ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိ
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ နှစ်ပတ်စာ အဘိဓမ္မာသင်ခန်းစာများကို လေ့လာ သင်ယူကြရရာ ဒုတိယပို့ချစဉ် သင်ခန်းစာအဖြစ် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိအကြောင်း နာယူ မှတ်သားကြရ၏။
+++++
သတ္တဝါ (၃)မျိုး၊ သို့မဟုတ် (၄)မျိုး
(၁) သံသေဒဇသတ္တဝါ
သံသေဒ = အညှီအဟောက်၊ အညစ်အကြေး
သေဒ = ချွေး
အညစ်အကြေးကို အမှီပြုပြီး သန္ဓေတည်သော သတ္တဝါမျိုး၊ ပိုးလောက်, ယင်ကောင် စသည်မျိုး။
ပန်း၊ သစ်ပင်တို့ကို အမှီပြုပြီး သန္ဓေတည်ခဲ့ကြသည်လည်း ရှိကြောင်း ဆို၏။
ပဒုမဝတီမိဖုရားသည် ပဒုမ္မာကြာ၌ သန္ဓေတည်ကြောင်း၊ ဝေဠုဝတီက ဝါးပင်၌ သန္ဓေတည်ကြောင်း ဆို၏။
(၂) သြပပါတိကသတ္တဝါ
‘သြပပါတိက’သည် ‘ဥပပါတ’မှ လာ၏။
ဥပပါတ = ကျသည်
ကောင်းကင်က ကျလာသလို ဘွားကနဲ ခန္ဓာကိုယ် အထင်အရှားဖြစ်သော ပဋိသန္ဓေမျိုးကို ဆို၏။
‘ကမ္ဘာဦး ဗြဟ္မာ့ပြည်မှ စုတေပြီး လူ့ပြည်၌ဖြစ်သော လူ’၊ ‘နတ်’၊ ‘ဗြဟ္မာ’၊ ‘ငရဲသတ္တဝါ’ စသည်တို့မှာ သြပပါတိကသတ္တဝါများ ဖြစ်၏။
(၃) ဂဗၻေသယ်ကသတၱဝါ
ဂဗ္ဘ = ကိုယ်ဝန်/အမိဝမ်း
သေယျက = ကိန်းအောင်းသည်
အမိဝမ်းတွင်း ကိန်းအောင်းပြီး ပဋိသန္ဓေနေသော သတ္တဝါမျိုးကို ခေါ်၏။
ဂဗၻေသယ်ကသတၱဝါ ၂-မ်ိဳး ရွိ၏။
“၃.(က)” ဇလာဗုဇသတၱဝါ
လူ စသူတို့ကဲ့သို့ အမိဝမ်းတွင်းရှိ သားအိမ်မှာ ပဋိသန္ဓေနေပြီး ဖြစ်ရသော သတ္တဝါမျိုး ဖြစ်၏။
လူ၊ နွား၊ ခွေး စသည်မျိုး။
(၄)/“၃.(ခ)” အဏ္ဍဇသတ္တဝါ
ကြက်, ငှက် အစရှိသည်ကဲ့သို့ ဥခွံအတွင်း၌ ဖြစ်သော သတ္တဝါမျိုး ဖြစ်၏။
အမိဝမ်းတွင်း၌လည်း နေပြီး၊ တဖန် ဥခွံမှ ပေါက်ဖွားရသဖြင့် ‘နှစ်ခါမွေးသောသတ္တဝါ’ ပါဠိလို “ဒွိဇ”ဟု ခေါ်၏။
+++++
ပဋိသန္ဓေအခါ = ပဋိသန္ဓေစိတ်၏ ‘ဥပါဒ်’ခဏ
ပဝတ္တိအခါ = ပဋိသန္ဓေစိတ်၏ ‘ဌီ’ခဏမှ စုတိစိတ်မကျမီအတွင်း
+++++
ဘုံနှင့် သတ္တဝါ ၃-မျိုး/၄-မျိုးတို့၏ ပဋိသန္ဓေအခါ, ပဝတ္တိအခါ ရနိုင်သော ရုပ်များ
- ကာမဘုံ၌ ရုပ် ၂၈-ပါးလုံး ပဝတ္တိအခါ၌ ထိုက်သလို ရနိုင်၏။
- ပဋိသန္ဓေအခါ၌ သံသေဒဇနှင့် သြပပါတိက (ကာမာဝစရ) သတ္တဝါတို့သန္တာန်၌ အများဆုံးအားဖြင့် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက = ရုပ်အမျိုးပေါင်း ခုနစ်ဒသက ဖြစ်နိုင်သည်။
