စိတ်အစဉ်အတန်း (၂)

၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းဖြစ်သော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ (၂၃)ပတ်မြောက် သင်ခန်းစာကို ဆက်လက် သင်ကြားပို့ချရာ ဝီထိပိုင်းမှ အတိပရိတ္တာရုံဝီထိ၊ ကာမဇောဝါရဝီထိ၊ ဈာနဝီထိများအကြောင်း လေ့လာသင်ယူကြရပါသည်။

+++++

၎။ အတိပရိတ္တာရုံ (အလွန်အားနည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ)

အလွန်အားနည်းလွန်းသောကြောင့် (မြင်လိုက်သလိုလို ကြားလိုက်သလိုလိုမျှသာ ဖြစ်၍) ဘဝင်လှုပ်ရုံပဲ လှုပ်ပြီး ဘဝင်ပြန်ကျသွားသောကြောင့် မောဃဝါရ (အလကားဝါရ)ဟု ခေါ်၏။

‘ပထမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၀)
ဘဝင်္ဂစလန (၂)
ဘဝင် (၅)

‘ဒုတိယ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၁)
ဘဝင်္ဂစလန (၂)
ဘဝင် (၄)

‘တတိယ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၂)
ဘဝင်္ဂစလန (၂)
ဘဝင် (၃)

‘စတုတ္ထ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၃)
ဘဝင်္ဂစလန (၂)
ဘဝင် (၂)

‘ပဉ္စမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၄)
ဘဝင်္ဂစလန (၂)
ဘဝင် (၁)

‘ဆဋ္ဌမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၅)
ဘဝင်္ဂစလန (၂)

+++++

စက္ခုဒွါရအတွက် ဝီထိပေါင်းမှာ –

အတိမဟန္တာရုံ(တဒါရမ္မဏဝါရ) (၁)ဝီထိ
မဟန္တာရုံ(ဇဝနဝါရ) (၂)ဝီထိ
ပရိတ္တာရုံ(ဝေါဋ္ဌဗ္ဗနဝါရ) (၆)ဝီထိ
အတိပရိတ္တာရုံ(မောဃဝါရ) (၆)ဝီထိ – စုစုပေါင်း (၁၅)ဝီထိ ရ၏။

ဤနည်းတူ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရတို့၌လည်း တစ်ဒွါရစီ၌ (၁၅)ဝီထိစီ ရသောကြောင့် ၅-ဒွါရ(ပဉ္စဒွါရ)မှာ ၁၅x၅ = ၇၅ ဝီထိ ရှိ၏။

+++++

ဝီထိသရုပ်ခွဲ

“ပဉ္စသတ္တရိ၊ ဝီထိပဉ္စဒွါ
ချရာစိတ်စု၊ စတုပညာ ကာမသာချည်း။

အာရုံမှာမူ၊ ဘဝင်ဟူသမျှ
သုံးဝအတိတ်၊ ကံနိမိတ်တည်း။

ကြွင်းစိတ်(အာ)ရုံငါး
မှီကားသူပင်၊ သူ့ဝိညာဉ်သာ
ကြွင်းလျှင်စိတ်စု၊ ရှေးရှေးဥသည့်
ဝတ္ထုဟဒယ၊ စွဲမှီကြသည်
ဒွိဟလွတ်ကင်း ရှင်းလေတည်း။”

(မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)

ပဉ္စသတ္တရိ = ၇၅
ဝီထိပဉ္စဒွါ = ပဉ္စဒွါရဝီထ
ချရာစိတ်စု = ပါဝင်နိုင်သော စိတ်စု
စတုပညာ ကာမသာချည်း = ကာမစိတ် ၅၄ ပါးချည်းသာ
သုံးဝအတိတ် ကံနိမိတ် = ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးမျိုး
ကြွင်းစိတ်(အာ)ရုံငါး = ‘ဘဝင်စိတ်’မှ ကြွင်းသော (ပဉ္စဒွါရာဝဇ္ဇန်းမှ တဒါရုံထိ) စိတ်များသည် သက်ဆိုင်ရာ အာရုံငါးပါးကို အာရုံပြု၏။ (စက္ခုဒွါရဝီထိဖြစ်လျှင် ပစ္စုပ္ပန်ရူပါရုံ၊ သောတဒွါရဝီထိဖြစ်လျှင် ပစ္စုပ္ပန်သဒ္ဒါရုံ စသည်)

