ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၆) (၇) (၉) – ညောင်တုန်းမြို့ ရွှေဟင်္သာစံကျောင်းဆရာတော်

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၆)

မေး။ ။ ဘုရား တရား သံဃာသည် ပရမတ်ဖြစ်မည်၊ ပညတ်ဖြစ်မည်နည်း … ဟူသော ပုစ္ဆာအဖြေကား –

ဖြေ။ ။ ပရမတ်ဟူသည် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ကို ခေါ်သည်။ ဘုရားသည် ထိုပရမတ်လေးပါးမှ လွတ်သောကြောင့် ပညတ်ဖြစ်သည်။ သံဃာလည်း ထိုပရမတ် ၄-ပါးမှ လွတ်၍ ပညတ်ဖြစ်သည်။ တရားတော်မှာမူကား လောကုတ္တရာတရား ၉-ပါးသည် ပရမတ်တရား ဖြစ်သည်။ ပိဋကတ်သုံးပုံဟူသော ပရိယတ်တရားသည် ပညတ်တရား ဖြစ်သည်။

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၇)

မေး။ ။ ပညတ်ကို ပယ်က ဘုရားကို ပယ်ရာကျမည်၊ မကျမည်နည်း … ဟူသော ပုစ္ဆာအဖြေကား –

ဖြေ။ ။ ဘုရား၊ သံဃာသည် ပညတ်ဖြစ်၍ ပညတ်ကို ပယ်က ဘုရား၊ သံဃာကို ပယ်ရာကျ၏။ တရားတော်တို့တွင်လည်း ပိဋကတ်သုံးပုံတည်းဟူသော ပရိယတ်တရားမှာ ပညတ်ဖြစ်၍ ၎င်းကိုလည်း ပယ်ရာကျ၏။

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၉)

မေး။ ။ ခန္ဓာကို ဘုရားခေါ်ရမည်၊ ဉာဏ်ကို ဘုရားခေါ်ရမည်နည်း … ဟူသော ပုစ္ဆာအဖြေကား –

ဖြေ။ ။ ခန္ဓာကိုလည်း ဘုရား မခေါ်အပ်၊ ဉာဏ်ကိုလည်း ဘုရား မခေါ်အပ်။ သစ္စာလေးပါးကို သိခြင်းကို အစွဲပြု၍ ပညတ်အပ်သော သတ္တဝါထူး ပုဂ္ဂိုလ်ထူးကို ဘုရား ဟူ၍ ဆိုအပ်၏။

ထို့ကြောင့် ခုဒ္ဒကပါဋ္ဌ အဋ္ဌကထာ သရဏတ္တယအဖွင့်၌ ဤသို့ မိန့်အပ်၏။
သစ္စာဘိသမ္ဗောဓိမုပါဒါယ ပဏ္ဏတ္တိတော သတ္တ ဝိသေသော ဗုဒ္ဓေါ။

အနက်ကား –
သစ္စာသမ္ဗောဓိံ – သစ္စာလေးပါးကို ဆရာမလို ကိုယ်တော်တိုင် သိတော်မူခြင်းကို
ဥပါဒါယ – စွဲ၍
ပဏ္ဏတ္တိတော – ဘုရားဟူ၍ ပညတ်အပ်သော
သတ္တဝိသေသော – သတ္တဝါအထူးသည်
ဗုဒ္ဓေါ – ဘုရား မည်၏။

ဤ၌ အကယ်၍ အရဟတ္တမဂ်ဉာဏ်ကို ဘုရားဆိုလျှင် ထိုဉာဏ်က တစ်ကြိမ်သာဖြစ်ပြီး ချုပ်သောကြောင့် ဘုရားပွင့်ပြီး ချက်ချင်း ပရိနိဗ္ဗာန်စံပြီဟု ဆိုရာရောက်၏။
ကြွင်းသောဉာဏ်တို့ကို ဘုရားဆိုက ထိုဉာဏ်တို့လည်း ခုဖြစ် ခုချုပ် ဖြစ်ကြ၍ ဘုရား ခုသေ ခုရှင် ဖြစ်ရာ၏။
ဉာဏ်မှတပါးသော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ဘုရားဆိုလျှင် ထိုခန္ဓာတို့က မသိတတ်သော ဘုရား ဖြစ်ရာ၏။

ထို့ကြောင့် “အရဟတ္တမဂ်က စ၍ စုတေကျအောင် အဖန်ဖန်ဖြစ်သော ဉာဏ်နှင့်တကွသော ခန္ဓာကို စွဲ၍ ဘုရားဟူ၍ ခေါ်ဝေါ် ပညတ်အပ်သော သတ္တဝါထူး ပုဂ္ဂိုလ်ထူးကို ဘုရား”ဟူ၍ မှတ်အပ်၏။

+++++
ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်းဆရာတော်၏ “ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ၊ ယထာဘူတ ဝိနိစ္ဆယစာတမ်း” မှ

Leave a Reply