ဝိပဿနာကို ဘယ်လို အားထုတ်မလဲ? – ဆုထူးပန်ဆရာတော် ဦးနာဒရ

ဝိပဿနာကို ဘယ်လို အားထုတ်မလဲ?

ဒီအမေးအတွက် ခန္ဓဝဂ္ဂသံယုတ်သီလဝန္တသုတ်တော်ကို မှီးပြီး အကျဉ်းနည်းအားဖြင့် ဖြေပါ့မယ်။

၎င်းသုတ်တော်ကို ပါဠိတော့ မဖော်ပြတော့ဘူး။ သဘောပဲ ဟောပါမယ်။ ဝိပဿနာဆိုတာ `မှားနေတာကို အမှန်မြင်အောင် လုပ်တဲ့ အလုပ်´ပါပဲ။ သတ္တဝါတွေဟာ ဘယ်အပေါ်မှာ မှားနေသလဲဆိုတာ စစ်ဆေးကြည့်ရင် ခန္ဓာငါးပါးအပေါ်မှာ မှားနေတယ်။ ခန္ဓာငါးပါးဆိုရာမှာလည်း မိမိခန္ဓာက စပြီး တလောကလုံး ရှိရှိသမျှ ခန္ဓာငါးပါးအပေါ်မှာ မှားတယ်။ ဒါပေမယ့် မိမိခန္ဓာငါးပါးသာလျှင် မှားခြင်းရဲ့ အစမူလဖြစ်တဲ့အတွက် အမှန်မြင်ချင်ရင် မိမိခန္ဓာကိုယ်ကို အလျင်မြင်ရမယ်။

ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက – `ဝိပဿနာဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း?၊ စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာ ရှု၍ဖြစ်သတည်း´လို့ ဆောင်ပုဒ်လေး စီထားပါတယ်။

သတိနဲ့ ဘာကြောင့် ရှုမှတ်ရသလဲ?

ခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းနေတယ်။ မှားနေတယ်။
ဒီအမှားကို ပျောက်အောင် ဒီခန္ဓာငါးပါးကိုပင် ပြန်ပြီး ရှုရမယ်။

ဘာနဲ့ ရှုရမလဲ?
သတိနဲ့ ရှုရမယ်။

ဒီနေရာမှာ ဝိပဿနာဆိုတာ ပညာအရာဖြစ်ပါလျက် ဘာကြောင့် သတိနှင့် ရှုရမယ်လို့ ဆိုပါသလဲ?
ပညာနှင့် စပြီး ရှုပါတော့လားလို့ မေးခွင့်ကြုံပါတယ်။
အဲဒါကို သဘာဝရော အာဂမပါ ပြည့်စုံအောင် အကျဉ်းအားဖြင့် ဖြေပြပါ့မယ်။

ဝိပဿနာပညာဆိုတာ အတက္ကာဝစရောဆိုတဲ့အတိုင်း ကြံစည်ပြီး သိတဲ့ တက္ကပညာ မဟုတ်ပါဘူး။
ထိုးထွင်းသိတဲ့ ပဋိဝေဓပညာ ဖြစ်ပါတယ်။
ယနေ့ သူသူငါငါမှာ ရှိနေကြတဲ့ ပညာဟာ သုတပညာ၊ တက္ကပညာတွေသာ ဖြစ်ပါတယ်။
အဲဒီပညာတွေနှင့် ဝိပဿနာပညာ မဖြစ်နိုင်လို့ ဝိပဿနာဖြစ်နိုင်ဖို့အတွက် နည်းလမ်းကို ရှာရပါတယ်။ အဲဒါကို ဘုရားရှင်က သတိကို သုံးပါလို့ နည်းပေးတော်မူပါတယ်။

သတိကို သုံးပါဆိုတာ သတိရှိရင် ပညာပေါ်တယ်။ `အပ်သွား ချည်ပါ´ဆိုသလို သတိရှေ့သွားရင် ပညာနောက်က ပါလာပါတယ်။
`သတိမမူ ဂူမမြင်၊ သတိမူတော့ မြူကိုပင် မြင်´ဆိုတဲ့ လောကစကားပုံများလို သတိသာ မူလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ အမှန်သဘာဝတွေကို မြင်လာပါလိမ့်မယ်။
ဒီပညာသာလျှင် တက္ကပညာမဟုတ်သော ပဋိဝေဓပညာ ဖြစ်ပါတယ်။
ဒါက သဘာဝအားဖြင့် ရှင်းပြခြင်း ဖြစ်ပါတယ်။

