နိဂမဝါသီတိဿမထေရ်ဝတ္ထုနှင့် ဘုံပိုင်း
နိဂမဝါသီမထေရ်ဝတ္ထု
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နိဂုံးသားတစ်ယောက်သည် မြတ်စွာဘုရားထံတော်ဝယ် ရဟန်းပြု၏။ သူ၏ အမည်ရင်းမှာ တိဿ ဖြစ်၏။ သူသည် ဇေတဝန်ကျောင်းတော်၌ပင် ၅-နှစ်ကြာ ပရိယတ္တိ သင်ယူပြီး မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားတောင်းယူကာ မွေးရပ်မြေ နိဂုံးသို့ ပြန်သီတင်းသုံး တရားအားထုတ်၏။ ထိုအချိန်မှ စ၍ သူသည် ဘုရားတစ်ဆူ တစ်ဆူ၏ လက်ထက်တော်၌ တစ်ကြိမ်သာ ပေါ်ပေါက်သော ကောသလမင်းကြီး၏ အသဒိသအလှူကြီးသို့ပင် မကြွရောက်တော့ဘဲ မွေးရပ်မြေ တောရွာလေး၌သာ သီတင်းသုံးနေတော့၏။ ထို့ကြောင့် သူ့အမည်မှာ နိဂမဝါသီ=နိဂုံး၌နေသူဟု ဘွဲ့တိုးကာ နိဂမဝါသီတိဿမထေရ်ဟု တွင်၏။
သူ့ကို အခြားရဟန်းများက ဇာတိမြေနှင့် ဆွေမျိုးများကို တွယ်တာ သံယောဇဉ်ဖြစ်လွန်းသူဟု ထင်မြင်ကြ၏။
အမှန်မှာ နိဂမဝါသီတိဿမထေရ်သည် အလိုနည်း၏။ ရောင့်ရဲလွယ်၏။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏။ အားထုတ်အပ်သော လုံ့လဝိရိယ ရှိ၏။
အသိမရင့်ကျက်သော အခြားရဟန်းများက တိဿမထေရ်အား ဇာတိမြေနှင့် ဆွေမျိုးများအပေါ် သံယောဇဉ်ကြီးသူအဖြစ် စွပ်စွဲ၍ မြတ်စွာဘုရားအား လျှောက်ထားကြ၏။
မြတ်စွာဘုရားကား တိဿမထေရ်၏ ခံယူချက်ကို သိတော်မူသော်ငြားလည်း အများ သံသယရှင်းစိမ့်သောငှာ တိဿမထေရ်ကို ခေါ်တော်မူ၍ မေးမြန်း၏။ ထိုအခါ တိဿမထေရ်က ဖြစ်ရပ် အစုံအလင်ကို အများ၏ ရှေ့မှောက်၌ မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက သာဓု ခေါ်တော်မူပြီး မိမိလည်း တိဿမထေရ်လိုပင် မိမိ မှီတင်းနေထိုင်ရာ ဒေသအပေါ် ကျေးဇူးဆပ်ခဲ့ဖူးကြောင်း နဝကနိပါတ်၊ သုဝဇာတ်ကို ဟောကြားတော်မူ၏။
+++++
သုဝဇာတ်
လွန်လေပြီးသောအခါက ဟိမဝန္တာရှိ ဂင်္ဂါမြစ်ကမ်း၌ ရေသဖန်းပင် တစ်ပင် ရှိ၏။ ထိုရေသဖန်းပင်ကို မှီ၍ များစွာသော ကျေးတို့ မှီတင်း နေထိုင်ကြ၏။ ဘုရားလောင်းသည် ကျေးမင်း ဖြစ်၏။ ရေသဖန်းသီးတို့ ကုန်လေသောအခါ ကျေးတို့သည် အခြားဒေသသို့ ပျံသွားကြကုန်၏။ ကျေးမင်းကား မပျံဘဲ နေရစ်ခဲ့၏။ သဖန်းသီးကုန်သောအခါ သဖန်းညွှန့်၊ သဖန်းညွန့်ကုန်သောအခါ သဖန်းရွက်၊ သဖန်းရွက်ကုန်သောအခါ သဖန်းခေါက်တို့ကို စား၍ ဂင်္ဂါမြစ်ရေကို သောက်ကာ နေ၏။
