင်တင် လုပ်နေတော့ အဲဒီဆရာတော်ကြီးက ပြောတယ်။ ဒါဟာ ဒီနိုင်ငံမှာ ထုံးစံပါ။ လုပ်သာ လုပ်ပါဆိုတော့ ဆရာတော်ကြီးစကားကို လေးစားသောအားဖြင့် လုပ်လိုက်ပါတယ်။
ဒါနဲ့ သွားကြတဲ့အခါ လေယာဉ်ပျံက ဘန်ကောက်က ထွက်တာ (၃)နာရီလောက် နောက်ကျတယ်။ အဲဒီလို နောက်ကျတော့ ဂျပန်ထိအောင် မသွားနိုင်ဘူး။ အဲဒီတုန်းက ဂျပန်လေဆိပ်ဆင်းရတာ အချိန်အပိုင်းအခြား ရှိတယ်။ အဲဒီလို မရောက်နိုင်တော့ ထိုင်ဝမ်မှာ အိပ်ရတယ်။ ထိုင်ဝမ်မှာ ဆင်းတဲ့အခါကျတော့ ဟိုတယ်ကို ပို့တာပေါ့လေ။ ပို့တော့ လာပင့်တဲ့လူက မြန်မြန်လျှောက်ပါလို့ ပြောတယ်။ အဲဒီလို ပြောတာကို ဆရာတော်ကြီးက နားမလည်သလိုနဲ့ နဂိုမူလအတိုင်းပဲ လျှောက်တယ်။ ဣနြေ္ဒအပျက်ခံပြီး မြန်မြန် မလျှောက်ဘူး။ အဲဒါတစ်ခု တွေ့ရတယ်။
နောက်တစ်ခုကတော့ ထိုင်ဝမ်ရောက်တဲ့အခါကျတော့ ဟိုတယ်မှာ တည်းတယ်။ ဆရာတော်က ကုလားထိုင်မှာပဲ ကျိန်းစက်တယ်။ အိပ်ရာမှာ မကျိန်းဘူး။ ဟိုတယ်ဆိုတော့ အားလုံး ဆက်ဆံနေတာကိုး။ အဲဒါတစ်ခု တွေ့ရတယ်။
ဆန်ဖရန်စစ္စကို ရောက်သွားတဲ့အခါကျတော့ တရားပွဲလုပ်တယ်။ တရားပွဲလုပ်တဲ့အခါမှာ `ဆရာတော်ဘုရား … ဒီစိပ်ပုတီးလေးကို သိဒ္ဓိတင်ပေးတော်မူပါဘုရား´လို့ ဗမာ ဒကာမတစ်ယောက်က လျှောက်တယ်။
လျှောက်တဲ့အခါကျတော့ ဆရာတော်ကြီးက `ဘုန်းကြီးတို့ မလုပ်တတ်ဘူး´ ဒါဟာ ဂိုဏ်းဘုန်းကြီးတွေ လုပ်တာ။ ဘုန်းကြီးတို့မှာ ဘာတန်ခိုးမှလည်း မရှိဘူးပေါ့လေ။ မလုပ်ဘူးဆိုပြီး ဒီအတိုင်းပဲ နေလိုက်တယ်။ ဒါတစ်ချက်။
နောက်တစ်ခုကတော့ ဘုန်းကြီးတို့ ဆရာတော်နဲ့ အတူတူ လိုက်နေတဲ့အခါကျတော့ ဆွမ်းစားတဲ့အခါကျတော့ စကားပြောကြတယ်။ အဲဒီလို ပြောကြတော့ ပထမတော့ ဆရာတော်ကြီးက သည်းခံနေသေးတယ်။ တော်တော်လေး ရက်ရတဲ့အခါကျတော့ ဆရာတော်က ပြောတယ်။ `အမှတ်နဲ့ စားကြတဲ့´။ ဒါဟာ ဆရာတော် … တို့ကို မာန်တာပဲလို့ ဒီလို ယူဆတာပေါ့လေ။ အဲဒါနဲ့ အရှိန်သတ်ပြီးတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ စားတယ်။ အဲဒီလို ဆုံးမတဲ့အခါမှာလည်း ဆရာတော်က ကြမ်းတမ်းတဲ့ စကားလုံးကို မသုံးဘဲနဲ့ ခံသာအောင် ပြောပြီးတော့ ဆုံးမတယ်။ အဲဒါ တွေ့ရတယ်။
အခု ဆဋ္ဌသင်္ဂါယနာနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့လေ။ ဆဋ္ဌသင်္ဂါယနာလုပ်တဲ့အခါကျတော့ … သင်္ဂါယနာဆိုတာ ဝိုင်းပြီး ရွတ်တာကို သင်္ဂါယနာခေါ်တယ်။ အဲဒီ သင်္ဂါယနာမှာက မေးတဲ့ပုဂ္ဂိုလ် ရှိတယ်။ ဖြေတဲ့ပုဂ္ဂိုလ် ရှိရတယ်။ မေးတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်သုတ် ဘယ်မှာဟောသလဲ စသည်ဖြင့် မေး၊ ဖြေတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်သုတ် ဘယ်မှာဟောတယ် စသည်ဖြင့် ဖြေရတယ်။ အဲဒီလို အမေးနဲ့ အဖြေ။