မှီကားသူပင်၊ သူ့ဝိညာဉ်သာ = သူ့ဝိညာဏ်က သူ့ဝတ္ထုကို မှီ၏။ (စက္ခုဝိညာဏ်သည် စက္ခုဝတ္ထု၊ သောတဝိညာဏ်သည် သောတဝတ္ထု စသည်)
ကြွင်းလျှင် စိတ်စု = ပဉ္စဝိညာဏ်မှ ကြွင်းသော စိတ်များ
ရှေးရှေးဥသည့်၊ ဝတ္ထုဟဒယ = ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု (အတူတူဖြစ်သော ဟဒယဝတ္ထုကို မမှီ၊ သူ၏ ရှေ့က စိတ်နှင့်အတူ ဥပါဒ်ပြီး သူဖြစ်သောအချိန်တွင် ရုပ်၏ ဌီခဏသို့ ရောက်နေသော ဟဒယဝတ္ထုကို မှီ)

(ရုပ်၏အသက်မှာ စိတ္တက္ခဏ ၁၇ ချက်ရှိသဖြင့် သူ့ရှေ့က ဖြစ်ခဲ့သော ဟဒယဝတ္ထုမှာ သူဖြစ်နေတုန်း ရှိနေသေးသောကြောင့် ထိုဟဒယဝတ္ထုကို မှီခြင်း ဖြစ်သည်။)

+++++

ကျမ်းဂန်လာ ‘သရက်ပင်အောက် အိပ်နေသူ’ ဝီထိဥပမာ

အဋ္ဌသာလိနီကျမ်းတွင်လာသော အသုံးများသည့် သရက်ပင်အောက် အိပ်နေသူ ဝီထိဥပမာကို တောင်မြို့ဆရာတော်က လင်္ကာရေးစပ်ထားခဲ့၏။

“မှတ်လော့မျက်မြင်၊ ကွက်ကွက်ထင်စိမ့်
သရက်ပင်အောက်၊ လူတစ်ယောက်၏
ရှေ့နောက်ခေါင်းမြီး၊ ခြုံ၍ ပြီးသော်
အိပ်ပျော်လေငြား၊ ကြွေသံအားကြောင့်
နိုးကြားသဖြင့်၊ ခေါင်းခြုံဖွင့်၍
ကြည့်လစ်မြင်ရာ၊ ယူကာနှိပ်စမ်း
ရှူကာနမ်းလျက်၊ မှည့်မှန်းသိသော်
ရွှင်ပျော်သုံးစား၊ ရသာပွား၍
မျိုငြားလေပြီး၊ ရှေးနည်းအိပ်ပင်
ပမာဆင်လော့။

ဘဝင်သည်ကား၊ အိပ်သောလားသို့
နီးပါးကြွေပုံ၊ အာရုံထိခိုက်
နိုးလိုက်သည့်ဟန်၊ အာဝဇ္ဇန်တည်း
ဖွင့်လှန်ကြည့်မှု၊ စက္ခုဝိညာဏ်
ယူငင်တစ်ခန်း၊ ပဋိစ္ဆန်းနဲ့
နှိပ်စမ်းသန္တီ၊ ရဏမည်၏
မှတ်ပြီဝုဋ္ဌော
သုံးစားသောအား၊ ဇောအလားရှင့်
မျိုငြားလေပုံ၊ တဒါရုံမှတ်
နောက်ထပ်အိပ်ပြန်၊ ဘဝင်ဟန်တူ
ပြင်ရန်ပြုသူ၊ မရှိမူလည်း
မတူရှေ့နောင်၊ ကိစ္စဆောင်လျက်
ဖြစ်တိုင်းပျက်၍
ဆက်ဆက်စဉ်သာ၊ မမြင်ပါလည်း
ထင်စွာသဘော၊ စဉ်ကာနှောသည်
အဟော နိယာမပေတကား။

ရှေ့နောက် တစ်ခုနှင့်တစ်ခု မတူ၊ ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်, စက္ခုဝိညာဏ်က မြင်, သမ္ပဋိစ္ဆိုင်းက လက်ခံ, သန္တီရဏက စုံစမ်း စသည်ဖြင့် စီကာစဉ်ကာ ဖြစ်ပျက်နေသည်မှာ ဘယ်သူကမှ အမိန့်ပေး ခိုင်းစေနေခြင်းကြောင့်မဟုတ်ဘဲ နိယာမ ၅-ပါးလာ စိတ္တနိယာမသဘောတရားအရ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေခြင်း ဖြစ်၏။

+++++

ပဉ္စဒွါရဝီထိများကို ခွဲခြမ်းကြည့်သော် –

ဝီထိစိတ်အမျိုးအားဖြင့် – ၇ မျိုး [ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခု/သောတ/ဃာန/ဇိဝှါ/ကာယ ဝိညာဏ်(အာဝဇ္ဇန်းဝိညာဏ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ]

