“စုန္ဒဝက်ကုန်သည်” နှင့် “မဟာဓမ္မိကဥပါသကာ”

လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ကြွရောက်နေ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့ ‘လောကချမ်းသာ ၅-မိနစ်တရားတော်’ကို ဆရာတော် အရှင်စက္ကိန္ဒက ဟောကြားရာ – သဒ္ဓါတရားရှိသူ၊ ဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ထိ အားထုတ် ပြီးပြည့်စုံသူတို့အတွက် အချိန်နှင့်အမျှ ဆက်လက် ပွားများ အားထုတ်နေပါက မဂ်ဖိုလ်သို့ အမှန်ပင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပုဂ္ဂလပညတ်အဋ္ဌကထာလာ အားတက် မှတ်သားဖွယ်ရာဖြင့် တိုက်တွန်းသွား၏။

ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။
(စားစဉ်ဘောဇဉ်)၊ သွားစဉ်ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်ချိန်မဆို ရှိပါစေ။
ရှုမှတ်သူမှာ၊ မဂ်ဖိုလ်ဟာ၊ မှန်စွာ ဖြစ်နိုင်ပေ။

+++++

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၅ – စုန္ဒဝက်ကုန်သည်အကြောင်း သင်ကြား ပို့ချပေး၏။

‘စုန္ဒဝက်ကုန်သည်’သည် နှစ်ပေါင်း ၅၀ ကျော် ဝက်တို့ကို သတ်ဖြတ် ရောင်းချ အသက်မွေးခဲ့၏။ မသေမီ ၇-ရက်တို့ပတ်လုံး ထိုမကောင်းမှုတို့၏အကျိုးကို သူကိုယ်တိုင် ပင်ပန်း ဆင်းရဲကြီးစွာ ခံစားသွားရလေသည်။

(၁၅)

သည်ဘဝမှာ စိုးရိမ်ရ။
နောင်ဘဝမှာ စိုးရိမ်ရ။
နှစ်ဘဝလုံး စိုးရိမ်ရ။
ကိုယ့်လုပ်ငန်းယုတ် သိမြင်က
သူယုတ်မာသည် စိုးရိမ်ရ။
ပင်ပန်း ဆင်းရဲ အမြဲပါ့။

(မင်းသုဝဏ်)


+++++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ပကိဏ်းပိုင်း၊ ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ, ကိစ္စသင်္ဂဟတို့ကို ပို့ချ သင်ကြားပေး၏။


+++++

ညနေ ၆ နာရီ၊ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်စက္ကိန္ဒကပင် ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၆ လာ ကောင်းမှုတို့၏ ကောင်းကျိုးကို ယခုဘဝ နောင်ဘဝ ပြုံးရွှင်စွာ ခံစားရသော မဟာဓမ္မိကဥပါသကာအကြောင်း ဓမ္မဒါနပြု ဟောကြား၏။

(၁၆)

သည်ဘဝမှာ ဝမ်းမြောက်ရ။
နောင်ဘဝမှာ ဝမ်းမြောက်ရ။
နှစ်ဘဝလုံး ဝမ်းမြောက်ရ။
ကိုယ့်လုပ်ငန်းမြတ် သိမြင်က
သူတော်ကောင်းသည် ဝမ်းမြောက်ရ။
နှစ်လိုအားရ အမြဲပါ့။

(မင်းသုဝဏ်)

တရားပွဲပြီးသော် တစ်နေ့တာ ကုသိုလ်အစုအပေါင်းတို့၏ အဖို့ဘာဂကို အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

Leave a Reply