ပထမသင်္ဂါယနာတုန်းကတော့ အမေးကို ရှင်မဟာကဿပ ဆောင်ရွက်တယ်။ အဖြေကို အရှင်ဥပါလိနဲ့ အရှင်အာနန္ဒာ ဆောင်ရွက်တယ်။
ဒီဆဋ္ဌသင်္ဂါယနာကျတော့ ညောင်ရမ်းဆရာတော်ကြီးကလည်း ရှိတယ်။ ညောင်ရမ်းဆရာတော်ကြီးကိုတော့ ဒီအတိုင်းပဲ သံဃာ့နာယကအနေနဲ့ ထားပြီးတော့ မဟာစည်ဆရာတော်က ပုစ္ဆက အမေးဆရာတော် လုပ်ရတယ်။ ဆရာတော်ဦးဝိစိတ္တက အဖြေဆရာတော် လုပ်ရတယ်။
ဒီလို လုပ်တဲ့အခါကျတော့ ဆရာတော်တို့ကတော့ စောစောကတည်းက ကြိုတင် ညှိထားတာ။ ပထမနေ့က မဟာစည်ဆရာတော်နဲ့ ဦးဝိစိတ္တ ဒီနှစ်ပါးလုပ်ကြတယ်။ အဲဒီလို အမေးအဖြေလုပ်တာ အချိုးကျသွားတယ်။ ပြီးသွားတဲ့နောက်ကျတော့ အဲဒီနေ့မှာပဲ တချို့ဆရာတွေက မကျေနပ်ဘူး။ မဟာစည်ဆရာတော်ကို ဒီနေရာပေးရမလားဆိုပြီးတော့ … မဟာစည်ဆရာတော်က ကမ္မဋ္ဌာန်းဘုန်းကြီးလေးပဲပေါ့လေ။ တခြားဆရာတော်တွေ ရှိတာပဲ၊ တခြားဆရာတော်တွေကို ခိုင်းရမယ်ဆိုပြီး ဝိဇ္ဇာလင်္ကာရဆရာတော်ကို သွားပြောကြတယ်။
ဝိဇ္ဇာလင်္ကာရဆရာတော်လည်း မနေသာတော့ အဲဒီမှာ သူတို့အလိုအတိုင်း လိုက်ရတယ်။
နောက်တစ်နေ့ကျတော့ တခြားဆရာတော်က မေးတယ်။ ဦးဝိစိတ္တက ဖြေတယ်။
အဲဒီလို ဖြေတဲ့အခါကျတော့ ဟိုဆရာတော်ကလည်း ကြိုတင် စီစဉ်မှု ဘာမျှ မရှိဘူး။ လုပ်ပါဆိုလို့ လက်ခံပြီး လုပ်လိုက်ရတယ်။ အမေးအဖြေလုပ်ကြတော့ သမ္မတကြီးရောက်လို့ ငါးမိနစ်လောက်ရှိသေးတယ်၊ ပြီးသွားပြီ။ နံနက် သင်္ဂါယနာတင်တဲ့ကိစ္စ ပြီးသွားပြီ။
အဲဒီလို ဖြစ်သွားတော့ ဝန်ကြီးချုပ်က စိတ်ဆိုးတာပေါ့လေ။ တပည့်တော်တို့ကို အရှက်ခွဲတာပဲပေါ့။ အဲဒါနဲ့ သူက ဆရာတော်တွေကို လာပြောတယ်။ ဒီလိုမဖြစ်ပါစေနဲ့ဆိုတော့မှ နောက်နေ့ကျတော့ မဟာစည်ဆရာတော် ပြန်ခိုင်းရတယ်။
ပထမနေ့က မဟာစည်ဆရာတော် လုပ်တယ်။
ဒုတိယနေ့မှာ တခြားဆရာတော်ကြီးတစ်ပါး လုပ်တယ်။
တတိယနေ့ကျတော့ မဟာစည်ဆရာတော်ပဲ ပြန်လုပ်ရတယ်။
မဟာစည်ဆရာတော်ကြီးကျတော့ ခုနကလို တိုက်ထားတာဆိုတော့ အချိုးကျတာပေါ့လေ။ အဆင်ပြေပြေ ချောချောမောမောလည်း ပြီးတယ်။
အမှန်ကတော့ တခြားဆရာတော်ကြီးလည်းပဲ ကြိုတင် ပြင်ဆင်ထားရရင်တော့ သိပ်ပြောစရာ မလိုပါဘူး။ အခုတော့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဒီအတိုင်း လက်ခံလိုက်တာကိုး။
ဒါပေမယ့်လို့ လူတွေက မဟာစည်ဆရာတော် ပါမှ သင်္ဂါယနာကိစ္စပြီးတယ်လို့ အဲဒီလို ယူဆသွားကြတယ်။ ဒီတော့ မဟာစည်ဆရာတော် ပိုပြီးတော့ နာမည်ထွက်သွားတာပေါ့။
အဲဒါနဲ့ ပါဠိသင်္ဂါယနာပြီးသွားတယ်။
အဲဒီနောက် အဋ္ဌကထာ သင်္ဂါယနာဆိုပြီး ဆက်လုပ်တယ်။
