စိတ်အစဉ်အတန်း (၃) – တဒါရုံကို သတ်မှတ်ခြင်း
မဂ်ဖိုလ်ရတယ်ဆိုရင် မဂ္ဂဝီထိ ဖြစ်ကို ဖြစ်ရတယ်။
အကျွတ်တရားရတယ်ဆိုတာ ဒါကို ခေါ်တာ။ ဒီ မဂ္ဂဝီထိမဖြစ်ဘဲနဲ့ မဂ်ဖိုလ်ရတယ်လို့ မရှိဘူး။
မဂ္ဂဝီထိဖြစ်မယ်ဆိုရင် ဒီဝီထိထဲမှာ ကာမာဝစရဇောတွေ ပါနေတယ်။ အဲဒီ ကာမာဝစရဇောတွေဟာ ဘာတွေလဲဆိုရင် ဝိပဿနာဇောတွေ။ ဝိပဿနာဇောဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာ ရှေ့သွားမရှိဘဲနဲ့ မဂ်ဖိုလ်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။
မြတ်စွာဘုရားက ဂါထာတစ်ပုဒ် ဟောလိုက်လို့ ဂါထာနာရသည်၏ အဆုံး၌ သောတာပန်တည်သွားတယ် စသည်ဖြင့် ဝတ္ထုဇာတ်ကြောင်းတွေ အများကြီး ရှိတယ်။
အထူးသဖြင့် ဓမ္မပဒဝတ္ထုကြောင်းတွေ ဖတ်ရင် တွေ့ရလိမ့်မယ်။ အဲဒီလို အခါမှာလည်းပဲ ဝိပဿနာ လုံးဝ မရှုဘဲနဲ့တော့ အကျွတ်တရားရသွားတာ မဟုတ်ဘူး။ သောတာပန်၊ သကဒါဂါမ် စသည် ဖြစ်သွားတာ မဟုတ်ဘူး။
ဝိပဿနာတော့် ရှုရသေးတာပဲ။
ဒါပေမယ်လို့ အလွန် လျင်မြန်တဲ့အတွက်ကြောင့် ချက်ချင်း ရသွားသလို ထင်ရတယ်။
တရားနာရင်းပဲ အနိစ္စ, ဒုက္ခ, အနတ္တကတော့ ရှုရတယ်နော်၊ ရှုမိသွားတာပေါ့ လေ။
ဒါကြောင့် ဝိပဿနာ မပါဘဲနဲ့ မဂ်ဖိုလ်ကို ဘယ်တော့မှ မရနိုင်ဘူးဆိုတာကိုတော့ သေချာကို မှတ်ထားကြ။
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် မတ်လ ၂၀ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း (၂၄)ပတ်မြောက် ပို့ချချက် သင်ခန်းစာကို လေ့လာ သင်ယူကြရသည်။
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက်သင်ခန်းစာကို မလေ့လာ မသင်ယူရမီ ရှေးဦးစွာ လောကချမ်းသာဆရာတော်က အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ အထောက်အကူ ရစေရန်၊ သင်ကြားခဲ့ပြီး အဘိဓမ္မာသင်ခန်းစာများကို ပိုမို ကျေညက် နားလည် သဘောပေါက်စေရန် ညနေ ၄း၀၀ နာရီမှ ၅း၀၀ နာရီထိ သင်ကြားပို့ချသွား၏။
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ (၂၄)ပတ်မြောက် ပို့ချချက်သင်ခန်းစာဖြစ်သော ‘ကာမဇော နောင် အပ္ပနာဇော’၊ ‘မဂ္ဂဝီထိ’၊ ‘တဒါရုံသတ်မှတ်ခြင်း’၊ ‘အာဂန္တုကဘဝင်’ အကြောင်းကို ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီအထိ လေ့လာ သင်ယူကြရသည်။
+++++
ကာမဇော နောင်၊ အပ္ပနာဇော
သောမနဿ သဟဂုတ်ဇော နောင်, သောမနဿ အပ္ပနာ
ဥပေက္ခာ သဟဂုတ်ဇော နောင်, ဥပေက္ခာ သဟဂုတ် အပ္ပနာ
ကုသိုလ် နောင်, ကုသိုလ်နှင့် အောက်ဖိုလ် ၃-ခု
ကြိယာ နောင်, ကြိယာနှင့် အရဟတ္တဖိုလ် နှောင်း၏။