ထိုအခါ အာနန္ဒာလောင်းဖြစ်သော သိကြားမင်းသည် ဘုရားလောင်းကျေးမင်း၏ စိတ်ဓာတ်ကို စူးစမ်းလို၏။ ထို့ကြောင့် သိကြားမင်းသည် ရေသဖန်းပင်ကို ခြောက်သွေ့အောင် လုပ်၏။ ကျေးမင်းသည် အခြောက်ကို စား၏။ ခွာ၍ မသွား။ ထိုနောက် သိကြားမင်းသည် အခြောက်ကို အမှုန့်ဖြစ်အောင် လုပ်ပြန်၏။ ကျေးမင်းသည် အမှုန့်ကိုပင် စား၏။ ခွာ၍ မသွား။ လေတိုက်သည်ကိုလည်းကောင်း၊ နေပူသည်ကိုလည်းကောင်း မမှုဘဲ ရေသဖန်းပင် ငုတ်တို၌သာ နေ၏။ အခြားသို့ မသွား။
ထိုအခါ သိကြားမင်းသည် ဟင်္သာအသွင် ဖန်ဆင်းပြီး ကျေးမင်းထံ လာရောက်၍ ဤသို့ ပြောဆို၏။
`ကျေးမင်း၊ ဤတော၌ စိမ်းစိုသော အရွက်ရှိသော အပင်တို့သည်လည်းကောင်း၊ များသောအသီးရှိသော အပင်တို့သည်လည်းကောင်း ရှိကြကုန်၏။ သို့ပါလျက် ဤရေသဖန်းပင် ငုတ်တို၌ ကျေးမင်း၏စိတ်သည် ဘာကြောင့် မွေ့လျော်ဘိသနည်း´။
ထိုအခါ ကျေးမင်းက – `ဤရေသဖန်းပင်သည် စည်ပင်ဝေဖြာ ကြီးပွားသောအခါ၌ ငါတို့သည် ပျော်ရွှင်မြူးစွာ စားသောက်လာခဲ့ကြ၏။ ငါတို့ကြောင့်ပင် ဤရေသဖန်းပင်သည် သီးနှံကင်းပ ခြောက်သွေ့ရ၏။ ထိုအခါ ရေသဖန်းပင်ကို စွန့်ပစ်၍ သွားမည်ဆိုလျှင် ရေသဖန်းပင်အပေါ် ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ငါ့အတွက် အာဟာရတို့ကို မျှတအောင် ရရှိ သုံးဆောင်နိုင်သေးသရွေ့ ကာလပတ်လုံး ဤရေသဖန်းပင်ကို ငါ စွန့်မည် မဟုတ်´ဟု ဟင်္သာအား ပြန်ပြော၏။
မိမိ မှီတင်းနေထိုင်ရာ သက်မဲ့ဝတ္ထုများ၌ပင် ဥပနိဿယပစ္စည်းသဘောအရ အဆွေခင်ပွန်းအနေဖြင့် ကျေးဇူးသိအပ်ကြောင်း ပြောဆိုသော ကျေးမင်း၌ ကြည်ညို၍ သိကြားမင်းသည် ရေသဖန်းပင်ကို မူလအတိုင်း အရွက် အသီးများ ရှိလာအောင် အားထုတ်ပြီးမှ တာဝတိံသာသို့ ပြန်လေ၏။
မြတ်စွာဘုရားသည် ဤသို့ နဝကနိပါတ် သုဝဇာတ်ကို ဟောကြားတော်မူပြီးနောက် ဆက်လက်၍ အောက်ပါ ဂါထာကို ဟောကြားတော်မူ၏။