ဆက်လုပ်တဲ့အခါကျတော့ ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ။ ပါဠိတော်တုန်းကတော့ စာကလည်းရှိတော့ အမေးအဖြေပုံစံနဲ့ လုပ်သွားတာကိုး။
အဋ္ဌကထာက ဒီလိုလည်း မရှိဘူး။ အစဉ်အလာ မရှိဘူး ဆိုပါတော့။
အဲဒီကျတော့ မဟာစည်ဆရာတော်က `အဋ္ဌကထာ စိစစ်ခန်း´ဆိုပြီးတော့ ပြောမယ်။
အဲဒီကျတော့ ဆရာတော်တစ်ပါးတည်း ပြောတယ်။
အဲဒါ စာအုပ်တွေလည်း ထုတ်ပါတယ်။
မဟာစည်ဆရာတော်က အစထွင်တာပေါ့လေ။ နောက်တော့ မဟာစည်ဆရာတော် နေမကောင်းလို့ အနီးစခမ်းဆရာတော် ဆက်ပြီး လုပ်ရတယ်။
အဲဒါက အဋ္ဌကထာ ဋီကာတွေပေါ့လေ။
ခုနက စာပြင်တာနဲ့ပတ်သက်ပြီးတော့ စာပြင်တာ (၃)ဆင့် ရှိတယ်။
တတိယအဆင့်က `သြသာနသောဓေယျပတ္တပါဌက´မှာ ဆရာတော် ပါခဲ့တယ်။ ဆရာတော်က အစမှ အဆုံးတိုင် ပါခဲ့တယ်။
ကျမ်းပေါင်း (၁၁၇)ကျမ်း ရှိတယ်။ အဲဒီကျမ်းအားလုံး ဆရာတော် ပြင်တယ်။
အဲဒီမှာ ဘာတစ်ခု ထူးခြားတာရှိလဲဆိုရင် ဝိသုဒ္ဓိမဂ်ကျမ်းကို ပြင်ဆင်ဖို့ကျတော့ ဝိဇ္ဇာလင်္ကာရဆရာတော်က ဆရာတော်အပေါ် သိပ်ယုံကြည်တယ်။ ဆရာတော်တစ်ပါးတည်းပဲ ပြင်ပါဆိုပြီး ဆရာတော်ကို ပုံပြီး အပ်တယ်။ အဲဒါလည်း ပြီးသွားတာပဲ။ လူတိုင်း သိတယ်။
ပြီးတော့ ဝိသုဒ္ဓိမဂ်နိဒါန်းဆိုတာ ရေးဖို့၊ အဲဒီဟာကတော့ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်စာလုံးနဲ့ ရိုက်တယ်။ နိဒါန်းကြီး ထည့်တယ်။ အဲဒီနိဒါန်းကို ဘုန်းကြီးက ဖတ်တယ်။ အဲဒီမှာ `အရှင်ဗုဒ္ဓဃောသ´ကို ထိခိုက်ပြီး ရေးသားထားတဲ့ စကားတွေ ပါတယ်။ ရေးတဲ့သူကလည်း အိန္ဒိယနိုင်ငံသားပဲ။ ဒါပေမယ်လို့ သူတို့က အရှင်ဗုဒ္ဓဃောသကို ဘာညာဆိုပြီး ရေးထားတာတွေ ပါတယ်။ အဲဒါတွေ ပါတော့ ဘုန်းကြီးက ဝိဇ္ဇာလင်္ကာရဆရာတော်ကို လျှောက်တယ်။ ဆရာတော် … သူများတွေကတော့ ဒီလို ရေးနေပြီ။ တနည်းနည်းတော့ ပြန်မှ ကောင်းမယ် ထင်တယ် … ဆိုတော့ ဒါဖြင့် မင်း အဲဒါကို ဘာသာပြန်လိုက်။ ဘာသာပြန်ပြီးရင် ဝန်ဆောင်ဆရာတော်တွေထံ အကုန်ပေးမယ်။ ပြီးတော့မှ ဆရာတော်တွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်မယ်ဆိုပြီး ဘာသာပြန်စေတယ်။
ဝေပြီး နောက်ဆုံးကျတော့ ဒါဟာ ပြန်ရေးသင့်တယ်ပေါ့။
ဘယ်သူ့ကို ရေးခိုင်းမှာလဲဆိုတော့ အနီးစခမ်းဆရာတော်၊ မဟာစည်ဆရာတော်၊ ဦးဝိစိတ္တ၊ ဘုန်းကြီးတို့ရယ်ဆိုပြီး (၄)ပါးကို တာဝန်ပေးတယ်။ (၄)ပါး လွှဲပေမယ်လို့ အမှန်အတိုင်း ပြောရရင် ဆရာတော်တစ်ပါးတည်း ရေးတာ။ ဘုန်းကြီးတို့က ကိုယ့်တာဝန်နဲ့ကိုယ် ရှိနေတော့ မလုပ်နိုင်ပါဘူး။ မဟာစည်ဆရာတော်တစ်ပါးတည်း ရေးတာ။ အခိုင်းခံရတာကျတော့ (၄)ပါး အခိုင်းခံရတယ်။