မဟာကုသိုလ် ၈-ခုအနက် ပထမ ၂-ခု ဖြစ်သော မဟာကုသိုလ် သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရကုသိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သောတာပတ္တိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သကဒါဂါမိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အနာဂါမိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အရဟတ္တမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သောတာပတ္တိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သကဒါဂါမိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အနာဂါမိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရ ပဉ္စမဈာန် (၁)
– အရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သောတာပတ္တိမဂ် ပဉ္စမဈာန် (၁)
– သကဒါဂါမိမဂ် ပဉ္စမဈာန် (၁)
– အနာဂါမိမဂ် ပဉ္စမဈာန် (၁)
– အရဟတ္တမဂ် ပဉ္စမဈာန် (၁)
– သောတာပတ္တိဖိုလ် ပဉ္စမဈာန် (၁)
– သကဒါဂါမိဖိုလ် ပဉ္စမဈာန် (၁)
– အနာဂါမိဖိုလ် ပဉ္စမဈာန် (၁)
မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရကြိယာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အရဟတ္တဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရ ကြိယာ ပဉ္စမဈာန် (၁)
– အရူပါဝစရ ကြိယာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်,စတုတ္ထဈာန် (၄)
– အရဟတ္တဖိုလ် ပဉ္စမဈာန် (၁)
+++++
မဂ္ဂဝီထိ
မဂ္ဂဝီထိသည် ဈာနဝီထိနှင့် ဆင်တူ၏။
ဝိပဿနာကမ္မဋ္ဌာန်း တရားအားထုတ်၍ ဉာဏ်စဉ်အဆင့်ဆင့် တက်သွားကာ တရားထူးရသော အချိန်တွင် မဂ္ဂဝီထိ ဖြစ်၏။
မန္ဒပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ (ပထမဆုံး မဂ်ရစဉ် ဖြစ်သော ဝီထိ)
ဘဝင်္ဂစလန —› ဘဝင်္ဂုပစ္ဆေဒ —› မနောဒွါရာဝဇ္ဇန်း —› ပရိကံ —› ဥပစာ —› အနုလုံ —› ဂေါတြဘူ —› မဂ် —› ဖိုလ် —› ဖိုလ် —› ဘဝင်
တိက္ခပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ (ပထမဆုံး မဂ်ရစဉ် ဖြစ်သော ဝီထိ)
ဘဝင်္ဂစလန —› ဘဝင်္ဂုပစ္ဆေဒ —› မနောဒွါရာဝဇ္ဇန်း —› ဥပစာ —› အနုလုံ —› ဂေါတြဘူ —› မဂ် —› ဖိုလ် —› ဖိုလ် —› ဖိုလ် —› ဘဝင်
မဂ္ဂဝီထိတွင် –
မဂ်ဇောသည် တစ်ကြိမ်သာ စော၏။
ဖိုလ်ဇောသည် ၂-ကြိမ်လည်း စော၏။ ၃-ကြိမ်လည်း စော၏။
ကာမာဝစရဇော (ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု) သည် ၄-ကြိမ် စောသည်လည်း ရှိ၏။ ၃-ကြိမ်စောသည်လည်း ရှိ၏။
