အရှုံးကြီး ရှုံးသူ နှစ်ဦး


“ကာဠာမ၏ အနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးသည် ရသင့် ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွတကား။ အကယ်၍များ အာဠာရဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏။”

“ရာမ၏ သားဖြစ်သော ဥဒကဂိုဏ်းဆရာကြီးသည် ရသင့် ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွတကား။ အကယ်၍များ ဥဒကဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏။”

ဗုဒ္ဓ

(မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” ဒုတိယတွဲ၊ စာ ၄၁၂-၄၁၃)

+++++

ဆားပုလင်းခင်မောင်ဝင်း။ ။ ဟော … လာပါပြီဗျာ … အဘိဓမ္မာကျောင်းတော်သားကြီး။

ဆရာစော။ ။ ကဲ .. ဆရာဇေ ထိုင်ပါစေဦး။ ဆားပုလင်းက နောက်တော့မယ်။

ဆရာဇေ။ ။ ကြိုက်တယ်ဗျာ … ကျောင်းသားကြီးဆိုတာ။ ခုဘဝ .. ခဏတာမှာ သင်ယူမယ်ဆို သင်ယူစရာတွေ မကုန်နိုင်ဘူး။ အမြဲ သင်ယူ လေ့လာနေသူတစ်ဦးဟာ ကျောင်းသားပဲပေါ့ဗျာ။

ကဖိုးထိန်။ ။ ဆရာဇေ .. လုပ်ပါဦးဗျ၊ … ဦးဦးဖျားဖျား … မနေ့က ၂၀၀၉ ခု ဒီဇင်ဘာလ ၅ ရက် စနေနေ့နော် …။ အဘိဓမ္မာသင်တန်းမှာ သင်ယူလေ့လာခဲ့ရတာလေးတွေ မျှဝေပါဦး။

ဆားပုလင်း။ ။ အဘိဓမ္မာသင်တန်းက ဘယ်နှပတ်ရှိသွားပြီလဲ ဆရာဇေ။

ဆရာဇေ။ ။ မနေ့က … ၇-ပတ်မြောက် သင်တန်းပေါ့ဗျာ။ ဒီတစ်ပတ်တော့ လောကီစိတ်တွေထဲမှာ အဆင့်အမြင့်ဆုံး စိတ်တွေအကြောင်း သင်ရသဗျ။

ဆရာစော။ ။ အဆင့်အမြင့်ဆုံး စိတ်တွေဆိုတော့ စိတ်ဝင်စားစရာ အတော်ကောင်းမှာပေါ့။

ဆရာဇေ။ ။ အတိုင်းထက် အလွန်ပေါ့ဗျာ။ ကျွန်တော်တို့လို ဖြုတ်ဉာဏ်လေးနဲ့ သူတွေအတွက်တော့ မြင်သာ သိသာရုံ ရေးရေးထင်သပေါ့။ ဘုရားရှင် ပွင့်ထွန်းလာလို့ … သာသနာနဲ့ကြုံလို့၊ တရားတော်တွေ ကြားနာရလို့၊ သံဃာတော်တွေကို ဆည်းကပ်ခွင့်ရလို့ သင်ယူ လေ့လာခွင့်ရတာ မဟုတ်လား။ ကျေးဇူးတော်တွေ အနန္တပေါ့ ဗျာ (လက်အုပ်ကလေး ချီလျက်)။

ကဖိုးထိန်။ ။ ကဲ … ပြောပြပါဦး ဆရာဇေ။

ဆရာဇေ။ ။ ဒီတစ်ပတ်က အရူပါဝစရစိတ်တွေ အကြောင်းဗျ။ အရူပါဝစရစိတ်ဆိုတာက အရူပဘုံလေးဘုံမှာ အများအားဖြင့် ဖြစ်တဲ့ စိတ်တွေအကြောင်းပေါ့။