- တခါတရံ ယင်းခုနစ်မျိုးအနက် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသကတို့ မပါရှိဘဲ ခြောက်မျိုး (သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက)၊ ငါးမျိုး (ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက)၊ လေးမျိုး (ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက) စသည်ဖြင့်လည်း ဖြစ်နိုင်၏။
- ဂဗ္ဘသေယျကသတ္တဝါ ၂-မျိုး (ဇလာဗုဇနှင့် အဏ္ဍဇ)တို့ သန္တာန်၌ ပဋိသန္ဓေအခါ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက ၃-မျိုး ဖြစ်သည်။ (ဤနေရာ၌ ကာမာဝစရသတ္တဝါကို ရည်ရွယ်၏။) ထိုတွင်လည်း တခါတရံ ဘာဝဒသက မပါရှိဘဲ ဖြစ်နိုင်၏။ နပုံးခေါ် ယောက်ျားမဟုတ်၊ မိန်းမမဟုတ် ပုဂ္ဂိုလ် စသည် ဖြစ်၏။
- ထိုမှနောက် ပဝတ္တိအခါ၌ အစဉ်အတိုင်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါဒသကတို့ ဖြစ်၏။ (ဤ၌လည်း သင်္ဂြိုဟ်ကျမ်းက တိတိကျကျ မရေးတော့ဘဲ အစဉ်အတိုင်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါတို့ဖြစ်သည်ဟုသာ ဆို၏။)
- ဋီကာဆရာများက ကျမ်းဂန်များ၌ ချဲ့၍ ဖွင့်ဆိုကြ၏။ ယခုခေတ် ဆေးပညာအလိုနှင့် ကိုက်သည်လည်း ရှိ၊ မကိုက်သည်လည်း ရှိမည်ဖြစ်သော်လည်း စာမှာရှိသည်အတိုင်း သိထား နားလည်ထားရန် ကောင်း၏။
မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော် ယက္ခသံယုတ်၌ မြတ်စွာဘုရားရှင်က ဘီလူးကို ပြောကြားသော စကား ရှိ၏။
“ ….. ဘီလူး … ရှေးဦးစွာ ကလလရေကြည် ဖြစ်၏။
ကလလရေကြည်မှ အမြှုပ်ဖြစ်၏။
အမြှုပ်မှ သားတစ်ဖြစ်၏။
သားတစ်မှ အခဲဖြစ်၏။
အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏။ ဆံ, အမွေး, ခြေသည်းလက်သည်းတို့လည်း ဖြစ်ကုန်၏။”
(ယက္ခသံယုတ်၊ ပါဠိတော်)
ထိုပါဠိတော်လာ တိုက်ရိုက်စကားကို အဋ္ဌကထာများက ဖွင့်ဆိုကြရာ –
အမိဝမ်းတွင်းကိန်းစဉ် ရုပ်ကြီးပွားပုံ
၁-သတ္တာဟ၌ ကလလရေကြည် (ကလလ)
၂-သတ္တာဟ၌ အမြှုပ် (အဗ္ဗုဒ)
၃-သတ္တာဟ၌ သားတစ် (ပေသိ)
၎-သတ္တာဟ၌ တစ်ခဲနက် (ဃန)
၅-သတ္တာဟ၌ ခက်မငါးဖြာ (ပသာခ)
၁၁-သတ္တာဟ၌ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါဒသက
၄၂-သတ္တာဟ၌ ဆံပင်၊ မွေးညင်း၊ ခြေသည်းလက်သည်းတို့ ဖြစ်သည်ဟု ဆို၏။
ထိုနောက် ကိုယ်ဝန် ရင့်ကျက်ပြီး ၉-လနှင့် ၁၀-လကြား မွေးဖွား၏။ အချို့ ၇-လဖွား ၈-လဖွားလည်း ရှိ၏။