ပရိကံ, ဥပစာ, အနုလုံ ဝိပဿနာဇော ၃-ခုသည် တေဘူမက သင်္ခါရ ရုပ်,နာမ်ကို အာရုံပြု၏။
ဂေါတြဘု, မဂ်, ဖိုလ် တို့သည် နိဗ္ဗာန်ကို အာရုံပြု၏။
ထို့ကြောင့် ဝိပဿနာကင်းပြီး၊ ဝိပဿနာ မရှုဘဲ မဂ်ဖိုလ် မရနိုင်။
မဂ်ဖိုလ်ရပါက မဂ္ဂဝီထိ ကျကို ကျရ၏။ မဂ္ဂဝီထိ မကျဘဲ မဂ်ဖိုလ်ရသည်ဟု မရှိ။
မဂ္ဂဝီထိတွင် ပါဝင်သော ကာမာဝစရဇောများသည် ဝိပဿနာဇောများ ဖြစ်၏။ ဤဝိပဿနာဇောများ ရှေ့သွားမရှိဘဲ မဂ်ဖိုလ် မရနိုင်။
+++++
အာရုံအမျိုးအစား
(၁) အနိဋ္ဌာရုံ – အလိုမရှိအပ်သော/မနှစ်သက်အပ်သော အာရုံ
(၂) ဣဋ္ဌမဇ္ဈတ္တာရုံ – အလိုရှိအပ်သော သာမန်အာရုံ (အချို့ ဣဋ္ဌာရုံဟု သုံး၏။)
(၃) အတိဣဋ္ဌာရုံ – အလွန်အလိုရှိအပ်သော အာရုံ
အာရုံအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း
အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၊ အတိဣဋ္ဌာရုံ စသည် ခွဲခြားရာ၌ ကျမ်းဂန်များ၌ အလတ်တန်းစား ပုဂ္ဂိုလ်နှင့် ညှိုနှိုင်း ခွဲခြားရကြောင်း ပြဆို၏။
ချမ်းသာသူ သူဌေးကြီးအတွက် အလိုမရှိအပ်သော အာရုံသည် ဆင်းရဲနေသူအတွက် အလိုရှိအပ်သော အာရုံ ဖြစ်၏။ ဖြစ်ရန် အကြောင်းများ၏။ ထို့ကြောင့် အလတ်တန်းစားပုဂ္ဂိုလ်နှင့် ညှိပြီး ခွဲခြားရ၏။
လင်္ကာ
“အလတ်စားတန်း၊ ပုဂ္ဂိုလ်မှန်းလျက်
ဝိပါက်ဒွါရ၊ ချိန်ကာလနှင့်
ရူပ ဂန္ဓာ၊ နှိုင်းချင့်ကာဖြင့်၊
အနိဋ္ဌာလော၊ ဣဋ္ဌာလော
စစ်ကြောတွေ့တိုင်းပင်။”
– အလတ်တန်းစားပုဂ္ဂိုလ်နှင့် ညှိနှိုင်း၍ ခွဲခြားရ၏။
– အကုသလဝိပါက်ကြောင့် အနိဋ္ဌာရုံ၊ ကုသလဝိပါက်ကြောင့် ဣဋ္ဌာရုံ တွေ့ကြုံရ၏။
– မစင် အညစ်အကြေးသည် အထိအတွေ့ ကာယဒွါရအားဖြင့် ဣဋ္ဌာရုံဖြစ်နိုင်ပြီး၊ အဆင်း အနံ့အားဖြင့် အနိဋ္ဌာရုံ ဖြစ်၏။
– နွေအခါ မီးအပူသည် အနိဋ္ဌာရုံ ဖြစ်ပြီး၊ ဆောင်းအခါ မီးအပူသည် ဣဋ္ဌာရုံ ဖြစ်၏။
အနိဋ္ဌာရုံကို အာရုံပြုပြီး ဝီထိဖြစ်က ထိုဝီထိတွင် ပါဝင်သောစိတ်များကို အကုသလဝိပါက် ချရ၏။
ဣဋ္ဌမဇ္ဈတ္တာရုံ, အတိဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် ချရ၏။
တနည်းအားဖြင့် ကုသိုလ်၏အကျိုးကြောင့် အာရုံကောင်းများနှင့် တွေ့ကြုံရပြီး၊ အကုသိုလ်၏အကျိုးကြောင့် မကောင်းသောအာရုံများနှင့် တွေ့ကြုံရ၏။
ဘုရားအစရှိသော အတိဣဋ္ဌာရုံကို တွေ့မြင်ရ၍ ဝီထိကျသောအခါ ထူးခြားချက်တစ်ခုမှာ သန္တီရဏနှင့် တဒါရုံကို သောမနဿချည်းသာ ချရ၏။
ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ စိတ်များမှာ ဝိပါက်စိတ်များဖြစ်၏။ အနိဋ္ဌာရုံတွေ့လျှင် အကုသလဝိပါက်၊ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက်၊ အတိဣဋ္ဌာရုံဖြစ်လျှင် ကုသလဝိပါက် ဟူသည့် သဘာဝ အမှန်တရားဖြစ်ရာ “ဝိပါက်အမှန်”ဟု ရှေးအဆို ရှိ၏။
သင့်တင့်လျောက်ပတ်သော နှလုံးသွင်းမှုပေါ် မူတည်၍ အနိဋ္ဌာရုံကို တွေ့သော်လည်း ကုသိုလ်ဇော စောနိုင်၏။
အသင့်အတင့် နှလုံးမသွင်းတတ်ပါမူ အနိဋ္ဌာရုံကြောင့် အကုသိုလ်ဇော စော၏။
မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တစ်ဦးအတွက် ဘုရား အစရှိသော အတိဣဋ္ဌာရုံကို မြင်သော်လည်း အကုသိုလ်ဇော စော၏။
ထို့ကြောင့် ဇောသည် ကုသိုလ်ဇောသာ စောရမည်၊ အကုသိုလ်ဇောသာ စောရမည်ဟု သတ်မှတ်ထားချက် မရှိ။
ထို့ကြောင့် “ဝိပါက်အမှန်၊ ဇောအပြန်”ဟု ရှေးစကား ဆို၏။
အဓိပ္ပာယ်မှာ ဝိပါက်ကို ပြောင်းလွှဲ၍ မရ။ ဇောကို အပြန်အလှန် ပြုပြင် ပြောင်းလွဲနိုင်သည် ဟု ဆိုလို၏။
+++++
တဒါရုံကို သတ်မှတ်ခြင်း
ဘဝ၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့သည် တစ်မျိုးတည်း တစ်ခုတည်းသာ ဖြစ်ရ၏။
ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ သုံးပါးဆုံမှသာ တဒါရုံ ကျနိုင်၏။
တဒါရုံကျသော ဝီထိများမှာ အတိမဟန္တာရုံနှင့် ဝိဘူတာရုံ ဝီထိများ ဖြစ်၏။
အကုသိုလ်စိတ် လောဘမူစိတ် ၈-ခု၊ မောဟမူစိတ် ၂-ခု ဇော နောင် —› တဒါရုံ ၁၁-ခု
ဒေါသဇော ၂-ခု နောင် —› ဥပေက္ခာတဒါရုံ ၆-ခု၊ ဥပေက္ခာ ဘဝင်
မဟာကုသိုလ်ဇော ၈-ခု နောင် —› တဒါရုံ ၁၁-ခု
သောမနဿ မဟာကြိယာဇော ၄ + ဟသိတုပ္ပါဒ် နောင် —› သောမနဿတဒါရုံ ၅-ခု
ဥပေက္ခာ မဟာကြိယာ ၄ နောင် —› ဥပေက္ခာတဒါရုံ ၆ ခု နှောင်းနိုင်၏။
(သောမနဿတဒါရုံ ၅ = သောမနဿသန္တီရဏ ၁ + သောမနဿ မဟာဝိပါက် ၄)
(ဥပေက္ခာတဒါရုံ ၆ = ဥပေက္ခာသန္တီရဏ ၂ + ဥပေက္ခာ မဟာဝိပါက် ၄)
+++++
သောမနဿဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ မိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်တစ်ဦးသည် မြတ်စွာဘုရားတည်းဟူသော အတိဣဋ္ဌာရုံကို တွေ့မြင်ပြီး ဒေါသဇော စော၏။
သောမနဿပဋိသန္ဓေ၊ အတိဣဋ္ဌာရုံ၊ ဒေါသဇော ဟူသော အချက်များအရ –
– ဒေါသဇော နောင် သောမနဿတဒါရုံ မကျနိုင်။
– အတိဣဋ္ဌာရုံ နောင် ဥပေက္ခာတဒါရုံ မကျနိုင်။
တဒါရုံ မဖြစ်နိုင်၍ ဥပေက္ခာဘဝင် ချမည်ဆိုပါကလည်း ပဋိသန္ဓေစိတ်မှာ သောမနဿဖြစ်ရာ ဥပေက္ခာဘဝင် မချနိုင်။
သောမနဿဘဝင် ချမည်ဆိုပြန်ကလည်း ဇောမှာ ဒေါသဇောဖြစ်၍ မလျော်ညီ။