ကဖိုးထိန်။ ။ အရူပလေးဘုံက ဘာတွေလဲ ဆရာဇေ။ ဘယ်မှာ ရှိတာလဲ။

ဆားပုလင်း။ ။ ဆိုင်ရာအပိုင်း သင်တန်းတွေမှာ ဘုံတွေအကြောင်း အသေးစိတ် သင်ရလိမ့်မယ်။ ကာမ ၁၁-ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀၊ ပေါင်း ဘုံ ၃၁။ ဗြဟ္မာ့ဘုံ ၂၀ မှာ ရူပ ၁၆-ဘုံ၊ သူ့အထက်က ရုပ်မရှိ နာမ်သာရှိတဲ့ အရူပ လေးဘုံ … (၁) အာကာသာနဉ္စာယတနဘုံ၊ (၂) ဝိညာဏဉ္စာယတနဘုံ၊ (၃) အာကိဉ္စညာယတနဘုံ နဲ့ (၄) နေဝသညာ နာသညာယတနဘုံ ဆိုပြီး ရှိတယ်။ နေဝသညာ နာသညာယတနဘုံက အထက်ဆုံး။ အထက်ဘဝဂ်ဆိုတာ ကြားဖူးတယ်မဟုတ်လား ကဖိုးထိန်။

ဆရာစော။ ။ ကဖိုးထိန်ကလဲ ဓမ္မစကြာရွတ်နေရဲ့သားနဲ့။

ကဖိုးထိန်။ ။ ဓမ္မစကြာမှာ ဘုမ္မစိုးနတ်တွေကနေတဆင့် နတ်ပြည် ၆-ထပ်၊ ပြီး ‘အကနိဋ္ဌ’ဗြဟ္မာ့ပြည်တိုင်အောင်လို့ ဆိုတယ်။

ဆားပုလင်း။ ။ မှန်တာပေါ့ ကဖိုးထိန်။ အထက်ဆုံး ဗြဟ္မာ့ဘုံ လေးခုက ရုပ်မရှိဘဲ နာမ်သာရှိတဲ့ ဘုံတွေဆိုတော့ ဒီအကြောင်းကို မကြားသိနိုင်ဘူးပေါ့ဗျာ။ အပြစ်ရှိတဲ့ အရပ် ၈-မျိုးထဲတောင် ပါတာ မဟုတ်လား။ အကနိဋ္ဌဗြဟ္မာ့ဘုံကတော့ ရုပ်သာရှိ၊ ရုပ်နာမ်နှစ်မျိုးစလုံးရှိတဲ့ ဗြဟ္မာ့ဘုံ ၁၆-ဘုံထဲက အထက်ဆုံးဘုံ။

ဆရာစော။ ။ ကဲ … ကဲ … ဆရာဇေရဲ့ စကား အဆက်ပြတ်သွားပါဦးမယ်။ ဆက်ပါဦး ဆရာဇေ။

ဆရာဇေ။ ။ အရူပါဝစရစိတ်တွေက စုစုပေါင်း ၁၂-ပါး ရှိတယ်။

‘အာကာသာနဉ္စာယတနစိတ်’၊
‘ဝိညာဏဉ္စာယတနစိတ်’၊
‘အာကိဉ္စညာယတနစိတ်’၊
‘နေဝသညာ နာသညာယတနစိတ်’ ဆိုတဲ့ “အရူပါဝစရကုသိုလ်စိတ်” ၄-ပါး။

ဒီနည်းတူ အကျိုးစိတ်တွေဖြစ်တဲ့ “အရူပါဝစရဝိပါက်စိတ်” ၄-ပါး၊ ဖြစ်ကာမျှဖြစ်တဲ့ “အရူပါဝစရကြိယာစိတ်” ၄-ပါး ဆိုတော့ လေးသုံးလီ တစ်ဆယ့်နှစ်ပေါ့ဗျာ။

ကဖိုးထိန်။ ။ ဒီစိတ်တွေရဲ့ အဓိပ္ပာယ်နဲ့ စိတ်ဖြစ်ပုံအကြောင်းတွေလဲ ရှင်းပြပါဦး ဆရာဇေရဲ့။

ဆရာဇေ။ ။ ကဖိုးထိန်ကလဲ … စောစောကပဲ စကားပလ္လင်ခံထားတယ်လေဗျာ။ ကျွန်တော်တို့လို ဖြုတ်ဦးဏှောက် ဖြုတ်ဉာဏ်သာ ရှိတဲ့သူတွေအနေနဲ့ သင်တန်းမှာ မှတ်လာတဲ့ မှတ်စုတွေကို ပြန်ဖတ်ပြမှ ရမှာပေါ့။ နေဦး … မှတ်စုစာအုပ် ပါလာတယ်။ ဒီ အရူပါဝစရစိတ်တွေ အမျိုးအစား ၄-မျိုး ပြားတာက ရူပါဝစရစိတ်တွေ ၅-မျိုး ပြားတာနဲ့ မတူဘူးဗျ။

