သံဃရက္ခိတဘာဂိနေယျတ္ထေရ၀တ္ထု၊ ဒုစရိုက် ၁၀-ပါး၊ နှင့် `စိတ်အေးစရာ သာသနာ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်မြဲဖြစ်သော ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပ၏။

မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ချိန်အတွင်း လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ – ဓမ္မပဒသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာ ၃၇-သံဃရက္ခိတဘာဂိနေယျထေရ်ဝတ္ထုကို ဟောပြော သင်ပြ၏။

ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ၊ အဘိဓမ္မာသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်သင်္ဂဟပိုင်း၊ ဒုစရိုက် ၁၀-ပါး အကြောင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် တက္ကဆပ်ပြည်နယ်၊ အမာရီလိုမြို့၊ ဇေယျသုခဓမ္မရိပ်သာမှ အရှင်နန္ဒ၀ံသက `စိတ်အေးစရာ သာသနာ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

စိတ်အေးစရာ သာသနာ

သာသနာနဲ့လည်း ကြုံခဲ့ပြန်တယ်။

သာသနာ့ဈေးရုံ၊ ခွင့်ကောင်းကြုံ၊ လူ့ဘုံလာဆုံခိုက်။
နိဗ္ဗာန်ကုန်မျိုး၊ အရကြိုး၊ အားကိုး ၀ယ်ယူလိုက်။
ဒါန သီလာ၊ ဘာဝနာ၊ သုံးဖြာ အဖိုးထိုက်။

ဓမ္မတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ
ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

ဒါနတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ
ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

သီလတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ
ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

ဘာဝနာတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ
ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

သတိပဋ္ဌာန်တရား ကျင့်ပွားခြင်းသည်
မဂ္ဂင်တရား ကျင့်ပွားသည် မည်။

ခန္ဓာအကြောင်း ကောင်းကောင်း သိမည်
ခန္ဓာသိ ဒုက္ခသိသည် မည်။

ဘ၀ဟူက ဒုက္ခမှန်သည်
ဘယ်ဘ၀မှလည်း အမြဲမတည်
လူ့ပြည်မှာလည်း ဖြစ်ခဲ့ရပြီ
နတ်ပြည်မှာလည်း စံခဲ့ရသည်
၃၁-ဘုံ နယ်ကိုလှည့်၍ တကယ့်ကိုပဲ ဆင်းရဲလှပါသည်။

ခန္ဓာဟူက ဒုက္ခမှန်သည်
နာကျင်ကိုက်ခဲ စုံလည်းစုံသည်
အိုနာသေလည်း မလွဲကြုံမည်
ခန္ဓာရ ဒုက္ခရသည် မည်။

ကောင်းသောအလုပ် ဥပုသ်စောင့်ပါ
ဒါန သီလ ညီမျှမကွာ။
အမျက်မရှု ပွားမှုမေတ္တာ
မြတ်ဥပုသ် အဟုတ်စောင့်သင့်တာ။

နက်ဖြန်သေမှု ရှင်မှုနှစ်ဖြာ
ဘယ်သူမသိ သတိရှိပါ။
ယနေ့တရား ကြိုးအားထုတ်ပါ
သေမည့်ရက် ချိန်းချက် မရှိပါ။

သတိမပွား အလကားသက်ရှင်
ဒီရုပ်ဒီသက် စက်ဆုတ်ဖွယ်ပင်
အသက်ရှင်လည်း သေဆဲပုံသွင်
အပြစ်ပြ ဆုံးမ ကဲ့ရဲ့ချင်။

ကမ္ဘာမီးထက် ပူချက်ပြင်းထန်
ဘယ်မီးတွေလဲ ဉာဏ်နဲ့ဝေဖန်
ကိလေသာမီး ထိန်ညီးဝေလျှံ
ဘ၀တိုင်း မဆိုင်း လောင်နေပြန်။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏

သာဓု … သာဓု … သာဓု။

Leave a Reply