ဝိသုဒ္ဓိမဂ်၌ ဒုက္ခသစ္စာကို ဖွင့်ဆိုရာတွင် ဇာတိဒုက္ခ အမိဝမ်းတွင်းမှာ ဆင်းဆင်းရဲရဲ နေရပုံကို သရုပ်ပေါ်အောင် အထူး ဖော်ပြ၏။
လင်္ကာ
စာသစ်စာကျက် (စာဟောင်းစာသစ်)
အောက်ထက်ဝန်းရံ
ပုပ်နံညှီလှောင်း
ကျဉ်းမြောင်းမည်းမိုက်
မိဝမ်းတိုက်ဝယ်
ဘင်၌လောက်လို
ကျောကိုဝမ်းပြု
ဒူးနှစ်ခုကြား
ဦးခေါင်းထားလျက်
မေးဖျားလက်ဆုပ်
သစ်ခွတိုမှာ (သစ်ငုတ်တိုမှာ)
မျောက်အိုကုပ်သည့်နှယ်
မလှုပ်မရှက် (မလှုပ်မလှက်)
သေသောက်လက်ဝယ်
ဆိတ်သူငယ်လို
အလမ္ပါယ်မိ
မြွေငယ်ချိသို့
အမိ စပ်,ခါး
ပူ,အေး စားလည်း
ကိုယ်သားဆတ်ဆတ်
သက်ပြတ်တစေ
ဆယ်လနေ၍
လေကမ္မဇ
ဦးဇောက်ချသား
မဂ်ဝသို့ရောက်
သံကောက်ပေါက်က
ဆွဲမြှောက်ဆင်ပြောင်
သံဘောင်ကြိတ်ချေ
ပုံနေရယိက
ပြင်သို့ကျလည်း
အပ်ဆွသည့်ဟန်
ကြီးပြန်ဒုက္ခ
ပြစ်များလှသည်
လက်စ ဇာတိဖြစ်ရင်းတည်း။ (မူလ ဇာတိဖြစ်ရင်းတည်း။)
+++++
- ဤသို့လျှင် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို အစပြု၍ ခဏငယ်တိုင်း၌ ကမ္မဇရုပ်များ ဖြစ်ကြသည်။
- ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှ စ၍ စိတ်၏ ဥပါဒ်ခဏတိုင်း၌ စိတ္တဇရုပ်များ ဖြစ်ကြသည်။
- ပဋိသန္ဓေစိတ်၏ ‘ဌီ’ခဏမှ စ၍ ဥတုဇရုပ်များ ဖြစ်ကြသည်။
- အာဟာရဇရုပ်မှာ သြဇာပျံ့နှံ့ရာအခါမှ စ၍ ဖြစ်၏။ အမိဝမ်းမှာ ရှိစဉ် ချက်ကြိုးမှတဆင့် အမိထံက သြဇာကြောင့်လည်း ဖြစ်နိုင်၏။
ဤသို့ အကြောင်း ၄-ပါးကြောင့် ဖြစ်သော ရုပ်ကလာပ်အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း အသက်ရှင်သမျှ မပြတ် ဖြစ်သည်။
(ချွင်းချက်အနေဖြင့် ရဟန္တာပုဂ္ဂိုလ်များ နိရောဓသမာပတ် ဝင်စားသောအခါ စိတ်, စေတသိက်, စိတ္တဇရုပ်တို့ ချုပ်သဖြင့် ကမ္မဇ၊ ဥတုဇ၊ အာဟာရဇရုပ်တို့သာ မပြတ် ဖြစ်၏။)
+++++
ရုပ်ချုပ်စဉ်
- စုတေခါနီးအခါ၌ကား စုတိစိတ်မှ နောက်သို့ ပြန်၍ ရေသည်ရှိသော် ၁၇-ချက်မြောက်သော စိတ်၏ ဌီကာလကို အစပြု၍ ကမ္မဇရုပ်တို့ မဖြစ်တော့ကုန်။
- ရုပ်သက်သည် စိတ္တက္ခဏ ၁၇-ချက် ရှည်ကြာရာ ကမ္မရုပ်မှာ ဘဝတစ်ခု၌ စုတိစိတ်၏ ဘင်နှင့်အပြိုင် ချုပ်ရမည်ဖြစ်သောကြောင့် ဖြစ်၏။
- ရှေးက ဖြစ်နှင့်ကုန်ပြီးသော ကမ္မဇရုပ်တို့သည်လည်း စုတိစိတ်၏ ဘင်ကာလတိုင်အောင် ဖြစ်တည်၍ ချုပ်ကုန်၏။
- ကမ္မဇရုပ်တို့ ချုပ်ပြီးနောက် စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့လည်း ပြတ်ကုန်၏။