ကဖိုးထိန်။ ။ ပြားတယ် ဆိုတာ ဘာလဲ ဆရာဇေ။

ဆရာစော။ ။ အမျိုးအစား ကွဲပြားတယ် … ၄-မျိုးရှိတယ်ပေါ့ ဗျာ။

ဆရာဇေ။ ။ ‘ရူပါဝစရစိတ် ၅-ပါး’က ‘ဈာန်အင်္ဂါ’ပေါ် မူတည်ပြီး ကွဲပြားတယ်။ ‘အရူပါဝစရစိတ်’တွေကျတော့ ‘မှီတွယ်အပ်တဲ့ အာရုံ’၊ ‘လွန်မြောက်အပ်တဲ့ အာရုံ’အားဖြင့် ကွဲပြားတယ်။ ဈာန်အင်္ဂါအနေနဲ့တော့ ရူပါဝစရစိတ် ၅-ပါးထဲက ပဉ္စမဈာန်စိတ်နဲ့ အတူတူပဲ။ ‘ဥပေက္ခာ’ နဲ့ ‘ဧကဂ္ဂတာ’ ဆိုတဲ့ ဈာန်အင်္ဂါ နှစ်ခုပဲ ဖြစ်တယ်။ ဒါကြောင့် ဈာန်အနေနဲ့ ပြောရင် အရူပါဝစရစိတ်အားလုံးကို ‘ပဉ္စမဈာန်’ထဲ ထည့်ရတယ်။

ကဖိုးထိန်။ ။ ဘာ အာရုံတွေကို မှီတွယ်ပြီး၊ ဘယ်အာရုံတွေကို လွန်မြောက်တာလဲ ဆရာဇေ။

ဆရာစော။ ။ မှီတွယ် လွန်မြောက်တဲ့ အာရုံတွေ မပြောခင် အာကာသာနဉ္စာယတနစိတ်ရဲ့ အဓိပ္ပာယ်ကို ပြောစမ်းပါဦး ဆရာဇေ။

ဆရာဇေ။ ။ အဓိပ္ပာယ်နဲ့အတူ မှီတွယ်တဲ့ အာရုံ၊ လွန်မြောက်တဲ့ အာရုံတွေကို တခါထဲ ပြောသွားတာပေါ့ ဗျာ။ ဟောဒီမှာ … ကျွန်တော် သေချာ မှတ်လာပါတယ် ဗျ။

ရူပါဝစရ ပဉ္စမဈာန်ကို ရပြီးသူ တစ်ဦးဟာ ရှေ့တဆင့် တက်ချင်တော့ ကသိုဏ်း ၁၀-ပါးထဲက အာကာသကသိုဏ်းက လွဲပြီး ကျန် ကသိုဏ်း ၉-ပါးအနက် တစ်ပါးပါးကို အားထုတ်ရသတဲ့။

ကဖိုးထိန်။ ။ ဘာဖြစ်လို့ အာကာသကသိုဏ်းကို ချန်ထားရတာလဲ ဆရာဇေ။

ဆရာဇေ။ ။ ‘အာကာသ’ဆိုတာ ကွက်လပ်၊ ဟင်းလင်းပြင်ဆိုတော့ ဒီနေရာမှာ အားထုတ်မရတာမို့ ချန်ထားရတာလို့ ဆိုတယ်။ အဲဒီလို အာကာသကသိုဏ်းမှ အပ ကျန် ၉-ပါးအနက် တစ်ပါးပါးကို အားထုတ်တော့ ‘ကသိုဏ်းနိမိတ်’ပျောက်ပြီး၊ ကျန်ရစ်တဲ့ ‘ကောင်းကင်ပညတ်’ (ဒီနေရာမှာ ‘ကောင်းကင်’ဆိုတာ ရိုးရိုး ပြောနေကျ ကောင်းကင်ကြီးကို ပြောတာ မဟုတ်ဘူး၊ ခုနက ‘ကသိုဏ်းနိမိတ်’ပျောက်ပြီး ကျန်ရစ်တဲ့ ‘ကွက်လပ်’ ‘Space’ ကို ပြောတာ၊ ဒါကိုလဲ ဆရာတော် ရှင်းပြ ပို့ချသွားပါတယ်။) ကို အာရုံပြု ပွားများရာက ရရှိ ဖြစ်ပေါ်လာတဲ့ ဈာန်စိတ်၊ အရူပါဝစရ ပထမဈာန်စိတ်ပေါ့ဗျာ။ ‘အာကာသာနဉ္စာယတနစိတ်’။

