အကုသိုလ် ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး
၂၀၁၀ ခုနှစ် မေလ ၈ ရက် စနေနေ့ ညနေ ၄ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း ၃၁-ပတ်မြောက် သင်ခန်းစာ “အကုသိုလ် ဝစီကံ ၄-ပါး၊ မနောကံ ၃-ပါး” အကြောင်းကို လေ့လာ သင်ယူကြရပါသည်။
လောကချမ်းသာဆရာတော်က ရှေးဦးစွာ မှတ်ဖွယ်ရာရာ သင်ခန်းစာတို့ကို ပြန်လည် သင်ကြားပေးခြင်း၊ ယခုအပတ် သင်ကြားမည့် သင်ခန်းစာကို မိတ်ဆက်ပေးခြင်းတို့ကို နာရီဝက်ခန့် ဟောပြော သင်ကြားပေး၏။
+++++
ဝစီကံ = ဝစီဒွါရ (နှုတ်)၌ အဖြစ်များသော ကံ
ပါဠိလို ‘မုသာဝါဒ’ဟု ခေါ်၏။
မုသာဝါဒ ကမ္မပထမြောက်သော အင်္ဂါ ၄ ပါး
- မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်ခြင်း။
- မှားယွင်းစေလိုသော စိတ်လည်းရှိခြင်း။
- ထိုစိတ်အားလျော်စွာ လုံ့လပယောဂပြုသည်လည်းဖြစ်ခြင်း။
- ထိုပယောဂကြောင့် သူတပါးတို့ အမှားကို အမှန်၊ အမှန်ကို အမှားဟု သိသည်လည်းဖြစ်ခြင်း။
လုံ့လ ပယောဂပြုရာတွင်လည်း သူ့အသက်သတ်ခြင်းမှာကဲ့သို့ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းစေခြင်း၊ ပစ်စာရေးပို့ခြင်း၊ နံရံစသည်၌ ထာဝရတည်ရှိနေအောင် မဟုတ်မမှန်ရေးသားခြင်း စသည် အမျိုးမျိုး ရှိ၏။
အပြစ်အကြီးအသေးမှာလည်း အလိမ်ခံရသူ၏ သီလသိက္ခာရှိမှု မရှိမှု စသည်အပေါ် မူတည်၍ အလေးအပေါ့ဖြစ်၏။
တစ်ဖက်သား စိတ်ချမ်းသာအောင် အလွန်အကျွံလည်း မုသားမဖြစ်အောင် လိမ်လည်ပြောဆိုခြင်း (white lie)မှာ အပြစ်မကြီးလှသော်လည်း လိမ်လည်မှုပင် ဖြစ်၏။
ပါဠိလို ပိသုဏဝါစာ ဟု ခေါ်၏။
တစ်ဦးနှင့်တစ်ဦး ချစ်ခင်နေသူတို့ ကွဲသွားအောင် ပြောဆိုပြုလုပ်ခြင်း ဖြစ်၏။
ပိသုဏဝါစာ အင်္ဂါ ၄ ပါး
- ကွဲပြားစေအပ်သော သူတပါးလည်း ရှိခြင်း။
- သူ ၂-ဦးတို့ ကွဲပြားခြင်းကို ရှေးရှုသည်လည်း ဖြစ်ခြင်း။
- ထိုစိတ်အားလျော်သော လုံ့လပယောဂကို ပြုသည်လည်း ဖြစ်ခြင်း။
- ထိုသူတပါးက ထိုကုန်းတိုက်သော စကား၏အနက်ကို သိသည်လည်း ဖြစ်ခြင်း။
ပါဠိလို ဖရုဿဝါစာ ဟု ခေါ်၏။
အနက်အဓိပ္ပာယ်ကြမ်းတမ်းသော စေတနာကြမ်းတမ်းသော စကားကို ပြောဆိုခြင်း ဖြစ်၏။
ဖရုဿဝါစာ အင်္ဂါ ၃ ပါး