စိတ်အရေအတွက်အားဖြင့် – ၁၄ ခု [ပဉ္စဒွါရာဝဇ္ဇန်း ၁ + အာဝဇ္ဇန်းဝိညာဏ် ၁ + သမ္ပဋိစ္ဆိုင်း ၁ + သန္တီရဏ ၁ + ဝုဋ္ဌော ၁ + ဇော ၇ + တဒါရုံ ၂] ဖြစ်၏။

ပဉ္စဒွါရဝီထိများတွင် ပါနိုင်သော၊ ရနိုင်သော စိတ်များမှာ ကာမာဝစရစိတ် ၅၄ ခုထဲက စိတ်များသာ ရနိုင်၏။

ပဉ္စဒွါရဝီထိများမှာ ပရမတ်သဘောကို မြင်ရုံ ကြားရုံ စသည်သာ ရှိပြီး ပညတ်ထိအောင် မရောက်သေးပေ။

သူ့နောက်ကလိုက်သော မနောဒွါရဝီထိများ ဖြစ်ပြီးမှ ပညတ်သဘောသို့ ရောက်၏။

+++++

မနောဒွါရဝီထိ

ပဉ္စဒွါရဝီထိများ၏ အာရုံမှာ ပစ္စုပ္ပန် ပဉ္စာရုံဖြစ်ပြီး၊ မနောဒွါရ၏ အာရုံမှာ ပစ္စုပ္ပန်တင်မက ‘အတိတ်’ ‘အနာဂတ်’လည်း ဖြစ်နိုင်၏။ ‘စိတ်’, ‘စေတသိက်’, ‘ရုပ်’, ‘အတိတ်တရား’, ‘အနာဂတ်တရား’, ‘ပညတ်’, ‘နိဗ္ဗာန်’ အားလုံး ထင်နိုင်၏။

မနောဒွါရဝီထိကို “ကာမဇောဝါရ”နှင့် “အပ္ပနာဇောဝါရ” နှစ်မျိုး ထပ်ခွဲနိုင်၏။

ကာမဇောဝါရဝီထိ

ကာမဇောများ ပါဝင်သော ဝီထိ ဖြစ်၏။

ကာမဇောဝါရတွင် –

ထင်ရှားသော အာရုံကို အာရုံပြုပြီးဖြစ်သော “ဝိဘူတာရုံဝီထိ” နှင့်
မထင်မရှား အာရုံကို အာရုံပြုပြီးဖြစ်သော “အဝိဘူတာရုံဝီထိ” ဟူ၍ ထပ်ပြီး ခွဲခြား၏။

ဝိဘူတာရုံဝီထိ

အတိတ်အာရုံ, အနာဂတ်အာရုံကို အာရုံပြုနိုင်သဖြင့် ရုပ်သက် ၁၇-ချက်နှင့် သတ်မှတ်ရန် မလိုတော့ပေ။
ဘဝင် တစ်ချက်လွန် နှစ်ချက်လွန် စသည် မပြောနိုင်တော့၍ အတီတဘဝင် ချစရာ မလို။
သို့သော် ဘဝင်လှုပ်ရန် လို၏။

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဇော ၇-ကြိမ် —> တဒါရုံ ၂-ကြိမ် —> ဘဝင် …..

အဝိဘူတာရုံဝီထိ

အာရုံ မထင်မရှားသောကြောင့် တဒါရုံ မကျတော့။

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဇော ၇-ကြိမ် —> ဘဝင် …..

+++++

“စိတ်,စေတသိက်၊ ရုပ် တိတ် နာဂတ်
ပညတ် နိဗ္ဗာန်၊ ထင်လာမှန်လျှင်
ဘဝင်တီတ၊ ချဖွယ် မဟုတ်။

ပစ္စုပ်ရုပ်သာ၊ ထင်သောခါဝယ်
လျော်စွာနှိုင်းညှိ၊ ချခွင့်ရှိသည်
ုယုတ္တိ ယုတ္တာ စမ်းလေလော့။”

မနောဒွါရမှာ အာရုံအမျိုးမျိုး ထင်လာနိုင်ရာ ပစ္စုပ္ပန်အာရုံထင်လျှင်မူ ‘အတီတဘဝင်’ ချနိုင်၏။

စိတ်၊ စေတသိက်၊ အတိတ်အာရုံ ရုပ်၊ အနာဂတ်အာရုံ ရုပ်၊ ပညတ်၊ နိဗ္ဗာန် တို့ကို အာရုံပြုလျှင်မူ ‘အတီတဘဝင်’ ချရန် မလို။