ဆားပုလင်း။ ။ အာကာသကသိုဏ်းမှာ အာကာသဆိုတာကလဲ ကွက်လပ်၊ ကသိုဏ်းနိမိတ်ပျောက်ပြီး ကျန်ရစ်တာကလဲ ကွက်လပ် (ကောင်းကင်ပညတ်)ဆိုတော့၊ ကွက်လပ်ကနေ ရှေ့တဆင့် ကွက်လပ်ဆိုတာ မလွယ်၊ မဖြစ်နိုင်လို့ပေါ့ဗျာ။

ဆရာဇေ။ ။ ‘အာကာသာနဉ္စယတနစိတ်’ရဲ့ မြန်မာပြန် အဓိပ္ပာယ်က “အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုသော ဈာန်နှင့် ယှဉ်သောစိတ်”၊ စာထဲပါတဲ့အတိုင်းက “အာကာသကြဉ်သော ကသိုဏ်း ၉ ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုသော ဈာန်နှင့် ယှဉ်သောစိတ်”။

မှီတွယ်အပ်တဲ့ အာရုံက ‘ကောင်းကင်ပညတ်’၊ လွန်မြောက်အပ်အာရုံက ‘ကသိုဏ်းပညတ်’။

ဆရာစော။ ။ ဒုတိယ အရူပါဝစရဈာန်စိတ်က ….။

ဆရာဇေ။ ။ ‘ဝိညာဏဉ္စာယတနစိတ်’ – “အဆုံးမရှိသော ပထမ အရူပါဝစရစိတ်ကို အာရုံပြုသော ဈာန်နှင့် ယှဉ်သော စိတ်”။

မှီတွယ်အပ်အာရုံက ‘ပထမအရူပါဝစရစိတ်’၊ လွန်မြောက်အပ်အာရုံက ‘ကောင်းကင်ပညတ်’။

ကဖိုးထိန်။ ။ တတိယက …။

ဆရာဇေ။ ။ ‘အာကိဉ္စညာယတနစိတ်’ – “ပထမအရူပါဝစရစိတ်၏ မရှိခြင်း (နတ္ထိဘော)ပညတ်ကို အာရုံပြုသော ဈာန်နှင့် ယှဉ်သော စိတ်”။

မှီတွယ်အပ်အာရုံက ‘နတ္ထိဘောပညတ်’၊ လွန်မြောက်အပ်အာရုံက ‘ပထမအရူပါဝစရစိတ်’။

ဆားပုလင်း။ ။ စတုတ္ထ ‘နေဝသညာနာသညာယတနစိတ်’။

ဆရာဇေ။ ။ ‘နေဝသညာနာသညာယတနစိတ်’ – “ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာ မရှိသည် မဟုတ်သော မနာယတန၊ ဓမ္မာယတန၌ ပါဝင်သော စိတ်”။

မှီတွယ်အပ်အာရုံက ‘တတိယအရူပါဝစရစိတ်’၊ လွန်မြောက်အပ်အာရုံက ‘နတ္ထိဘောပညတ်’။

ဆားပုလင်း။ ။ ဒီ ‘နေဝသညာနာသညာယတနစိတ်’ကတော့ လောကီစိတ်တွေထဲမှာ နံပါတ်ဝမ်း တစ်ဂဏန်းပဲ။ သိမ်မွေ့တယ်။

ဆရာဇေ။ ။ မနေ့ကထိ သင်ခဲ့ရတဲ့ စိတ်တွေကို ဆရာတော်က အုပ်စုလေးတွေ ခွဲပြတယ်။ ဟိုး … အစကနေ အကုသိုလ်စိတ်တွေကနေ စပြောမယ်။

အကုသိုလ်စိတ် ၁၂ ပါးနဲ့ အဟိတ်စိတ် ၁၈ ပါး နှစ်ခုပေါင်း ၃၀ ကို မြန်မာပြည်မှာ အသောဘဏစိတ် ၃၀ လို့ ခေါ်တယ်။ အုပ်စုလေး တစ်ခုပေါ့။