- ထို တိဇရုပ် (ကမ္မဇ၊ စိတ္တဇ၊ အာဟာရဇ)တို့ ချုပ်ပြီးနောက် ဥတုဇရုပ်တို့သည် စုတေပြီးနောက် အလောင်းကောင်ဟု ခေါ်ဆိုအပ်သည့်တိုင်အောင် ဖြစ်ကုန်၏။
- စုတေပြီးနောက် တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ၏ ဥပါဒ်ကို အစပြု၍ ဆိုခဲ့သည့်အတိုင်း ရုပ်တို့သည် ဖြစ်ကုန်၏။ (စက်ရဟတ်ကြီး လည်သကဲ့သို့ လည်သွားတော့၏။)
စုတိစိတ်ချုပ်ပြီးနောက် စိတ္တဇရုပ်တို့၏ ရှည်ကြာနိုင်သော ကာလ
ဒွေးပဉ္စဝိညာဏ် ၁၀ နှင့် အရူပဝိပါက် ၄၊ ရဟန္တာတို့၏ စုတိစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။
ကျန်စိတ်များက စိတ်၏ ဥပါဒ်, ဥပါဒ် ခဏတိုင်း၌ စိတ္တရုပ်ကို ဖြစ်စေရာ စုတိစိတ်၏ ဥပါဒ်အခိုက်အတန့်မှာ စိတ္တဇရုပ် ဖြစ်နိုင်သေး၏။
ထိုစိတ္တဇရုပ်သည် ခဏငယ်အားဖြင့် ၅၁-ချက် နေမည်ဖြစ်ရာ စုတိစိတ်၏ ‘ဘင်’ပြီးနောက် ခဏငယ် ၄၈-ချက် (စိတ္တဇရုပ်သက် ခဏငယ် ၅၁ – စုတိစိတ်ခဏငယ် ၃= ၄၈) ကြာမှ ချုပ်၏။
စုတိစိတ်ချုပ်ပြီးနောက် အာဟာရဇရုပ်တို့၏ ရှည်ကြာနိုင်သော ကာလ
ပြင်ပ (ဗဟိဒ္ဓ)က မျိုအပ်သော အာဟာရနှင့် အတွင်း (အဇ္ဈတ္တိက)အာဟာရတို့ ပေါင်းပြီး ဝိညာဉ်(စိတ်)အထောက်အပံ့ ရရှိက အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏။
စုတိစိတ်၏ ‘ဘင်’အခိုက်အတန့်မှာ စိတ်အထောက်အပံ့ ရှိနိုင်သေးသဖြင့် အာဟာရဇရုပ်တို့လည်း ဖြစ်နိုင်သေးပြီး စုတိစိတ်၏ ‘ဘင်’ပြီးနောက် ခဏငယ် ၅၀ (အာဟာရဇရုပ်သက် ခဏငယ် ၅၁ – စုတိစိတ်၏ ဘင်ခဏငယ် ၁ = ၅၀) တိုင်အောင် နေပြီးမှ အာဟာရဇရုပ် ချုပ်၏။
ဥတုဇရုပ်ကား ကမ္ဘာဆုံးသည်တိုင် တည်ရှိမည် ဖြစ်၏။
+++++
ရူပါဝစရဘုံ၌ကား ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝဒသကတို့ကိုလည်းကောင်း၊ အာဟာရဇကလာပ်တို့ကိုလည်းကောင်း မရအပ်ကုန်။
ထို့ကြောင့် ထိုရူပဗြဟ္မာတို့၏ –
- ပဋိသန္ဓေအခါ၌ စက္ခု၊ သောတ၊ ဝတ္ထုဒသကနှင့် ဇီဝိတနဝကကလာပ် = ပေါင်း ကမ္မဇကလာပ် ၄-စည်းတို့ ဖြစ်ကုန်၏။
- ပဝတ္တိအခါ၌ကား စိတ္တဇ၊ ဥတုဇကလာပ်တို့လည်း ရအပ်ကုန်၏။
+++++
အသညသတ်ဗြဟ္မာတို့၏ သန္တာန်၌ကား စက္ခု၊ သောတ၊ ဝတ္ထုဒသကနှင့် သဒ္ဒနဝကကလာပ်တို့ကိုလည်း မရအပ်ကုန်။
အလုံးစုံသော စိတ္တဇရုပ်တို့ကိုလည်း မရအပ်ကုန်။