အာဂမအားဖြင့်ဆိုရင် မဟာဝါ သတိပဋ္ဌာနသုတ်ပါဠိတော်ကို ဖွင့်တဲ့ အဋ္ဌကထာမှာ –

`န ဟိ ကဒါစိ သတိရဟိတာ အနုပဿနာနာမ အတ္ထိ။´

သတိကင်းလို့ ဝိပဿနာရှုခြင်းဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ အဲဒါကို စကားပြန်လိုက်ရင် သတိမကင်းရင် ဝိပဿနာရှုခြင်းဆိုတဲ့ ပညာပေါ်လာပါလိမ်မယ်လို့ ဆိုလိုပါတယ်။
ပြီးတော့ –

`သတာရက္ခေန စေတသာ သမန္နာဂတော ဝိဟရေယျ၊ အယံ ဝေါ အမှာကံ အနုသာသနီ။´

သတာရက္ခေန စေတသာသတိစောင့်သော စိတ်နှင့်။
သမန္နာဂတော ပြည့်စုံ၍။
ဝိဟရေယျ နေရာ၏။
အယံ ခေါဤသည်ပင်လျှင်။
ဝေါသင်ချစ်သား ချစ်သမီးတို့အတွက်။
အမှာကံ ငါတို့၏။
အနုသာသနီ အဆုံးအမပါပေတည်း တဲ့။

ဒီပါဠိတော် အဋ္ဌကထာ သဘာဝတွေနှင့်ပဲ သတိဖြင့် စပြီး ရှုရင် ပညာပေါ်မယ်ဆိုတာ ခိုင်လုံပါပြီ။
သတိဖြင့် ဘယ်လို ရှုရမလဲဆိုရင် –

ခန္ဓာငါးပါးဟာ အမြဲ ဖြစ်ပျက်နေတယ်။ သူတို့ ဖြစ်ပျက်နေတယ်ဆိုတာဟာလည်း ပစ္စုပ္ပန် ခဏမှာပဲ ဖြစ်ပျက်နေတယ်။ ဒါကြောင့် သူတို့ဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးမှာ သတိနှင့် ရှုနေရမယ်။ ရှုနေရမယ်ဆိုတာက ခန္ဓာကိုယ်မှာ ဖြစ်နေတယ်၊ ပျက်နေတယ်၊ အစိုးမရဘူးလို့ ယောဂီက ကိုယ်သိချင်ရာ ဆွဲပြီး ရှုနေရမှာ မဟုတ်ဘူး။ သူဖြစ်နေတာကို လိုက်ပြီး ရှုနေရုံပဲ။ ဒီလိုကြည့်တော့ ခန္ဓာကိုယ်က သူ့ဟာသူ တရားပြသွားပါလိမ့်မည်။ သူပြသွားတာကို ကိုယ်က လိုက်ကြည့်ရုံပဲ။

ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ထဲမှာ `ဖြစ်တိုင်းမှတ်ရှု၊ သတိပြု၊ စောင့်မှု အစဉ်ထား´လို့ မြန်မာလင်္ကာဖြင့် နည်းပေးတော်မူပါတယ်။
အဓိပ္ပာယ်ကတော့ ကိုယ်ထဲမှာ ဘယ်နေရာက ဘာတွေ ထင်ထင်ရှားရှား သိသိသာသာကြီး ပေါ်နေသလဲ။ အဲဒီ ပေါ်နေရာကို သတိနှင့် လိုက်ကြည့်ပါလို့ ဆိုလိုပါတယ်။
လိုက်ကြည့်ရာမှာလည်း ပစ္စုပ္ပန်အခိုက် ဖြစ်ပါစေ။
အဲဒါဟာ သတိဖြင့် စောင့်ကြည့်နေတဲ့ လုပ်ငန်းအစပါပဲ။
အကျင့်ရသွားရင် ပညတ်တွေ ကွာပြီး ပရမတ်သက်သက် အပေါ်မှာသာ ဉာဏ်ကလေး ရောက်လာပါလိမ့်မယ်။
အစတော့ ပညတ်ပေါ်မှာပဲ တင်ပြီး နေပါလိမ့်မယ်။
နောက်မှ ပညတ်မရော ပရမတ်သက်သက်သဘောလေးတွေ မြင်လာတော့မှ ဝိပဿနာဉာဏ်အခြေခံ ရလာပြီလို့ ဝမ်းမြောက်ပြီး ရှေ့ကို ဆက်၍ သတိဖြင့် ရှုပါ။

နနု တဇ္ဇာ ပညတ္တိဝသေန သဘာဝဓမ္မော ဂယှတီတိ သစ္စံ ဂယှတိ ပုဗ္ဗဘာဂေ။
ဘာဝနာယ ပန ဝဍ္ဎမာနာယ ပညတ္တိံ သမတိက္ကမိတွာ သဘာဝေယေဝ စိတ္တံ တိဋ္ဌတိ။
(ဝိသုဒ္ဓိမဂ်မဟာဋီကာ)