အသောဘဏစိတ် ၃၀ နဲ့ ကာမာဝစရသောဘဏစိတ် ၂၄ ပါး၊ စုစုပေါင်း ၅၄ ပါးကို ကာမာဝစရစိတ် ၅၄ ပါး၊ ဒါမှမဟုတ် ကာမစိတ် ၅၄ ပါး။

ရူပါဝစရစိတ် ၁၅ ပါးနဲ့ အရူပါဝစရစိတ် ၁၂ ပါး၊ နှစ်ခုပေါင်းကို ‘မဟဂ္ဂုတ်စိတ်’ ၂၇ ပါး။
(မဟဂ္ဂုတ်စိတ်=မြတ်သော ဈာန်ရပုဂ္ဂိုလ်တို့သာ ရအပ် ရောက်အပ်သော စိတ်)

ကာမစိတ် ၅၄ ပါးနဲ့ မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ နှစ်ခုပေါင်းကိုတော့ ‘လောကီစိတ်’ ၈၁ ပါး။ လောကမှာ ဘုရားရှင် မပွင့်ထွန်း မပေါ်ပေါက်သည့်တိုင် နည်းမှန်လမ်းမှန် ကျင့်ကြံပွားများရင် ရနိုင်တဲ့ စိတ်တွေတဲ့။ အမြင့်ဆုံး နံပါတ်တစ်စိတ်လို့ ဆိုရလောက်တဲ့ နေဝသညာနာသညာယတနဈာန်စိတ်တိုင်အောင်ပေါ့ဗျာ။

ဆားပုလင်း။ ။ ဘုရားရှင် ဘုရားမဖြစ်မီ နည်းယူခဲ့တဲ့ ဆရာကြီးနှစ်ဦးအနက် တစ်ဦးက ဒီအမြင့်ဆုံးဈာန်တိုင်အောင်၊ တစ်ဦးက တတိယအရူပဈာန်တိုင်အောင် ရခဲ့ကြတာ မဟုတ်လား။

ကဖိုးထိန်။ ။ ဘယ်သူတွေကို ပြောတာလဲ ဆားပုလင်း။

ဆရာစော။ ။ အာဠာရဆရာကြီးနဲ့ ဥဒကဆရာကြီးပဲပေါ့။ မဟုတ်ဘူးလား ဆားပုလင်း။

ဆားပုလင်း။ ။ ဟုတ်တာပေါ့ ဆရာစော။ စိတ်ထားမြင့်မြတ်ပြီး အင်မတန် ဉာဏ်ထက်မြက်ကြတဲ့ ဆရာကြီးတွေပေါ့။ ဘုရားရှင်ဟာ ဘုရားမဖြစ်မီ ကာဠာမမျိုးနွယ်ဖြစ်တဲ့ အာဠာရဂိုဏ်းဆရာကြီးထံ ပထမ သွားပြီး တပည့်ခံတယ်။ အာဠာရဆရာကြီး ရတဲ့ အာကိဉ္စညာယတနဈာန်တိုင်အောင် အလွယ်တကူ ရတော့ ဒီဆရာကြီးက ဝမ်းမြောက် ဝမ်းသာဖြစ်ပြီး သူ့ရဲ့ ဂိုဏ်းသားတစ်ဝက်ကို ပေးတယ်။ သူအပူဇော်ခံရသလို အပူဇော် အချီးအမြှောက် ခံစေတယ်။ သူနဲ့အတူ ဂိုဏ်းကို အုပ်ချုပ် ဆရာကြီးလုပ်ဖို့ ပြောတယ်။

ဥဒကဂိုဏ်းဆရာကြီးကတော့ ဘုရားရှင် ဘုရားမဖြစ်မီ တပည့်ခံတဲ့အချိန်မှာ … သူကတော့ နေဝသညာနာသညာယတနဈာန်ကို မရသေးဘူး။ သူ့အဖေဖြစ်တဲ့ ရာမဆိုတဲ့ ဆရာကြီးကသာ အဲဒီဈာန်ထိ ရတယ်။ သူသိထားတဲ့ သူ့အဖေ ရာမရဲ့နည်းကို သင်ပြပေးတယ်။ ဒါကိုလဲ အလွယ်တကူနဲ့ တတ်မြောက်သွားတော့ … သူ့ကျတော့ ဂိုဏ်းတစ်ခုလုံးကို အပ်တယ်။ သူ့အဖေသာ ရပြီး သူ့မှာကျတော့ မရသေးပဲကိုး။ အချီးမြှောက် အပူဇော်ခံစေတယ်။ ဂိုဏ်းကို အုပ်ချုပ်ဖို့ ပြောတယ်။ ဥဒကဆရာကြီးကတော့ နောင် သူဆက်လက် ပွားများ အားထုတ်ပြီး ဒီဈာန်ကို ရတယ်လို့ ဆိုတယ်။