– အပ္ပမာဒတရား၌ မွေ့လျော်သော၊ ပမာဒတရား၌ `ဘေး´ဟူ၍ မြင်လေ့ရှိသော ရဟန်းသည်၊
– သမထနှင့် ဝိပဿနာတို့မှ ဆုတ်ယုတ်ခြင်းငှာ မထိုက်။ အမှန်အားဖြင့် နိဗ္ဗာန်၏ အနီး၌သာ ရှိ၏။
ဤလောက၌ နေထိုင်ကြသူများသည် အများစုမှာ ပုထုဇဉ်များ ဖြစ်ကြ၏။
ပုထုဇဉ်များ ဖြစ်ကြသည့်အားလျော်စွာ `လောဘ´လည်း ဖြစ်ကြ၏။ `ဒေါသ´လည်း ဖြစ်ကြ၏။ အခြား အကုသိုလ်များလည်း ဖြစ်ကြ၏။ ဤသည်မှာ ဓမ္မတာဖြစ်၏။
သို့ရာတွင် ဖြစ်လာသော `လောဘ´ကို `လောဘ´အတိုင်း ထား၍ မဖြစ်။ ပယ်သတ်နိုင်အောင် အားထုတ်ဖို့ လို၏။
ထိုနည်းအတူ ဖြစ်လာသော `ဒေါသ´ကို `ဒေါသ´အတိုင်း ထား၍ မဖြစ်။ ပယ်သတ်နိုင်အောင် အားထုတ်ဖို့ လို၏။
အခြား အကုသိုလ်များ ဖြစ်လာကြပါကလည်း ထိုအကုသိုလ်များကို အကုသိုလ်များအတိုင်း ထား၍ မဖြစ်။ ပယ်သတ်နိုင်အောင် အားထုတ်ဖို့ လို၏။
ဖြစ်လာသော အကုသိုလ်များကို ပတ်သတ်သည့်နည်းမှာ ဗုဒ္ဓဒေသနာတော်၌ ရှိ၏။
ထိုနည်းကား စိတ္တာနုပဿနာနည်း ဖြစ်၏။
စိတ္တာနုပဿနာသည် သတိပဋ္ဌာန်ဒေသနာ၌ လာ၏။
သတိပဋ္ဌာန်ဟူသော အမည်အတိုင်း `သတိ´ပြဋ္ဌာန်း၏။
`သတိ´ကို `အပ္ပမာဒ´ဟူ၍ ဆို၏။ သို့ရာတွင် `သတိ´တိုင်း `အပ္ပမာဒ´အမည်ကို မရ။ ဗောဓိပက္ခိယအုပ်စုသို့ ဝင်သော `သတိ´မှသာ အပ္ပမာဒ အမည်ကို ရ၏။ ဗောဓိပက္ခိယဟူသည်မှာ မဂ်ဖိုလ်ကို ရလိုသော ကုသိုလ်အုပ်စု ဟူ၍ ဖြစ်၏။
၃၁-ဘုံ၌ မွေ့လျော်ပြီး လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို ရလိုသော သာမန် ကာမာဝစရကုသိုလ်အုပ်စု မဟုတ်။
စိတ္တာနုပဿနာအရ ဖြစ်လာသော အကုသိုလ်များကို ပယ်သတ်နိုင်ရန် ရှေးဦးစွာ အပ္ပမာဒ ခေါ် သတိရှိနေဖို့ လို၏။
သတိသာ ရှိနေပါက၊ သတိသာ ပြဋ္ဌာန်းနေပါက `လောဘ´ဖြစ်လျှင်လည်း `လောဘ´ဖြစ်မှန်း သိ၏။ `ဒေါသ´ဖြစ်လျှင်လည်း `ဒေါသ´ဖြစ်မှန်း သိ၏။ အခြား အကုသိုလ် တစ်မျိုးမျိုး ဖြစ်ပါကလည်း အခြား အကုသိုလ် တစ်မျိုးမျိုး ဖြစ်မှန်းကို သိ၏။
ဤသို့ သိခြင်းကို ယထာဘူတဉာဏ်ဟု ခေါ်၏။
အကယ်၍ အပ္ပမာဒ ခေါ် သတိသာ ရှိမနေပါက၊ သတိသာ ပြဋ္ဌာန်းမနေပါက အကုသိုလ်ဖြစ်သည်ကိုလည်း အကုသိုလ်ဖြစ်မှန်း မသိ။ တခါတရံ အကုသိုလ်ကိုပင် ကုသိုလ်ဟူ၍ ထင်မှတ် မှားတတ်သေး၏။ ထိုသို့ဆိုလျှင် ယထာဘူတဉာဏ်သည် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်မည် မဟုတ်။