အဲဒီဟာ ရေးတဲ့အခါကျတော့ အရှင်ဗုဒ္ဓဃောသရဲ့ ထေရုပ္ပတ္တိရော၊ တခြား သိသင့်သိထိုက်တဲ့ အချက်အလက်ပါ စုံအောင်ဆိုပြီး နိဒါန်းကို ရေးတော်မူတယ်။ နိဒါန်းအစိတ်အပိုင်း ရေးပြီး တခါ လာဖတ်ပြတယ်။ လာဖတ်ပြတဲ့ အချိန်တုန်းက ဘာမှ ပြင်စရာ မရှိဘူး။ ဒီအတိုင်းပဲ လက်ခံတယ်။
အဲဒီနိဒါန်းကို ထုတ်ဝေပြီးတဲ့နောက်ကျတော့ အိန္ဒိယပညာရှင်တွေကလည်း ချီးမွမ်းတယ်လို့ ကြားရတယ်။
အဲဒီနိဒါန်းကို ဝိသုဒ္ဓိမြန်မာပြန် ပထမအုပ်မှာ ထည့်တယ်။
အဲဒီမှာ ဘာတစ်ခုဖြစ်သလဲဆိုတော့ ဆရာတော်က ရေးပြီးတဲ့အခါကျတော့ ဒီနိဒါန်းကို သပြေကန်ဆရာတော်ကြီး ဦးဝါသေဋ္ဌထံ ပို့လိုက်တယ်။ မသင့်တာရှိရင် ကြည့်ပြင်ပေးပါဆိုတဲ့အနေနဲ့ ပို့လိုက်တယ်။ အဲဒီဆရာတော်က ပါဠိလို သိပ်တော်တဲ့ ဆရာတော်။
အဲဒီတော့ အဲဒီဆရာတော်က ဖတ်ပြီးတော့ သိပ်သဘောကျတယ်။
သဘောကျတော့ ပြင်စရာ မရှိဘူးပေါ့လေ။
ဒါပေမယ်လို့ သူက `အနုဂီတိ´ဆိုပြီးတော့ ဂါထာတွေ ပြန်ပြီးတော့ ရေးပေးလိုက်တယ်။ ဂါထာတွေ ရှစ်ဆယ်လောက် ရှိတယ်။ ဂါထာမှ ရှစ်လုံးဖွဲ့ဂါထာတောင် မဟုတ်ဘူး။ အတော်ခက်တဲ့ ဆယ့်နှစ်လုံးဖွဲ့ဂါထာတွေ။ အဲဒါတွေ ရေးပြီး ပြန်ပို့လိုက်တယ်။
ပို့လိုက်တဲ့အခါကျတော့ ဆရာတော်က နောင်လာနောက်သားတွေ နည်းလမ်းယူရအောင်ဆိုပြီး နိဿယပါရေးခိုင်းတာ။ အဲဒီဆရာတော်ကိုပဲ ရေးခိုင်းတာ။ ဘာဖြစ်လို့လဲဆိုတော့ သူရေးတဲ့ဂါထာပါဠိ သူပြန်ရေးမှပဲ ဖြစ်မှာကိုး။ အဲဒါကိုတော့ ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယအုပ်မှာ ထည့်ထားတယ်။
ပြီးတော့ ဆရာတော်ရဲ့ ကျမ်းစာတွေနဲ့ ပတ်သက်ပြီးတော့ ပြောချင်တယ်။
ဆရာတော်ရဲ့ ကျမ်းစာ၊ နှစ်မျိုးခွဲပြီး ပြောမယ်။
တစ်မျိုးကတော့ ဆရာတော်ဟောတဲ့ တရားတွေကိုပဲ အနည်းငယ်ပြုပြင်ပြီး ရေးထားတဲ့ ကျမ်း။ ဓမ္မစကြာတို့၊ အနတ္တလက္ခဏသုတ်တို့ အများကြီး ရှိတယ်။
အမှန်မှာ ဆရာတော်က ကျမ်းရေးတာ မဟုတ်ဘူး။ တရားဟောတာ။ အဲဒီ တရားဟောတာကိုပဲ ကျမ်းအဖြစ်နဲ့ ထုတ်တာ။ အဲဒါ ကျမ်းမဟုတ်သေးဘူး။ စာအုပ်ပဲ ရှိသေးတယ်။
ဒါပေမယ်လို့ အဲဒီစာအုပ်တွေကြောင့် ဆရာတော် ပိုပြီး နာမည်ကြီးတာ။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်တွေက စကားပြောသလို ရေးထားတာကိုး။ တရားဟောတဲ့အတိုင်း ရေးထားတာဆိုတော့ ဖတ်ရတာ လွယ်တယ်ဆိုတော့ များသောအားဖြင့် လူတွေ နားလည်လွယ်ကြတယ်။
အဲဒီကျမ်းတွေကြောင့် ဆရာတော် ပိုပြီး နာမည်ကြီးတာ။ ဒါ့ပြင် ကျမ်းဂန်အနေနဲ့ ရေးတဲ့ စာအုပ်တွေလည်း ရှိသေးတယ်။
ပထမဆုံး မဟာသတိပဋ္ဌာနသုတ် နိဿယ။ မဟာသတိပဋ္ဌာနသုတ်ဆိုတာ ရှေးတုန်းကလည်း ဆရာတော်ဦးဗုဓ် နိဿယရှိတယ်။ ဒါပေမယ်လို့ ဆရာတော်က အသစ်ရေးတယ်။ မဟာသတိပဋ္ဌာနသုတ် နိဿယရေးတဲ့အခါကျတော့ ထူးခြားချက်တွေ ပါလာတာပေါ့လေ။