- ကြမ်းတမ်းသောစကားကို ပြောဆိုအပ်သော သူတပါးလည်း ရှိခြင်း။
- စိတ်ဆိုးမှုလည်း ရှိခြင်း။
- ကြမ်းတမ်းသောစကားကို ပြောဆိုသည်လည်း ဖြစ်ခြင်း။
ဆရာက တပည့်ကို၊ မိဘက သားသမီးကို ကောင်းစေလိုသော စေတနာနှင့် ဆိုဆုံးမရာ၌ တခါတရံ ကြမ်းတမ်းသော စကားအသုံးအနှုန်းများ ပါသွားတတ်သော်လည်း စေတနာမကြမ်းတမ်းသဖြင့် ဖရုဿဝါစာ မဖြစ်ပေ။
စကားမကြမ်းတမ်းသော်လည်း ကြမ်းတမ်းသောစေတနာဖြင့် ပြောဆိုက ဖရုဿဝါစာ ဖြစ်၏။
ပါဠိလို သမ္ဖပ္ပလာပ ဟု ခေါ်၏။
အနက်အဓိပ္ပာယ် မရှိ၊ အကျိုးမရှိ၊ စီးပွားချမ်းသာကို မဖြစ်စေနိုင်သော စကားကို ပြောဆိုခြင်း ဖြစ်၏။
သမ္ဖပ္ပလာပ အင်္ဂါ ၂ ပါး
- အကျိုးမဲ့ အနှစ်မဲ့စကားကို ပြောဆိုရန် ရှေးရှုလိုလားခြင်း။
- ထိုသို့သဘောရှိသော စကားကို ပြောဆိုသည်လည်း ဖြစ်ခြင်း။
တစ်ဖက်သား ယုံကြည်က ကမ္မပထ မြောက်၏။ မယုံကြည်လျှင် ကမ္မပထ မမြောက်။
သူတပါးစည်းစိမ်ကို မတရား ရယူလိုခြင်း။
မတရားသောလောဘ=ဝိသမလောဘ ဖြစ်၏။
အဘိဇ္ဈာ အင်္ဂါ
- သူတပါးဥစ္စာအပေါ် မိမိဥစ္စာဖြစ်လိုခြင်း။
သူတပါး ပျက်စီး သေစေရန် ကြံစည်ခြင်း။
ဗျာပါဒ အင်္ဂါ
- ဒေါသထွက်စရာ သတ္တဝါဖြစ်စရာ ဖြစ်ခြင်း။
- သူတပါးပျက်စီးမှုကို ကြံစည်ခြင်း။
မှားသောအယူ ရှိခြင်း။
မိစ္ဆာဒိဋ္ဌိ အင်္ဂါ
- ယူအပ်သောဝတ္ထု၏ မမှန်ခြင်း။
- မမှန်ကန်သည်၏အဖြစ်ဖြင့် စိတ်ထဲ၌ စွဲမြဲထင်ခြင်း။
အယူမှားအမျိုးမျိုးရှိရာ ကမ္မပထမြောက်သော မိစ္ဆာဒိဋ္ဌိ ၃-မျိုးမှာ –
(က) နတ္ထိကဒိဋ္ဌိ
(ခ) အဟေတုကဒိဋ္ဌိ
(ဂ) အကိရိယဒိဋ္ဌိ တို့ ဖြစ်၏။
ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုး အဓိပ္ပာယ်ကို သိရန် “နတ်-ကျိုး အ-ကံ၊ ဟေနှစ်တန်” ဟူသော လင်္ကာလေးကို မှတ်သားထားသင့်၏။
နတ်ကျိုး – နတ္ထိကဒိဋ္ဌိသည် အကျိုးကို ပယ်သော အယူမှား ဖြစ်၏။
ဘာလုပ်လုပ် အကျိုးမရှိဘူး၊ ကောင်းတာလုပ်လည်း ကောင်းကျိုးမရှိ၊ မကောင်းတာလုပ်လည်း မကောင်းကျိုးမရှိဟု ယူခြင်း ဖြစ်၏။
နတ္ထိကဒိဋ္ဌိ ၁၀ မျိုးကို ပါဠိတော်များထဲတွင် ဟောထား၏။
နတ္ထိဒိန္နံ = ပေးလှူ၍ အကျိုးမရှိ။
နတ္ထိယိဋ္ဌံ = အလှူကြီး ပေးလှူ၍ အကျိုးမရှိ။
နတ္ထိဟုတံ = ခပ်နည်းနည်း ပေးလှူ၍ အကျိုးမရှိ။
နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကောင်းမှု မကောင်းမှုတို့၏ အကျိုးပေး အကျိုးဆက် မရှိ။
နတ္ထိမာတာ = အမေဆိုသည် မရှိ၊ အမေ့ဂုဏ်ကျေးဇူး မရှိ။
နတ္ထိပိတာ = အဖေဆိုသည် မရှိ၊ အဖေ့ဂုဏ်ကျေးဇူး မရှိ။
နတ္ထိသြပပါတိကာ သတ္တာ = လူကဲ့သို့ အမိဝမ်းမှာ ပဋိသန္ဓေမနေရဘဲ ဘွားကနဲဖြစ်သော နတ် ဗြဟ္မာဆိုသည်မှာ မရှိ။
နတ္ထိ အယံ လောကော = ဤဘဝဆိုသည်မှာ မရှိ။
နတ္ထိ ပရော လောကော = ဒီဘဝ သေပြီး နောက်ဘဝဆိုသည်မှာ မရှိ။
နတ္ထိလောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေဣမဉ္စလောကံ ပရဉ္စလောကံ သယံအဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ = ဤလောက နောက်လောကကို ကိုယ်တိုင် သိပြီး ပြောဟောနိုင်သော ရဟန်း၊ ပညာရှိ၊ ပုဏ္ဏားတို့ဆိုသည်မှာ မရှိ။
(ဤ ၁၀ မျိုး၏ အပြန် “အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ၊ အတ္ထိသုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိမာတာ၊ အတ္ထိပိတာ၊ အတ္ထိသတ္တာသြပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရောလောကော၊ အတ္ထိ လောကေ သမဏဗြဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” မှာ မှန်သော အယူ ၁၀ မျိုး = ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ဖြစ်၏။)
ဟေနှစ်တန် = အဟေတုကဒိဋ္ဌိသည် အကြောင်းလည်း မရှိ၊ အကျိုးလည်း မရှိ၊ အကြောင်းအကျိုး နှစ်ခုစလုံးကို ပယ်၏။
အ,ကံ = အကိရိယဒိဋ္ဌိသည် ကံကို ပယ်၏။ အကုသိုလ်လုပ်လည်း အကုသိုလ်ကံ မဖြစ်၊ ကုသိုလ်လုပ်လည်း ကုသိုလ်ကံ မဖြစ်၊ ဘာလုပ်လုပ် ကံမဖြစ်ဟု ယူသော အယူဝါဒ ဖြစ်၏။
ဤမိစ္ဆာဒိဋ္ဌိ ၃-မျိုးစလုံးမှာ အကြောင်းမရှိ၊ အကျိုးမရှိ၊ အကြောင်းအကျိုးမရှိဟု ယူသောကြောင့် အထူးသဖြင့် ရုပ်ဝါဒသမားများ၊ ဘာသာအယူဝါဒမရှိသူများမှာ ရှိတတ်၏။
ဤမိစ္ဆာဒိဋ္ဌိအယူကို ချွတ်မရအောင် အခိုင်အမာ စွဲလန်းသွားက နိယတ (မြဲသော) မိစ္ဆာဒိဋ္ဌိသို့ ရောက်ပြီး၊ သံဃဘေဒကကံထက်ပင် ကြီးလေးသော အပြစ်ဖြစ်ကြောင်း စာ၌ လာကြောင်း သိရ၏။
မိစ္ဆာဒိဋ္ဌိ ရှိနေသမျှ သမ္မာဒိဋ္ဌိ မဖြစ်နိုင် မပေါ်နိုင်သောကြောင့် ဤဒိဋ္ဌိ ၃-မျိုး ကင်းရှင်းအောင် အလေးတယူ သတိပြုကြရ၏။