+++++

အပ္ပနာဇောဝါရဝီထိ

မဟဂ္ဂုတ်နှင့် လောကုတ္တရာဇောများ အဓိကပါသော ဝီထိ ဖြစ်၏။

(အပ္ပနာဇော ၂၆ = ရူပါဝစရကုသိုလ် ၅ + ရူပါဝစရကြိယာ ၅ + အရူပါဝစရကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ + လောကုတ္တရာ ၈)

အပ္ပနာဇောဝါရဝီထိကိုလည်း ‘ဈာနဝီထိ’နှင့် ‘မဂ္ဂဝီထိ’ ဟူ၍ အကြမ်းဖျင်း ၂ မျိုး ခွဲခြား၏။

ဈာနဝီထိ

ဈာနဝီထိတွင် ဈာန်ကို ပထမ စ,ရသောအခါ ဖြစ်သော ဝီထိ (စ)နှင့် နောင် ဈာန်ဝင်စားသောအခါ ဖြစ်သော ဝီထိ (ဝင်စား) ဟူ၍ ၂-မျိုး ထပ်ရှိ၏။

ဈာန် ပထမဆုံးရရှိစဉ် ဖြစ်သော ဝီထိကို ပါဠိလို ‘အာဒိကမ္မိက ဈာနဝီထိ’ဟု ခေါ်၏။

(ဈာန်ရအောင် အားထုတ်နေသော ပုဂ္ဂိုလ်၏ စိတ်သည် ဉာဏ်နှင့်ယှဉ်သော စိတ် ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သော စိတ်ဖြင့် ရှုမှသာ ဈာန်ရနိုင်၏။ ထို့ကြောင့် ဈာန်ဇော၏ ရှေ့က ဖြစ်မည့် ကာမာဝစရဇောသည် ပုထုဇဉ်ပုဂ္ဂိုလ်အတွက် ဉာဏသမ္ပယုတ် ကာမကုသိုလ်ဇော၊ ရဟန္တာဖြစ်ပြီးမှ ဈာန်ရအောင် အားထုတ်သူအတွက် ဉာဏသမ္ပယုတ် ကာမကြိယာဇော ဖြစ်၏။)

ဈာန်ရပုဂ္ဂိုလ်တို့မှာ ဉာဏ်ထက်ကြသူချည်းဖြစ်သော်လည်း ဉာဏ်အနည်းငယ် နုံ့(ညံ့)သောပုဂ္ဂိုလ် (မန္ဒပုဂ္ဂိုလ်)၊ ဉာဏ်ပိုထက်သူ (တိက္ခပုဂ္ဂိုလ်)ဟူ၍ ရှိပြန်ရာ ဝီထိတစ်မျိုးစီ ဖြစ်၏။

မန္ဒပုဂ္ဂိုလ် ဈာနဝီထိ (စ)

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း ပြီးနောက် ကာမာဝစရဇော ၄ ကြိမ် (ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ) စောကာ, ဈာန်ဖြစ်ပြီး ဘဝင် ပြန်ကျသွား၏။

ပရိကံ = အခြေခံ ပြုပြင် စီရင်သော စိတ်
ဥပစာ = (အပ္ပနာဈာန်၏) မနီးမဝေး၌ ဖြစ်သော စိတ်
အနုလုံ = အောက် ပရိကံ, အထက် အပ္ပနာဇောတို့နှင့် လျော်စွာဖြစ်သော စိတ်
ဂေါတြဘူ = ကာမအနွယ်ကို လွှမ်းမိုးသော၊ မဟဂ္ဂုအနွယ်ထဲသို့ ရောက်စေသော စိတ်

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ပရိကံ —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဘဝင်

တိက္ခပုဂ္ဂိုလ် ဈာနဝီထိ (စ)

တိက္ခပုဂ္ဂိုလ်မှာ ပရိကံ မပါတော့ဘဲ ကာမာဝစရဇော သုံးကြိမ်သာ စောတော့၏။

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဘဝင်

ပထမဦးဆုံးအကြိမ် ဈာန်ရပြီးနောက် နောင် ဈာန်ပြန်ဝင်စားသောအခါ ဈာန်နှင့် အချိန်ကြာမြင့်စွာ နေပါက ဈာန်စိတ် အကြိမ်ပေါင်းများစွာ ဖြစ်နိုင်၏။

မန္ဒပုဂ္ဂိုလ် ဈာနဝီထိ (ဝင်စား)

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ပရိကံ —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဈာန် —> ဈာန် —> ဈာန် …..