တဇ္ဇာပညတ္တိဝသေနပရမတ်ကို အမည်တပ်၍ခေါ်သော ပညတ်၏ အစွမ်းဖြင့်။
သဘာဝဓမ္မောပရမတ်သဘာဝကို။
ဂယှတိနနုယူအပ်သည် မဟုတ်လော။
ပုဗ္ဗဘာဂေဘာဝနာမရင့်မီ ရှေးအဖို့၌။
သစ္စံဂယှတိအကယ်၍ကား ယူအပ်ပေ၏။
ပန တထာပိသို့သော်လည်း။
ဘာဝနာယ ဝဍ္ဎမာနာယဘာဝနာရင့်လာသောအခါ၌။
ပညတ္တိံ သမတိက္ကမိတွာပညတ်ကို လွန်၍။
သဘာဝေယေဝပရမတ်သဘာဝ၌သာလျှင်။
တိဋ္ဌတိတည်တော့၏။

ဘာမှ တွေးကြံ ဆွဲဆောင်ပြီး မမြဲလို့ ငါရှုလိုက်မယ်။ ဆင်းရဲမှု အစိုးမရလို့ ရှုလိုက်မယ်ဆိုပြီး ကိုယ်သိချင်ရာ ဆွဲမနေနဲ့။ ဝိပဿနာဆိုတာ ခန္ဓာက ပြတာကို ကိုယ်က အလိုက်သင့်ကလေး ကြည့်ရတာ။ တဖြည်းဖြည်း ရင့်ကျက်ပြီး တက်လာလို့ မဂ်ဖိုလ်ဝင်သွားပါလိမ့်မည်။
ယောဂီရဲ့ အလုပ်ကတော့ ခန္ဓာက ပြတာကို အလိုက်သင့်ကလေး သတိဖြင့် ရှုနေရုံပါပဲ။

ယခု ဟောခဲ့တာက ဝိပဿနာအလုပ် အားထုတ်နည်းပါပဲ။
အထက် မဂ်ဖိုလ်တွေအတွက်လည်း ဒီအတိုင်းပဲ အားထုတ်ကြပါတယ်။ အခြားနည်းရယ်လို့ မရှိပါဘူး။
သတိနှင့် ရှုကြည့်တဲ့နည်းပဲ ရှိတယ်။

ဗုဒ္ဓဘာသာတွေမှာ –

(၁) အပါယ်မကျရေး၊
(၂) သုဂတိဘဝမှာ အထက်တန်းကျကျ တည်တံ့နေရေး၊
(၃) နိဗ္ဗာန်ဝင်ရေး၊

ဒီ ၃-ချက်ဟာ အရေးအကြီးဆုံး ဖြစ်တယ်။
ဒီ ၃-ချက်ကို တိတိကျကျ အာမခံပေးနိုင်တာ ဝိပဿနာလုပ်ငန်းသာ ဖြစ်တယ်။
အခြား ကုသိုလ်တွေက တိကျတဲ့အဖြေ မပေးနိုင်ပါဘူး။
ဒါကြောင့် ဝိပဿနာအလုပ်ကို တကယ်အားထုတ်ဖို့ရာ အရေးကြီးကြောင်း ဟောတော်မူတဲ့ ဟောဒီဂါထာကို ရွတ်ပြီး နိဂုံးသတ်ပါမယ်။

သတ္တိယာဝိယ သြမဋ္ဌော၊
ဒယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိံ ပဟာနာယ၊
သတော ဘိက္ခု ပရိဗ္ဗဇေ။
(ဒေဝတာသံယုတ်)

သတ္တိယာအသွားထက်လှ သံလှံမကြီးဖြင့်။
သြမဋ္ဌောဝိယရင်ကို စူးစိုက် အထိုးခံလိုက်ရသကဲ့သို့လည်းကောင်း။
မတ္ထကေ ဦးခေါင်းထက်၌။
ဒယှမာနောဝဟူးဟူးပြောင်ပြောင်၊ မီးလောင်သည့်ဘေး၊ အလွန်လျှင် အရေးကြီးသကဲ့သို့လည်းကောင်း။
သတောဘိက္ခုသတိ ပညာ ထင်စွာပြုတတ် ရဟန်းမြတ်သည်။
သက္ကယဒိဋ္ဌိံဘဝများစွာ သံသရာတခွင် သူစူးဝင်လျက် လေးခွင်ပါယ်ရပ် ကျစေတတ်ရေး ဒိဋ္ဌိဘေးဆိုးကြီးကို။
ပဟာနာယ မြတ်သောတာပန် အဖြစ်မွန်ဖြင့်၊ အမြန်ပယ်နှုတ် အမြစ်ပြုတ်ခြင်းငှာ။
ပရိဗ္ဗဇေအပျင်းတွေဖြုတ် မဟုတ်တာတွေကို ဟိုနှယ်ဒီနှယ် အငြင်းမသန်နှင့်တော့ဘဲ မြန်မြန်ကြီး အားထုတ်လိုက်ကြကုန်ရာသတည်း။

ဆုထူးပန်ဆရာတော် ဦးနာဒရ

Leave a Reply