သိပ်အရေးမကြီးဘူးလို့ ထင်ရတဲ့ ကိုယ်လိုသူလို သာမန် သိထားတဲ့ အရာမျိုး။
ဒါကတော့ ဘုန်းကြီးချင်း ပြောမှ နားလည်မယ်။ လူတွေတော့ နားလည်မှာ မဟုတ်ဘူး။
ဗဟုဝုစ်နဲ့ ပါဠိမှာ ရှိတယ်။ ဒါပေမယ်လို့ ဘာသာပြန်တဲ့အခါကျတော့ ဧကဝုစ်နဲ့ ပြန်မှ မြန်မာလို ကိုက်မယ်ဆိုပြီး ဆရာတော်က ဗဟုဝုစ်ကို ဧကဝုစ် ပေးထားတာ ရှိတယ်။
ပြီးတော့ ထူးခြားချက်ကတော့ ကိုယ့်အဇ္ဈတ္တလည်း ရှိတယ်၊ ဗဟိဒ္ဓလည်း ရှိတယ်ဆိုရင် ဗဟိဒ္ဓရှာတာဟာ ဘယ်လို၊ အဲဒါမျိုးလေးတွေပေါ့။
စိတ္တာနုပဿနာဆိုရင်လည်းပဲ စိတ်ကိုသရုပ်ခွဲပြီး ရှုတာမျိုး မဟုတ်ဘူး။ စိတ်အရှိ အဖြစ်ကို ရှုတာကို ရေးတာပေါ့။
အဲဒီလို ထူးခြားချက်တွေ ပါတယ်။
အဲဒီဟာက မဟာသတိပဋ္ဌာန နိဿယမှာ အတော် ရှေးကျတုန်းက ရေးခဲ့တာ။
နောက်တစ်ခုကတော့ `ဝိပဿနာရှုနည်းကျမ်း´၊ ဝိပဿနာရှုနည်းကျမ်းကတော့ ဆရာတော်ရဲ့ လက်စွမ်းပြကျမ်းဆိုရင်လည်း ဟုတ်တာပေါ့။
လက်တွေ့နဲ့ စာတွေ့ နှစ်ခုရောပြီး ရေးထားတဲ့ ကျမ်း။
အဲဒီကျမ်းကို ဦးကုမာရက ပါဠိလို ပြန်ထားလို့ မြန်မာလို မတတ်ရင်လည်းပဲ ပါဠိလိုတတ်ရင် နားလည်နေပြီ။
အင်္ဂလိပ်လိုကျတော့ ဘုန်းကြီးကို တာဝန်ပေးထားတာ။ ခုထိ မပြန်ဖြစ်ဘူး ဖြစ်နေတယ်။
ပြီးတော့ ဝိသုဒ္ဓမဂ်မြန်မာပြန်ကျမ်း။ ရှေးတုန်းကလည်း မြန်မာပြန်ကျမ်း ရှိတာပဲ။ ဘုရားသုံးဆူဆရာတော် ရေးတဲ့ မြန်မာပြန်ကျမ်း ရှိတယ်။
ဒါပေမယ်လို့ အဲဒီ မြန်မာပြန်ကျမ်းက လူမပြောနဲ့၊ ဘုန်းကြီးတောင်မှ နားလည်ဖို့ မလွယ်ဘူး။
အမှန်ကတော့ နိဿယကို ပါဠိဖြုတ်သလောက် ရှိတာကိုး။ အရေးအသား ရှုပ်နေတာဆိုတော့ နားမလည်နိုင်ဘူး။
အဲဒါကြောင့်မို့လို့ ဝိသုဒ္ဓိမဂ်ကိုလည်း ဆရာတော်က မြန်မာပြန်တယ်။
ဆရာတော် မြန်မာပြန်တဲ့အခါကျတော့ ဒီအပုဒ်က ဘယ်အပုဒ်မှာ သွားစပ်၊ အနက်ယူ စသည်ဖြင့် မှတ်ချက်ကလေးတွေ အောက်ကလည်း ပါတာကိုး။ အဲဒီလိုဆိုတော့ အများကြီး နားလည်သွားတယ်။
ဒါတောင် ခုခေတ်အနေနဲ့ ပြောရရင် တချို့နေရာတွေလည်း ခက်တာတွေ ရှိဦးမယ်လို့ ထင်တယ်။
သို့သော် ပထမစာအုပ်နဲ့စာရင် အများကြီး လွယ်သွားတယ် ဆိုပါတော့။
ဒါက ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်း (၄)အုပ် ရှိတယ်။
ပြီးတော့ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ။
ဝိသုဒ္ဓိမဂ်မဟာဋီကာဆိုတာ အရှင်ဓမ္မပါလ ရေးတာ။
အဲဒီ ဝိသုဒ္ဓိမဂ်မဟာဋီကာလည်း တချို့နေရာတွေမှာ သိပ်ခက်တယ်။
ဘာကြောင့်ခက်သလဲလို့ဆိုရင် ပရသမယလို့ ခေါ်တဲ့ ဟိန္ဒူအယူအဆတွေ များများ ရေးထားတယ် ဆိုပါတော့။