ဒါကြောင့် ဘုရားရှင် ဘုရားဖြစ်တော်မူပြီး တရားဦးဟောဖို့ ဆင်ခြင်တဲ့အခါ အင်မတန် ဉာဏ်ထက်မြက်ကြတဲ့ ဒီဆရာကြီး နှစ်ဦးပေါ်လာတာ ဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ဒီဆရာကြီးနှစ်ဦးက ကွယ်လွန်သွားပြီး ရုပ်မရှိ နာမ်သာရှိတဲ့ ဗြဟ္မာ့ဘုံမှာ ဖြစ်နေတယ်။ ရသင့် ရထိုက်သော မဂ်ဖိုလ်တရားကို မရနိုင်တော့တဲ့အတွက် အရှုံးကြီး ရှုံးရတယ်လို့ မိန့်တော်မူတယ်။

ကဖိုးထိန်။ ။ ဒါနဲ့ … ဘုရားရှင်မှာ ဆရာမရှိဘူးဆို။

ဆားပုလင်း။ ။ ဒီမေးခွန်းလေးရဲ့အဖြေက “မိလိန္ဒပဥှာ”မှာ ရှိတယ်။

မိလိန္ဒမင်းကြီးက မေးတယ်။ “အရှင်ဘုရား (နာဂသေန)၊ ဘုရားရှင်သည် ဥပကတက္ကတွန်းနှင့် တွေ့သောကာလ … အို ဥပက၊ ငါ့အား ဆရာမရှိ၊ ငါနှင့်တူသော သူသည် နတ်နှင့်တကွသော လောက၌ မရှိ၊ ငါ့အား ပြိုင်ဘက် မရှိဟု ဟောတော်မူ၏။

တဖန်လည်း ချစ်သား ရဟန်းတို့၊ ကာလာမ၏ သားဖြစ်သော အာဠာရရသေ့သည် ဆရာဖြစ်၍ အန္တေဝါသိက တပည့်ဖြစ်သော ငါ့ကို မိမိကိုယ်နှင့် ထပ်တူ ထားပေ၏။ ငါ့အား မွန်မြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်၏ ဟု ဟောတော်မူ အပ်၏”

ဒီဟောကြားချက် နှစ်ခု ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား ဆိုပြီး။

တချို့ မိစ္ဆာဒိဋ္ဌိသမားတွေက ဒီလို မေးခွန်းလေးတွေမျိုး ယူပြီး အကြားအမြင် ဗဟုသုတ နည်းပါးသူတွေကို လှည့်ဖြားတတ်ကြတယ်။

ပထမ ဟောကြားတော်မူချက်က ဘုရားဖြစ်တော်မူပြီး အချိန်ကာလကို ရည်ညွှန်းတယ်။

ဒုတိယ ဟောကြားတော်မူချက်က သဗ္ဗညုတဉာဏ်တော်ကို မရမီ၊ ဘုရားမဖြစ်တော်မူမီ၊ ဘုရားလောင်းဖြစ်စဉ် ဆရာအဖြစ်ကို ရည်ရွယ်ပြီး ဟောကြားတော်မူတာ ဖြစ်တယ်လို့ အရှင်နာဂသိန်က ဖြေကြားတော်မူပါတယ်။

အဲဒီမှာ ဘုရားလောင်းဖြစ်စဉ် ဘုရားမဖြစ်မီကာလ ဆရာငါးဆက်ကို ပြထားသေးတယ်။

(၁) ဘုရားရှင် ဖွားသောကာလ လက္ခဏာဖတ်တဲ့ ပုဏ္ဏား ရှစ်ယောက်၊
(၂) ငယ်စဉ်ကာလ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း စသည်ကို သင်စေသော သဗ္ဗမိတ္တပုဏ္ဏား၊
(၃) ဘုရားလောင်း တောထွက် ရဟန်းပြုရန် သံဝေဂရစေအပ်သော နတ်သား၊
(၄) ကာဠာမမျိုးနွယ် အာဠာရဂိုဏ်းဆရာကြီး၊
(၅) ရာမ၏သား ဥဒကဂိုဏ်းဆရာကြီး တို့ဟာ ဘုရားရှင် သစ္စာလေးပါး မသိမီ ရှေးကာလ၊ သဗ္ဗညုတဉာဏ်တော် မရမီ ရှေးကာလက ဆရာတွေ ဖြစ်တယ် တဲ့။