+++++
အရက်သောက်ခြင်းမှာ အကုသလကမ္မပထတရား ၁၀-ပါး၌ တိုက်ရိုက် မပါသော်လည်း ကာမဂုဏ်အာရုံတို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းဟူသော ကာမေသုမိစ္ဆာစာရထဲ၌ သွင်းရကြောင်း ကျမ်းဂန်များ၌ ဆို၏။
အရက်သောက်ခြင်းသည် ကမ္မပထ မြောက်,မမြောက် အယူအမျိုးမျိုး ရှိ၏။
မြတ်စွာဘုရား ဟောထားသော ဒုစ္စရိတ ဝိပါကသုတ်၌ အရက်အကြောင်းလည်း ပါဝင်၏။
“ရဟန်းတို့၊ သုရာပါနကို မှီဝဲအပ် ထုံအပ် အကြိမ်များစွာ လေ့လာပြုအပ်လျှင် ငရဲ၌ ဖြစ်စေနိုင်၏။
တိရစ္ဆာန်မျိုး၌ ဖြစ်စေနိုင်၏။
ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏။
အကြင်အကျိုးကား သုရာပါဏအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ဆုံးအကျိုးသည်ပင် လူဖြစ်သည့်အခါ အရူးအနှမ်း ဖြစ်စေ၏။”
ထို့ကြောင့် အရက်သောက်ခြင်း၌ တစ်ကြိမ်တစ်ခါ သောက်တာမျိုးမဟုတ်ဘဲ အကြိမ်များ အရက်စွဲအောင် သောက်က အပေါ့ဆုံးအကျိုးအဖြစ် လူဖြစ်လာသည့်တိုင် စိတ်ကယောင်ချောက်ခြားဖြစ်သူ စိတ်ပေါ့သူ အရူးအနှမ်း ဖြစ်တတ်၏။
အရက်သောက်ခြင်းမှာ ကမ္မပထ မမြောက်ဟု ဆိုသော်ငြားလည်း အပြစ်ကြီးနိုင်၏။
အရက်သောက်ခြင်းအမျိုးမျိုး၌ –
- အရက်ပါသော ဆေးသောက်ခြင်းသည် အပြစ် မရှိ။
- အရက်ကိုပင် ဆေးအဖြစ်သောက်ခြင်းသည် အပြစ်ကြီးဖို့ မရှိနိုင်။ (အမျိုးသမီးများ သားဖွားပြီး အရက်တစ်မျိုး သောက်ခြင်း။)
- အရက်ကို သောက်ချင်၍ သောက်ခြင်းမှာ မိစ္ဆာစာရလည်း ဖြစ်ပြီး၊ အပြစ်လည်း ကြီး၏။ (အရက်သောက်ပြီး အကုသိုလ် ဘာမှ မလုပ်ဘဲ အိပ်သွားသည့်တိုင် စိတ်မှာ ကြည်ကြည်လင်လင် မရှိ၊ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တော့ကာ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေခြင်းအကြောင်း ဖြစ်တော့၏။)
+++++
အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲကို အရှင်ဝဏ္ဏိတ က “အဟောသုခံ နိဗ္ဗာနံ” တရားတော် ပထမပိုင်းကို ညနေ ၆ နာရီမှ ၇ နာရီထိ ဓမ္မဒါနပြု ဟောကြား၏။
ထိုနောက် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အမျှ ပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။