အဋ္ဌကထာက တို့ရုံ တို့သွားတဲ့ နေရာမှာ သူက ဖော်ပြီး ရေးတယ်။ အဲဒီလိုဆိုတော့ အတော်လေး ကျယ်ဝန်းတယ်။ ကောင်းတယ်။ ဒါပေမယ်လို့ ပါဠိမမှန်တာတွေလည်း ရှိတယ်။ ပြီးတော့ ပရသမယကို ကျွမ်းကျင်တဲ့ ဆရာတော်ဆိုတာလည်း အင်မတန် ရှားတယ်။ ဒီတော့ အဲဒီကျမ်းကို နိဿယ မရေးဝံ့ကြဘူး။
ရှေးနိဿယရှိတယ်ဆိုတာလည်း ရှိတာပဲ။ ဘယ်မှာ နေမှန်းလည်း မသိဘူး။ အဲဒါနဲ့ ဆရာတော်က ဝိသုဒ္ဓိမဂ်မဟာဋီကာကို တခါ ရေးသားတော်မူပါတယ်။ အမှန်ကတော့ တာဝန်ယူရတယ်။
ဒီပုဂ္ဂိုလ်က ဒီဃနိကာယ် တာဝန်ယူပြီးတော့ ချပါ၊ နောက်ပုဂ္ဂိုလ်က မဇ္ဈိမနိကာယ် တာဝန်ယူပြီးတော့ ချပါဆိုတော့ ဆရာတော်က ဝိသုဒ္ဓိမဂ်ကို ယူတာ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်ဋီကာပါ ချရင်းနဲ့ ရေးသွားတာ။
အဲဒီကျမ်း မထွက်ခင်မှာ သမယန္တရပိုင်း ဂဏ္ဌိနိဿယဆိုပြီး စာအုပ်အသေးလေး ထွက်သေးတယ်။
အဲဒါက ခုနက ပြောတဲ့ သမယန္တရလို့ ခေါ်တဲ့ ဟိန္ဒူအယူဝါဒတွေ အဲဒီဆိုင်ရာစာတွေ ထုတ်ပြီးတော့ နိဿယရေးထားတာ။
ဒါက စာအုပ်ကြီးမထွက်ခင် စောစောက ရေးထားတာ။
နောက်တစ်ခုက ဘာလဲဆိုတော့ သာဝိတ္ထီဂါထာဆိုတာ ရှိသေးတယ်။
ဒီဂါထာကို ပါဠိတော်တွေမှာ `အဂ္ဂိဟုတ္တမုခါယညာ၊ သာဝိတ္ထီ ဆန္ဒသော မုခါ´ဆိုပြီးတော့ ဒီလို ရှိတယ်။
အဲဒီမှာ အဋ္ဌကထာတွေက ဖွင့်တဲ့အခါကျတော့ သာဝိတ္ထီဆိုတာ ဘာဆိုတာကို မဖွင့်ဘူး။ သာဝိတ္ထီဟာ ဘာ့ကြောင့် ဝေဒ ရွတ်အံခြင်းရဲ့ ရှေးဦးစွာ ဖြစ်တယ်။ အဲဒီလို ရှေးဦးစွာ ရွတ်ရတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ဝေဒတို့ရဲ့ ရှေးဦးစွာ ရွတ်တယ်လို့ ဒီလိုသာ ဆိုတယ်။
သာဝိတ္ထီဆိုတာ ဘယ်လို ဂါထာဆိုတာကို ဖော်ထုတ် မရေးခဲ့ဘူး။
ဋီကာဆရာကလည်း ဖော်ထုတ်တဲ့အခါကျတော့ အဲဒီသာဝိတ္ထီဂါထာကို မဖော်ထုတ်ဘဲနဲ့ အဲဒီသာဝိတ္ထီရဲ့ ရှေးပြေး သက္ကဋလို `ဘူ၊ ဘူဝ၊ ဆွ´ဆိုတဲ့ (၃)ခုသာ ဖော်ထုတ်ပြီး ရေးခဲ့တယ်။
သာဝတ္ထီဆိုတာ ဘယ်လိုဂါထာဆိုတာ မသိကြဘူး။
အဋ္ဌကထာတွေကတော့ ဘယ်လိုဖွင့်လည်းဆိုတော့ အရိယာ သာဝိတ္ထီအနေနဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိလို့ပဲ သာဝိတ္ထီခေါ်တယ်လို့ ဒီလိုပဲ ရေးတယ်။
တကယ့် သာဝိတ္ထီအစစ် မဖော်ထုတ်ခဲ့ဘူး။
အဲဒါကို မဟာစည်ဆရာတော်က ဖော်ထုတ်ခဲ့တယ်။
အဲဒီအချိန်တုန်းက ဘုန်းကြီးကလည်း သက္ကဋတွေ လေ့လာထားတော့ သိနေတာပေါ့လေ။ သိနေတော့ အဲဒီဂါထာကို ထုတ်ပြီး အဓိပ္ပာယ်ပြန်ရတယ်။ အဲဒီသာဝိတ္ထီဂါထာဆိုတာ အခုထိ သိတဲ့လူ နည်းလိမ့်မယ် ထင်တယ်။ ဘုန်းကြီးထဲကတောင် သိတဲ့ဘုန်းကြီး အလွန်နည်းလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ဝေဒရွတ်အံတဲ့အခါမှာ ပထမဦးဆုံး သူ့ကို ရွတ်ရတယ်လို့ ဆိုတယ်။