ထို့ကြောင့် မိမိသန္တာန်၌ ဖြစ်လာသော အကုသိုလ်များကို အပ္ပမာဒ ခေါ် သတိပြဋ္ဌာန်းမှုဖြင့် အကုသိုလ်များ ဖြစ်မှန်းသိအောင် အားထုတ်အပ်၏။
ဤသည်မှာ စိတ္တာနုပဿနာသတိပဋ္ဌာန်အရ ယထာဘူတဉာဏ်အဆင့် ဖြစ်၏။
ထို့နောက် ဖြစ်ပျက်ရှုသောအဆင့် လာ၏။
အကုသိုလ်များသည်လည်း သင်္ခါရတရားများပင် ဖြစ်သဖြင့် ဖြစ်ပျက်ရှု၍ ရ၏။
ဖြစ်ပျက်ကို မြင်လျှင်ပင် `ကုသိုလ်´ဟူသော ဝိသေသအမည်မှ `သင်္ခါရ´ဟူသော သာမညအမည်သို့ ပြောင်းသွားရ၏။
အမည်ပြောင်းခြင်းသည် အကုသိုလ်ပျောက်ခြင်း၏အစ ဖြစ်လေ၏။
ဖြစ်ပျက်ကို မြင်ဖန်များလျှင် ဖြစ်ပျက်၌ ငြီးငွေ့၏။
ထို့နောက် ဖြစ်ပျက်၏အဆုံးကို မြင်လေ၏။
ဖြစ်ပျက်၏အဆုံးဟူသည်ကား နိဗ္ဗာန် ဖြစ်၏။
အမှန်အားဖြင့် အပ္ပမာဒ ခေါ် သတိသည် သီလသိက္ခာကိုလည်း စောင့်ထိန်း၏။
သမာဓိသိက္ခာကိုလည်း စောင့်ထိန်း၏။
ပညာသိက္ခာကိုလည်း စောင့်ထိန်း၏။
သိက္ခာသုံးပါးကိုပင် စောင့်ထိန်း၏။
ထို့ကြောင့် မြတ်စွာဘုရား၏ ဒေသနာတော်၌ အပ္ပမာဒတရားကို အလေးထား၍ ဟောကြားတော်မူခြင်း ဖြစ်၏။
အကယ်၍ အပ္ပမာဒတရား၌ မမွေ့လျော်ဘဲ မေ့လျော့ခြင်း ပမာဒတရား၌သာ မွေ့လျော်မည်ဆိုလျှင် ဖြစ်လာသည့် အကုသိုလ်တရားများကို ပယ်သတ်နိုင်ခြင်း မရှိဘဲ အကုသိုလ်တရားများ၏ အကျိုးပေးမှုအလိုက် မကောင်းသော အကျိုးများကိုသာ ခံစားရမည် ဖြစ်၏။
ဤသည်မှာ ကမ္မနိယာမအရ ဖြစ်ပါ၏။
အပ္ပမာဒသည် အကုသိုလ်ကို ပယ်သတ်ပြီး နိဗ္ဗာန်ကို ရစေနိုင်၍၊
ပမာဒသည် အကုသိုလ်ကို ပွားစေပြီး ဆင်းရဲကို ရစေနိုင်၏။
ထိုသို့ဖြစ်ရခြင်းမှာ အပ္ပမာဒသည် ဖြစ်လာသမျှသော အကုသိုလ်များကို ပယ်သတ်နိုင်ပြီး၊
ပမာဒသည် ဖြစ်လာသော အကုသိုလ်များကို တိုးပွားစေနိုင်သောကြောင့် ဖြစ်ပါ၏။
သို့ဖြစ်လေရာ အပ္ပမာဒတရား၌ မွေ့လျော်ပြီး ပမာဒတရား၌ `ဘေး´ဟူ၍ ရှုမြင်လေ့ရှိသူသည် မလွဲမသွေ တရားအားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရမည် ဖြစ်ပါ၏။
