မလွဲတံထွာ ဓမ္မတာ – (၂)


ဘယ်သူမှ ရှောင်လွှဲမရတဲ့ ဓမ္မတာမို့ သေခြင်းတရားဆိုတာ လူတိုင်း ရင်ဆိုင်ကြရပါတယ်။
“ပျောက်သောသူ ရှာလျှင် တွေ့၊ သေသောသူ ကြာလျှင် မေ့” ဆိုသော်ငြား ရှာမတွေ့တော့တဲ့သူတွေ၊ မမေ့နိုင်တဲ့သူတွေလည်း ရှိပါတယ်။
ဒီထဲမှာ ဒေါ်ငွေကြည်လည်း တစ်ယောက် ပါဝင်ပါတယ်။

ဒေါ်ငွေကြည်ဟာ အေဘီဘီအေအသင်းရဲ့ ဘဏ္ဍာရေးမှူးတာဝန်နဲ့ ဝေယျာဝစ္စအဖွဲ့ခေါင်းဆောင်တာဝန်တွေကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပါတယ်။

အေဘီဘီအေအသင်းရဲ့ နှစ်စဉ် ကျင်းပမြဲ ဘာသာရေးပွဲတွေနဲ့ သာရေး နာရေး အလှူအတန်းပွဲတွေအတွက် စားသောက်ဖွယ်ရာတွေကို မမောနိုင် မပန်းနိုင် ဦးစီး စီမံ ချက်ပြုတ်ကျွေးမွေးခဲ့တာ၊ သားသမီး မြေးမြစ် သိုက်သိုက်ဝန်းဝန်းနဲ့ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ဦးဆောင်မှုပေးခဲ့တာတွေ မျက်စိထဲ မြင်ယောင်နေဆဲပါ။

ဦးသန်းမြင့်-ဒေါ်ငွေကြည်မိသားစုဆို နယူးယောက်မြို့မှာ မသိသူ ရှားလှပါတယ်။
သူ့ရဲ့ ဦးစီး စီမံတတ်မှု၊ စည်းစနစ်ကျမှု၊ စည်းရုံး လှုံ့ဆော်တတ်မှု၊ သည်းခံ ခွင့်လွှတ်နိုင်မှုတွေနဲ့ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် ယုံကြည် ဆည်းကပ် လေးစားမှုတွေဟာ အသင်းရဲ့ လှုပ်ရှားမှု တိုးတက် အောင်မြင်စေရေးအတွက် သော့ချက်တွေပါ။

ဒေါ်ငွေကြည်မိသားစုဟာ အေဘီဘီအေအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ၊ ဝေယျာဝစ္စကိစ္စတွေအပြင် ဆရာတော် သံဃာတော်များရဲ့ ကျန်းမာရေးကိစ္စ ဆွမ်းကွမ်းကိစ္စတွေကိုလည်း အချိန်ပြည့် ပံ့ပိုး ကူညီပေးခဲ့၊ ပေးနေဆဲ ဖြစ်ပါတယ်။
အသင်းရဲ့ ဆရာတော် သံဃာတော်တွေအတွက် ပစ္စည်းလေးပါး အထောက်အပံ့ အားထားရတဲ့ မိသားစုတစ်ခုပါ။

ဒေါ်ငွေကြည် ဦးဆောင်တဲ့ အေဘီဘီအေ ဝေယျာဝစ္စအဖွဲ့ဟာ အသင်းရဲ့ ဘာသာရေးပွဲတော်များ၊ သာရေးနာရေး အလှူအတန်းများမှာ လုပ်အားကနေတဆင့် ထိုက်သင့်အားလျော်စွာ ရရှိလာတဲ့ သူတို့ရဲ့ လုပ်အားခ ဝင်ငွေလေးတွေကို စုဆောင်းထားခဲ့ကြပါတယ်။
ရည်ရွယ်ချက်က လောကချမ်းသာစေတီတော်နဲ့ လောကချမ်းသာဓမ္မာရုံကြီးအတွက် မုခ်ဦး၊ ယောဂီများအိပ်ခန်း စသည် လှူဒါန်းဖို့ပါ။
ဒီအလှူဟာလည်း သူတို့ရဲ့ စေတနာအရင်းခံတဲ့ လုပ်အား ငွေအား နှစ်ဖြာသော ဒါနအလှူဖြစ်တဲ့အပြင် ကျောင်းပွဲတော်အလှူရှင်များ၊ သာရေးနာရေးပွဲ အလှူရှင်များရဲ့ အလှူလည်းဖြစ်ကြောင်း သူမကွယ်လွန်မီက ပြောခဲ့ဖူးပါတယ်။

၂၀၀၀-ခုနှစ် မတ်လ ၂၅-ရက်နေ့ သူ ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဘော်စတွန်ကျောင်း ထမနဲပွဲအတွက် လုပ်အားပေးအသွား လမ်းခရီးမှာပါ။
အဲဒီအချိန်မှာ လောကချမ်းသာဆရာတော်က ဗမာပြည် ခေတ္တပြန်ရောက်နေချိန် ဖြစ်တယ်။
သတင်းရရချင်း ဆရာတော် ပြန်ကြွလာခဲ့ပါတယ်။

၂၀၀၉-ခုနှစ် မတ်လ ၂၅-ရက်နေ့ဆို သူကွယ်လွန်တာ (၉)နှစ် ပြည့်ပါပြီ။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ ပဓာနနာယကဆရာတော်နဲ့တကွ နယူးဂျာစီရိပ်သာ၊ ဘော်စတွန်ရိပ်သာက နာယကဆရာတော်များ၊
ဆရာတော် သံဃာတော်များ၊
လုပ်ဖော်ကိုင်ဖက် အသင်းအမှုဆောင်များ၊
ဝေယျာဝစ္စအဖွဲ့သူ အဖွဲ့သားများက
ဒေါ်ငွေကြည်ကို
အမှတ်တရရှိကြ ..
သတိရနေကြ …
လွမ်းဆွတ်နေကြဆဲပါ …..။

စောဝင်း

(ဒေါ်ငွေကြည်ရဲ့ sketch ကို ပန်းချီ ဆရာမိုးက မေတ္တာနဲ့ ဆွဲပေးပါတယ်။)

Leave a Reply