ဆရာဇေ။ ။ မှတ်သားစရာပါပဲ။

ကဖိုးထိန်။ ။ ဆရာဇေ သင်တန်းတက်နေတာ ခုဆို ၇-ပတ်မြောက်တောင် ပြီးသွားပြီဆိုတော့ ခုမှ ကျွန်တော် လာတက်ရင် ဖြစ်ပါ့မလား … ဆရာဇေ။

ဆရာဇေ။ ။ ဖြစ်တာပေါ့ဗျာ … ပို့ချပြီး သင်တန်းတွေအတွက် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသရဲ့ အသံသွင်း စီဒီလည်း ရှိပါတယ် ဗျာ။ နည်းနည်းလေးသာ ကြိုးစားပြီး နားထောင် နာယူ လေ့လာလိုက်။ လောကချမ်းသာ ဆရာတော်ကလဲ မှတ်ဖွယ် သိဖွယ်တွေကို ပို့ချပေးပါသေးတယ်။ လောကချမ်းသာဆရာတော်လဲ ရှိတော့ ကိုယ်မသိ နားမလည်တာတွေ မေးမြန်းနိုင်ပါတယ်။ မေးမြန်းဆွေးနွေးချိန် နည်းနည်း ပိုလိုချင်တယ်ဆိုရင် သင်တန်းမစခင် ကြိုလာပြီး လောကချမ်းသာဆရာတော်ကို မေးမြန်း လျှောက်ထားနိုင်သားပဲ … ကဖိုးထိန်။

ဆရာစော။ ။ သင်တန်းမှတ်စု စာရွက်စာတမ်းတွေရော မပေးဘူးလား ဆရာဇေ။

ဆရာဇေ။ ။ ပေးပါ့ဗျား … လောကချမ်းသာဆရာတော်ကလည်း ဝေငှပါတယ်။ သင်တန်းသားတွေ အချင်းချင်းကလည်း မှတ်စုမှတ်ရာ ကိုယ်လေ့လာထားကြတာတွေကို ဝေငှကြပါတယ်။ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသရဲ့ သင်တန်းပို့ချချက် အပြည့်အစုံဆိုရင် မြန်မာပြည်မှာ အတွဲ ၅-တွဲ ခွဲပြီး ထုတ်ဝေထားပါတယ်။ မြန်မာပြည်က မှာယူပြီး ကိုယ်ပိုင် သိမ်းဆည်း ဖတ်ရှု လေ့လာနိုင်ပါတယ်။

ဆားပုလင်း။ ။ မြန်မာပြည်က အဘိဓမ္မာ အထွန်းကားဆုံးနိုင်ငံဆိုတော့ အဘိဓမ္မာဆိုင်ရာ စာအုပ်အမျိုးမျိုး၊ သင်တန်းအမျိုးမျိုး၊ အသံသွင်း စီဒီနဲ့ တဖုံ၊ သင်တန်းကို ကိုယ်တိုင် တက်ရောက်နေရသလို ဗွီစီဒီနဲ့ တသွယ် … အများကြီး ရှိပါတယ်။

ဆရာဇေ။ ။ မှန်ပါတယ် … အဘိဓမ္မာကို စလေ့လာ သင်ယူတဲ့ ကျွန်တော့်အတွက်တော့ ဆရာတစ်ဦးရဲ့ သင်တန်းတစ်ခု ပြီးမှ နောက်တစ်ခု လေ့လာ သင်ယူတာ ပိုကောင်းမယ်နဲ့ တူတယ်။ တခြား ဉာဏ်ထက်တဲ့ လူတွေ၊ လူငယ်လူရွယ်တွေတော့ မပြောတတ်ဘူး။

ကဖိုးထိန်။ ။ ဆရာတော်ရဲ့ သင်တန်းပို့ချချက် အပြည့်အစုံ … စာအုပ်စာတမ်းအနေနဲ့လဲ ရှိတယ် … အသံသွင်း စီဒီအနေနဲ့လဲ ရှိတယ် ဆိုတော့ … အိမ်မှာပဲ ကိုယ့်ဘာသာ လေ့လာရင်ကော မဖြစ်ဘူးလား ဆရာဇေ။