ထိုသို့ နိဗ္ဗာန်ကို မျက်မှောက်ပြုရအောင် အားထုတ်ခြင်းသည် မြင့်မြတ်သူများအနေဖြင့် မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန် ဖြစ်၏။
ထိုတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းသည် မိမိနှင့်ပတ်သက်ရာ လောကကို ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။
မိမိနှင့်ပတ်သက်ရာ လောကဟူသည်မှာ မိမိ၏ ဘဝခန္ဓာ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် မိမိအပေါ် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုကြသော ပုဂ္ဂိုလ်များ၊ ရာသီဥတုများ၊ အစာအာဟာရများ၊ နေရာဒေသများ ဖြစ်ကြ၏။
ဤသည်မှာ ဖော်ပြပါ ဂါထာ၏ ဆိုလိုရင်း ဖြစ်၏။
ဂါထာ၏အဆုံး၌ နိဂမဝါသီတိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၏။
အခြားသော တရားနာပရိသတ်များထဲတွင်လည်း အရိယာဖြစ်သူက ဖြစ်၍ ဒေသနာကုသိုလ် ရသူက ရကြလေသည်။
ထို့ကြောင့် လူတို့သည် မိမိတို့၏ ဘဝခန္ဓာအပေါ် ကျေးဇူးများကြသော သက်ရှိ သက်မဲ့များအပေါ် ပြန်လည် ကျေးဇူးဆပ်သောအနေဖြင့် မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပြီး ထိုသို့ ထမ်းရွက်ခြင်းအားဖြင့် နိဗ္ဗာန်ကို ရအောင် အားထုတ်အပ်ကြောင်း မှတ်သားအပ်ပါ၏။ မှတ်သားသည့်အတိုင်းလည်း လိုက်နာ ကျင့်သုံးအပ်ပါ၏။
(ဦးရွှေအောင်၏ `ဓမ္မပဒ´ မှ)
+++++
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ်ကြ၏။
ထိုနေ့တွင် လောကချမ်းသာဆရာတော်မှာ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့အတွက် အပြင်သို့ ကြွရောက်ရရာ အနည်းငယ် ပင်ပန်းနေသဖြင့် ၅-မိနစ်တရား မဟောကြားနိုင်ပေ။
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာ ၃၂ – နိဂမဝါသီတိဿမထေရ်အကြောင်း ဟောကြား သင်ပြ၏။
+++++
ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ဝီထိမုတ် (ဘုံပိုင်း) သင်ခန်းစာများကို ရှင်းပြ သင်ကြားပေး၏။
+++++
အဘိဓမ္မာသင်တန်းပြီးသော် သင်တန်းသား အများစုမှာ အကြောင်းကိစ္စ အသီးသီး ရှိနေကြ၍ လောကချမ်းသာ ဆည်းဆာတရားပွဲကို မပြုလုပ်ဖြစ်တော့ပါ။