ဝေဒရဲ့ အစတော့ မဟုတ်ဘူး။ ဝေဒအစ မဟုတ်ပေမယ်လို့ ဝေဒကျမ်းကို ရွတ်တော့မယ်ဆိုရင် ဒီဂါထာကို ရှေးဦးစွာ ရွတ်ဖတ်ရတယ်လို့ ဆိုလိုပါတယ်။
သူတို့ ဟိန္ဒူမှာတော့ ပရောဟိတ်တိုင်း ရတာပေါ့လေ။ အဲဒီ သာဝိတ္ထီဂါထာကိုလည်းပဲ ဖော်ထုတ်ခဲ့တယ်။ ဒါကိုလည်း အမှန်အတိုင်း ပြောရရင် ဆရာတော်က ဂုဏ်ယူတယ်။
နောက်တစ်ခုက နိဂ္ဂဟဋ္ဌာနဆိုတာ ရှိသေးတယ်။ အဲဒါက ကထာဝတ္ထု အနုဋီကာမှာ ပါတယ်။ နိဂ္ဂဟဋ္ဌာနဆိုတာ မြန်မာလို လွယ်လွယ်ပြောရရင် အရှူံးပေးရတဲ့ အခြေအနေပေါ့။
အဲဒီ နိဂ္ဂဟဋ္ဌာနက (၂၆)ပါး ရှိတယ်။ အဲဒီ (၂၆)ပါးကို ဆရာတော်က ဘုန်းကြီးကို ရေးခိုင်းတယ်။ မင်း ရေးစမ်းကွာတဲ့။ မူရင်းက ဘယ်မှာပါလဲဆိုရင် နယာယဆိုတဲ့ ကျမ်းမှာ ပါတယ်။
အဲဒီကျမ်းမှာပါတဲ့ သုတ်တွေကို ကိုးပြီးတော့ ကထာဝတ္ထုအနုဋီကာမှာ ရေးထားတာ။
အဲဒါကို မင်းရေးရမယ်ဆိုတော့ ဘုန်းကြီးက ရေးရတယ်။
ရေးတဲ့အခါကျတော့ အဲဒီ (၂၆)ခုတည်းနဲ့ဆိုတော့ နည်းနေတယ်။ ကျမ်းတစ်ကျမ်း မလောက်တာနဲ့ ဝါတျာဝယဝဆိုပြီး ဝါကျ အစိတ်(၅)ပါးဆိုတာ ရှိတယ်။ အဲဒီ (၅)ပါးပါ ထည့်ပြီးတော့ ဝါတျာဝယဝဝဏ္ဏနာဆိုပြီး ကျမ်းတစ်ကျမ်း ရေးတယ်။
ရေးတာကတော့ ဘုန်းကြီးရေးတာပါ။ အဲဒီကျမ်းကို ဆရာတော်ထံကို တင်ပြတယ်။ တင်ပြတော့ ဆရာတော်က သဘောကျတယ်။
မဟာစည်ဆရာတော် နိဒါန်းရေးတဲ့ကျမ်းဆိုလို့ အဲဒီတစ်ကျမ်းပဲ ရှိမယ် ထင်တယ်။
တခြားရေးတဲ့ ကျမ်းတွေကတော့ အများကြီးပါ။ အဲဒီလို ဆရာတော်ဟာ သမယန္တရမှာလည်း လေ့လာပွန်းတီးတဲ့အတွက်ကြောင့်မို့လို့ ဆိုလိုတာကတော့ သက္ကဋကျမ်းတွေကို နားလည်လို့ တတ်ကျွမ်းလို့ အင်္ဂလိပ်လိုတွေ တတ်လို့ ဒီကျမ်းတွေကို ဝင်ရောက် မွှေနှောက်နိုင်တာ။ ဒီကျမ်းတွေကို မတတ်ဘူးဆိုရင် ဒီကျမ်းတွေကို ဝင်ရောက် မမွှေနှောက်နိုင်ဘူး။
ဒါဟာ ဆရာတော်ရဲ့ ထူးခြားတဲ့ အချက်တွေပေါ့။
နောက်ပြီး နိုင်ငံခြားသားတွေက ဘယ်လိုမြင်သလဲလို့ ဒီလိုလည်း မေးတတ်တယ်။
ဒါကတော့ ဝိပဿနာမှာ စံတင်ရတဲ့ ပုဂ္ဂိုလ်ပေါ့။
နိုင်ငံခြားသားတွေကလည်း ဒီလိုပဲ သဘောထားကြတယ်။
(မေး) ဆန်ဖရန်စစ္စကိုမှာ ရိပ်သာခွဲ ဖွင့်တော့ အဲဒီမှာ ဘာတွေများ အခက်အခဲ တွေ့ကြသလဲဘုရား။
(ဖြေ) ဟိုမှာက ဘာလုပ်လုပ် ဒီမှာလို မလွယ်ဘူး။ ဘာသာမတူတဲ့အထဲမှာဆိုတော့ ပထမ ကျောင်းဖြစ်အောင် ထောင်ရတာကိုး။ အဲဒီ ကျောင်းဖြစ်ဖို့တင်ပဲ အချိန်က အများကြီး ကုန်သွားပြီ။ မြန်မာပြည်မှာဆိုရင်တော့ ဒီလိုကျောင်းမျိုး တစ်ယောက်တည်းနဲ့ ဆောက်လိုက်မှာပေါ့။
ဟိုကျတော့ ဒီလို မဟုတ်ဘူး။ ဒါကြောင့် တစ်ယောက် နှစ်ရာပဲ သုံးရာပဲ လေးရာပဲ စသည်ဖြင့် စုဆောင်းပြီးတော့ ကျောင်းဖြစ်အောင် လုပ်ရတာ။