ဆရာဇေ။ ။ မဖြစ်ဘူးလို့တော့ မပြောဘူး။ မနေ့က ကျွန်တော် သင်တန်းတက်ရတာကလေးကို ပြောပြမယ်။

စနေနေ့သင်တန်းတက်ရမယ်ဆို သောကြာနေ့ညနေလောက်ကတည်းက အသိ ရှိနေပြီ။ နက်ဖြန်ခါ စနေနေ့ အဘိဓမ္မာသင်တန်းသွားရမယ်ဆိုတာ။ အချိန်ရတော့ သင်ပြီးခဲ့တာလေးတွေ ပြန်ကြည့်တယ် .. ဖတ်တယ်။

စနေနေ့တော့ လောကချမ်းသာဘုရားကျောင်းကို သွားတယ်။ ဆရာတော်နဲ့ တွေ့တယ်။ တခြား ဦးဇင်းတွေနဲ့ တွေ့တယ်။ အတူတက်တဲ့ သင်တန်းသား မိတ်ဆွေတွေနဲ့ တွေ့တယ်။

ကံကောင်းချင်တော့ ဒုလ္လဘရဟန်းဝတ်သူတစ်ဦးရှိတော့ ရဟန်းဝတ်တဲ့ အစီအစဉ်လေးကို ကြည်ညိုရတယ်။

အရှင်သီလာနန္ဒာဘိဝံသ ဆရာတော်ရဲ့ သင်တန်း အသံသွင်း စီဒီကို မဖွင့်ခင် လောကချမ်းသာဆရာတော်က အဲဒီနေ့ ပို့ချမယ့် သင်ခန်းစာရဲ့ မှတ်ဖွယ် သိဖွယ်တွေကို အကျဉ်း ရှင်းပြတယ်။

ပို့ချချက် သင်တန်းပြီးတော့ တချို့ သင်တန်းသားတွေက အဆာပြေ စားသောက်ဖို့ အစားအစာတွေ ယူလာ၊ စေတနာအပြည့်အဝနဲ့ ကျွေးမွေးတယ်။

ညနေ ၆ နာရီတော့ ဆရာတော် အရှင်စက္ကိန္ဒက “ဒေါသရှေ့ထား သူ့အမှား”ဆိုတဲ့ လောကချမ်းသာ စနေနေ့ တရားပွဲကို ချီးမြှင့်တယ်။

တရားပွဲ မစမီ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ကြည်ညိုတယ်။ ငါးပါးသီလ ခံယူတယ်။ ဖြူစင် ကြည်လင်နေတဲ့ စိတ်တွေနဲ့ သတ္တဝါတွေ ကျန်းမာ ချမ်းသာ၊ ဘေးရန်ကင်းစေကြောင်း မေတ္တာပို့သတယ်။

“ဒေါသရှေ့ထား သူ့အမှား”တရားတော်က အရှင်စက္ခုပါလမထေရ်ရဲ့ အကြောင်း ဖြစ်တယ်။ အချိန်အတိုင်းအတာကြောင့် ပစ္စုပ္ပန်ဝတ္ထုဇာတ်ကြောင်းကိုသာ ဟောကြား နာယူရတယ်။

တရားပွဲပြီးတော့ ဆယ်မိနစ် တရားရှုမှတ် ပွားများကြရတယ်။

ပြီးတော့ ပြုခဲ့ကြတဲ့ ကောင်းမှုကုသိုလ်တွေကို သတ္တဝါအားလုံးအား အမျှပေးဝေကြတယ်။

အိမ်မှာပဲ ကိုယ့်ဘာသာ လေ့လာမယ်ဆိုရင် ဒီအချက်တွေထဲက ကိုယ့်ဘာသာ ပြုနိုင် ရနိုင်မယ့် အချက်တွေကို ရှာကြည့်ပေါ့ ကဖိုးထိန်။

ကဖိုးထိန်။ ။ သာဓု … သာဓု … သာဓု ပါ ဆရာဇေ။ ကိုယ်တိုင် သင်တန်းလာတက်နိုင်အောင်လဲ ကြိုးစားပါဦးမယ်။

ဆရာဇေ/ဆားပုလင်း/ဆရာစော။ ။ သာဓု … သာဓု … သာဓု …။

Leave a Reply