ထို့ကြောင့် ထိုအသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေအခါ၌ ဇီဝိတနဝက ဥတုဇရုပ်သာ ရအပ်၏။
(ဥတုဇကလာပ် ၄-စည်းတွင် သုဒ္ဓဋ္ဌကလာပ်နှင့် လဟုတာဒိဧကာဒသကကလာပ် = ပေါင်း ၂-စည်းသာ ရ၏။)
+++++
ဘုံနှင့် ရသောရုပ်
- ကာမဘုံမှာ ရုပ် ၂၈-ပါးလုံး ရ၏။
- အသညသတ်ကြည် ရူပ ၁၅-ဘုံမှာ ဃာန၊ ဇိဝှါ၊ ကာယပသာဒနှင့် ဘာဝရုပ် ၂-ပါး = ပေါင်း ၅-ပါးကြဉ်သော ရုပ် ၂၃-ပါး ရ၏။
- အသညသတ်ဘုံမှာ အဝိနိဗ္ဘောဂရုပ် ၈ + ဇီဝိတရုပ် ၁ + လဟုတာဒိ ၃ + အာကာသ ၁ + လက္ခဏ ၄ = ပေါင်း ရုပ် ၁၇-ပါး ရ၏။
- အရူပဘုံမှာ ရုပ် လုံးဝ မရှိ။
+++++
ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရနိုင်သော ရုပ်များ
ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မဖြစ်နိုင်သော ရုပ်များမှာ သဒ္ဒရုပ်၊ ဝိညတ်ရုပ် ၂-ခု (ကာယဝိညတ်၊ ဝစီဝိညတ်)၊ လဟုတာဒိရုပ် ၃-ခု (လဟုတာ၊ မုဒုတာ၊ ကမ္မညတာ)၊ ဇရတာ (အိုသောရုပ်)၊ အနိစ္စတာ (ပျောက်ပျက်ရုပ်) = ပေါင်း ၈-ပါးသော ရုပ်များ ဖြစ်၏။
ထိုနောက် ပဝတ္တိအခါ သေသည်တိုင်အောင် ရုပ် ၂၈-ပါးလုံး ရနိုင်၏။
+++++
ရုပ်ဝီထိ
“စိတ်မှာ ဝီထိရှိသကဲ့သို့ ရုပ်မှာလည်း ဝီထိရှိသည်” ဟူသော အဆိုနှင့်ပတ်သက်၍ ပါဠိကျမ်းဂန်များ၌ တိုက်ရိုက် လာရှိသည်ကို မတွေ့ရပေ။
သို့သော် ရှေးမြန်မာဆရာတော်များက တီထွင် ကြံဆ၍ စိတ်အစဉ်ဖြစ်သလို ရုပ်မှာလည်း ဤအခိုက်အတန့်၌ ရုပ်မည်မျှရှိသင့်သည်၊ ဟိုအခိုက်အတန့်မှာ ရုပ်မည်မျှရှိသင့်သည်ဟု ပြဆိုထားရာ အလွန် ကျေးဇူးတင်ထိုက်၏။
ရှေးဦးစွာ နာမ်ဝီထိကို ပြန်လည် အမှတ်ရမည်ဆိုသော် ပဋိသန္ဓေစိတ်၏နောက် ဘဝင် ၁၅-ကြိမ်၊ ၁၆-ကြိမ် ဖြစ်၏။
ပဋိသန္ဓေစိတ်တွင် ‘ဥပါဒ်’ ‘ဌီ’ ‘ဘင်’ ခဏငယ် ၃-ချက် ရှိ၏။
- ဂဗ္ဘသေယျကသတ္တဝါများအတွက် ပဋိသန္ဓေစိတ်၏ ‘ဥပါဒ်’အခိုက်အတန့်၌ ကမ္မဇကလာပ် ၃-စည်း ရ၏။ စိတ္တဇ၊ ဥတုဇရုပ်တို့ မရသေး။
- ပဋိသန္ဓေစိတ်၏ ‘ဌီ’အခိုက်အတန့်တွင် ကမ္မဇရုပ်မှာ စိတ်၏ ခဏငယ်တိုင်း ဖြစ်၍ ၃-စည်း ထပ်ဖြစ်၏။ ‘ဥပါဒ်’အခိုက်က ကမ္မဇကလာပ် ၃-စည်းနှင့် ပေါင်းသော် ၆-စည်း ဖြစ်၏။ စိတ္တဇရုပ် မဖြစ်သေး။ ဥပါဒ်အခိုက်ကဖြစ်သော ကမ္မဇရုပ် ၃-စည်းမှာ ‘ဌီ’အခိုက်ရောက်သောအခါ ဥတုဇရုပ် ၃-စည်းကို ဖြစ်စေ၏။ (စုစုပေါင်းသော် ကမ္မဇ ၆-စည်း + ဥတုဇ ၃ = ၉-စည်း ဖြစ်၏။)