အဲဒီ ကျောင်းဖြစ်အောင် လုပ်တဲ့အခါကျတော့ လူအိမ်တွေကို လည်ပြီးတော့ အလှူခံရတယ်။ အဲဒီအချိန်တုန်းက မြန်မာလည်းပဲ သိပ်မရှိသေးဘူး။ အခုလို မဟုတ်သေးဘူး။ အခုတော့ မြန်မာတွေ သိပ်ပေါနေတယ်။ ဘယ်သွားသွား မြန်မာ တွေ့နေရတာပဲ။
ဟိုတုန်းက ဒီလို မရှိသေးဘူးဆိုတော့ ရှားရှားပါးပါး၊ ပြီးတော့ မြန်မာတစ်ယောက်နဲ့ တစ်ယောက် မသိကြဘူး။ သူတို့မှာ ဌာနမရှိဘူး။ ဘုန်းကြီးကျောင်းဌာနမရှိတော့ တစ်ဦးနဲ့တစ်ဦး အဆက်အဆံ မရှိတော့ မသိကြဘူး။
အဲဒါကို လိုက်စုံစမ်းပြီးတော့မှ သူတို့ဆီကို အလှူခံလာချင်လို့ပါဆိုပြီး အလှူခံ သွားရတယ်။
အလှူခံရတဲ့အခါမှ ကျောင်းဝယ်တယ် ဆိုပါတော့။
ကျောင်းဝယ်တော့လည်း အပိုင်ဝယ်နိုင်တာ မဟုတ်ဘူး။
အနှစ်သုံးဆယ်ဆပ်တဲ့စနစ်နဲ့ ဝယ်ရတာ။ ဒါပေမယ့်လို့ အဲဒီကျောင်း ဆယ်နှစ်နဲ့ ကျေသွားတယ်။
အဲဒီတုန်းက တစ်သိန်းမပြည့်ဘူး။ အခုဆိုရင် အဲဒီကျောင်းမျိုး ခြောက်သိန်းလောက် ပေးရတယ်။ ဈေးက သိပ်တက်သွားပြီ။
(မေး) အရှင်ဘုရား၊ ဆရာတော်ကြီးပြန်လာတော့ အဲဒီမှာ ကျန်ခဲ့တာလား၊ တရားပြရတာရော အခက်အခဲ ရှိပါသလားဘုရား။
(ဖြေ) ဆရာတော်ကြီး ပြန်ကြွလာတော့ ဟိုမှာ ကျန်ခဲ့တယ်။ တရားပြရတာကတော့ သိပ်ပြီး အခက်အခဲ မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် ကမ္မဋ္ဌာန်းတရားအားထုတ်ဖူးတဲ့သူ များတယ်။ ပေါက်ရောက်အောင် အားထုတ်တာ မဟုတ်ပေမယ်လို့ တရားတော့ ထိုင်ဖူးကြတာပဲ။
ရှေ့ပိုင်းတုန်းက မြန်မာက သိပ်မရှိဘူး။ အမေရိကန်တွေနဲ့ပဲ အလုပ်လုပ်ရတယ်။ တခြား ဗီယက်နမ်တို့လိုမျိုးပေါ့။ မြန်မာတွေက ရုန်းကန်နေကြရတာဆိုတော့ သိပ်မလာနိုင်ဘူး။ အခု နောက်ပိုင်းတော့ လာကြပါတယ်။
(မေး) အရှင်ဘုရား ဆရာတော်ကြီးရဲ့ အတ္ထုပ္ပတ္တိရေးစဉ်တုန်းက အတွေ့အကြုံလေးတွေ ပြောပြပါဦးဘုရား။
(ဖြေ) သိပ်မတွေ့ပါဘူး။ ဆရာတော်ကြီးနဲ့တွေ့ပြီးတော့ အစပိုင်းမှာ မှတ်သွားတာတွေကျတော့ ဘယ်တုန်းက မွေးတယ် စသည်ဖြင့် အဲဒါတွေက အစပိုင်းမှာ ပါသွားတယ်။ နောက်ပိုင်းကျတော့ ကိုယ်သိတဲ့ အကြောင်းတွေကို ကိုယ့်ဟာကိုယ်ပဲ ရေးလိုက်တာပေါ့။ ရှေ့ပိုင်းမှာတော့ ကိုယ်က မသိဘူး။ အဲဒါကျတော့ အကုန်လုံး ဆရာတော်ကြီးထံ လျှောက်ရတယ်။
(မေး) ဆရာတော်ကို လျှောက်ပြီး ရေးပြီးလို့ ပြတဲ့အခါကျတော့ ဆရာတော်ကြီးက ဘာပြန်ပြောပါသလဲဘုရား။
(ဖြေ) ကိုယ်ကိုယ်တိုင် ရေးတာထက်တောင် ပြည့်စုံပါသေးတယ်တဲ့။ ဆရာတော်ကြီးက ကျေနပ်ပါတယ်။
+++++
(ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့်အထိမ်းအမှတ်မော်ကွန်း စာအုပ် မှ)