တိက္ခပုဂ္ဂိုလ် ဈာနဝီထိ (ဝင်စား)

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဈာန် —> ဈာန် —> ဈာန် …..

+++++

ဈာနဝီထိမှာ ကာမာဝစရဇော ၄-ကြိမ် (အမည်အားဖြင့် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ/ဇောအနေဖြင့် တစ်ခုတည်းက ထပ်ကာ ထပ်ကာ ဖြစ်ခြင်း) စောရာ –

ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်များအတွက် ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇော ၄ ခုအနက် တစ်ခုခု၊ ရဟန္တာဖြစ်ပါက ဉာဏသမ္ပယုတ် ကာမာဝစရကြိယာဇော ၄ ခုအနက် တစ်ခုခု ဖြစ်၏။

ကာမာဝစရဇော ၄-ကြိမ် ဖြစ်ပြီး၊ ဈာန်ဇောတစ်ကြိမ်ဖြစ်ရာ – ရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်၊ အရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် တို့အနက် တစ်ခုခု ဖြစ်၏။

ဈာနဝီထိ၏ အာရုံမှာ ကသိုဏ်းပညတ် (အသုဘ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ) စသည် ဖြစ်၏။

ဘဝင်မှာ ကာမသတ္တဝါဖြစ်က ကာမဘဝင်၊ ရူပါဝစရသတ္တဝါဖြစ်က ရူပါဝစရဘဝင်၊ အရူပါဝစရသတ္တဝါဖြစ်က အရူပါဝစရဘဝင် စသည် ဖြစ်၏။

မှီရာဝတ္ထုမှာ ရှေးရှေးစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု ဖြစ်၏။

+++++

ကာမဇောနောင် အပ္ပနာဇော

ဈာနဝီထိတွင် ကာမဇောနောက်က ဈာန်ဇော လိုက်၏။

ရှေ့ ကာမာဝစရဇောများမှာ ကာမာဝစရကုသိုလ် ဉာဏသမ္ပယုတ် သောမနဿ ၂ ခု, ဥပေက္ခာ ၂ ခု၊ ကာမာဝစရကြိယာ ဉာဏသမ္ပယုတ် သောမနဿ ၂ ခု, ဥပေက္ခာ ၂ ခု တို့မှ တစ်ခုခု ဖြစ်၏။

ရှေ့ ကာမာဝစရဇော (ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ) သည် “သောမနဿ”ဖြစ်က နောင်မှာ သောမနဿ အပ္ပနာဇော လိုက်၏။

ကာမာဝစရဇော “ဥပေက္ခာသဟဂုတ်” ဖြစ်က နောင် ဥပက္ခောသဟဂုတ် အပ္ပနာဇော စော၏။

တစ်ခါ –
ရှေ့ ကာမာဝစရဇောသည် ကာမာဝစရ‘ကုသိုလ်’ “ဉာဏသမ္ပယုတ်”ဇောဖြစ်က နောင် အပ္ပနာ ကုသိုလ်ဇော (ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, မဂ်)နှင့် အောက်ဖိုလ် ၃-ခု (သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်) စော၏။

ရှေ့ ကာမာဝစရဇောသည် ကာမာဝစရ‘ကြိယာ’ “ဉာဏသမ္ပယုတ်ဇော”ဖြစ်က နောင် အပ္ပနာ ကြိယာဇော (ရူပါဝစရကြိယာ၊ အရူပါဝစရကြိယာ) လိုက်၏။

ထို့ကြောင့် –

မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၃၂ (မဟဂ္ဂုတ် ကုသိုလ် သောမနဿ ၄ + လောကုတ္တရာ မဂ် သောမနဿ ၁၆ + လောကုတ္တရာ အောက်ဖိုလ် သောမနဿ ၁၂)

မဟာကုသိုလ် ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၁၂ (မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာ ၅ + လောကုတ္တရာ မဂ် ဥပေက္ခာ ၄ + လောကုတ္တရာ အောက်ဖိုလ် ဥပေက္ခာ ၃)

မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၈ (မဟဂ္ဂုတ် ကြိယာ သောမနဿ ၄ + လောကုတ္တရာ အရဟတ္တဖိုလ် သောမနဿ ၄)

မဟာကြိယာ ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၆ (မဟဂ္ဂုတ် ကြိယာ ဥပေက္ခာ ၅ + လောကုတ္တရာ အရဟတ္တဖိုလ် ဥပေက္ခာ ၁) ခု စောနိုင်၏။

+++++

Leave a Reply