- ပဋိသန္ဓေစိတ်၏ ‘ဘင်’အခိုက်အတန့်မှာ ကမ္မဇရုပ် ၃-စည်း ထပ်ဖြစ်ပြန်၏။ စိတ္တဇရုပ် မဖြစ်သေး။ ‘ဌီ’အခိုက်တွင်ဖြစ်သော ကမ္မဇ ၃-စည်းမှ ဥတုဇ ၃-စည်း ထပ်ဖြစ်၏။ (စုစုပေါင်းသော် ကမ္မဇ ၉ + ဥတုဇ ၆ = ၁၅-စည်း ဖြစ်၏။)
ပထမဘဝင် (ဥပါဒ်၊ ဌီ၊ ဘင်)
- ပထမဘဝင်၏ ဥပါဒ်တွင် ကမ္မဇ ၃-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၃-စည်းတို့ ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၁၂-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၉-စည်း ဖြစ်၏။)
- ပထမဘဝင်၏ ဌီတွင် ကမ္မဇ ၃-စည်း၊ စိတ္တဇ ထပ်မဖြစ်သေး၊ ဥတုဇ ၄-စည်း(ပထမဘဝင် ဥပါဒ်မှ ကမ္မဇရုပ်တို့မှာ ဌီသို့ရောက်၍ ဥတုဇ ၃-စည်းကို ဖြစ်စေပြီး၊ ပထမဘဝင်ဥပါဒ်မှ စိတ္တဇ ၁-စည်းကလည်း ဌီသို့ရောက်၍ ဥတုဇ ၁-စည်းကို ဖြစ်စေ၏။)တို့ ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၁၅-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၁၃-စည်း ဖြစ်၏။)
- ပထမဘဝင်၏ ဘင်တွင် ကမ္မဇ ၃-စည်း၊ စိတ္တဇ မဖြစ်၊ ဥတုဇ ၃-စည်းတို့ ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၁၈-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၁၆-စည်း ဖြစ်၏။)
ဒုတိယဘဝင် (ဥပါဒ်၊ ဌီ၊ ဘင်)
- ဒုတိယဘဝင်၏ ဥပါဒ်အခိုက်အတန့်၌ ကမ္မဇ ၃-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၃-စည်းတို့ ဖြစ်ပြန်၏။ (စုစုပေါင်း ကမ္မဇ ၂၁-စည်း၊ စိတ္တဇ ၂-စည်း၊ ဥတုဇ ၁၉-စည်း ဖြစ်၏။)
- ဒုတိယဘဝင်၏ ဌီအခိုက်၌ ကမ္မဇ ၃-စည်း၊ စိတ္တဇ မဖြစ်၊ ဥတုဇ ၄-စည်း ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၂၄-စည်း၊ စိတ္တဇ ၂-စည်း၊ ဥတုဇ ၂၃-စည်း ဖြစ်၏။)
- ဒုတိယဘဝင်၏ ဘင်အခိုက်၌ ကမ္မဇ ၃-စည်း၊ စိတ္တဇ မဖြစ်၊ ဥတုဇ ၃-စည်း ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၂၇-စည်း၊ စိတ္တဇ ၂-စည်း၊ ဥတုဇ ၂၆-စည်း ဖြစ်၏။)
(ဤနည်းဖြင့် ရုပ်ကလာပ်တို့ တိုးပွားဖြစ်ရာ၏။ ဥတုဇကလာပ်များမှလည်း ဥတုဇရုပ်များ တိုးပွားနိုင်ခြင်း၊ ‘ဘင်’ပြီးနောက် ရုပ်ကလာပ်များ ပျက်သွားခြင်း စသော အချက်များကို ထည့်သွင်း စဉ်းစား၍လည်း တီထွင် ကြံဆနိုင်ကြသေး၏ဟု ယူဆမိ၏။)
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
အရှင်ဇနကာဘိဝံသ၏ “ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တရားတော်”