ထို့ကြောင့် အာဂန္တုကဘဝင် (ဧည့်သည်ဘဝင်/ခေတ္တဘဝင်) အငှား ချပေးရ၏။
ဤအာဂန္တုကဘဝင်စိတ်မှာ “ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်” ဖြစ်ပြီး ဘဝင်ကိစ္စကို ဆောင်ရွက်၏။
+++++
တောင်မြို့ဆရာတော်၏ လင်္ကာ
“သောမနသ်သန္ဓေ၊ စွဲကပ်နေ၍ –
– ယူလေ မိစ္ဆာ၊ ရှိသူမှာလျှင်
လွန်စွာတင့်ဘိ၊ အတိဣဋ္ဌံ
တိမဟန္တ၊ ဝိဘူတဟု
ဗုဒ္ဓအာရုံ၊ ကြုံသော်လည်းကောင်း၊
– တစ်ကြောင်းကမူ၊ အဝိဘူတ
မဟန္တဟု၊ ကာမအာရုံ
ဆုံလေတစ်ရပ်၊
– သမာပတ်ကို၊ ရလတ်ပြီးမှ
ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း
မယွင်းတစ်ခု၊
– ပညတ်စုကို၊ ရှုလေတလော၊
ဒေါသဇောတို့၊ စော၍ပြီးတုံ
တဒါရုံကား၊ အာရုံနှင့်သော်
မသင့်တော်ခဲ့။
ချင့်မြှော်တခင်း၊ ဘဝင်ဆင်းလည်း
မူရင်းသန္ဓေ၊ မလျော်ပေတည့်
သို့နေခက်ခဲ၊ အချက်ထဲဝယ်
ဆက်တွဲဟန်ပြု၊ အာဂန္တုဟု
တစ်ခုဘဝင်၊ စပ်ကြားဝင်သည်
အရှင်ဆရာ့ မိန့်ခွန်းတည်း။
သောမနဿဖြင့် ပဋိသန္ဓေနေခဲ့ပြီး –
– (၁) မိစ္ဆာအယူရှိသူတစ်ဦး၏ အတိဣဋ္ဌာရုံ, အတိမဟန္တာရုံ, ဝိဘူတာရုံ လည်းဖြစ်သော ဘုရားအာရုံကို ကြုံပြီး ဒေါသဇော စောသူ၊
– (၂) အဝိဘူတအာရုံ၊ မဟန္တာရုံ ဟူသော ကာမအာရုံနှင့် တွေ့ကြုံပြီး ဒေါသဇော စောသူ၊
– (၃) ဈာန်ရပြီးနောက် ဈာန်လျောသွားသဖြင့် နှလုံးမသာမယာဖြစ်ပြီး ဒေါသဇော စောသူ၊
– (၄) ပညတ်တစ်ခုခုကို ရှုပြီး ဒေါသဇော စောသူ တို့အတွက်
(၁) မှာ တဒါရုံကျနိုင်သော ဝီထိများဖြစ်သော်လည်း ဒေါသဇော နောင် ဥပေက္ခာတဒါရုံချရန် — အာရုံမှာ အတိဣဋ္ဌာရုံဖြစ်နေ၍ မသင့်လျော်။
(၂), (၃), (၄) တို့မှာ တဒါရုံမဖြစ်သော ဝီထိများ ဖြစ်၏။
တဒါရုံမကျနိုင်သဖြင့် ဘဝင်အားဖြင့် ဥပေက္ခာဘဝင်ချရန် ဖြစ်ပြန်သော်လည်း သောမနဿပဋိသန္ဓေဖြစ်နေ၍ မလျော်ကန်ပြန်ပေ။
ထို့ကြောင့် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က ဘဝင်ကိစ္စတပ်ပြီး ဧည့်သည်ဘဝင် (အာဂန္တုကဘဝင်)အဖြစ် ဝင်ပေးရ၏။
အတီတဘဝင် —› ဘဝင်္ဂစလန —› ဘဝင်္ဂုပစ္ဆေဒ —› ပဉ္စဒွါရာဝဇ္ဇန်း —› စက္ခုဝိညာဏ် —› သမ္ပဋိစ္ဆိုင်း —› သန္တီရဏ —› ဝုဋ္ဌော —› ဇော —› ဇော —› ဇော —› ဇော —› ဇော —› ဇော —› ဇော —› အာဂန္တုကဘဝင် (ဥပေက္ခာသဟဂုတ် သန္တီရဏ) —› ဘဝင် (မူလဘဝင် – သောမနဿဘဝင်)
ဤနေရာ (မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်၏ ဘုရားကို မြင်ရာ)၌ အာဂန္တုကဘဝင်သည် ပစ္စုပ္ပန်အာရုံဖြစ်သော မြတ်စွာဘုရားကို အာရုံမပြုဘဲ ထိုပုဂ္ဂိုလ်၏ အလေ့အကျက်များသော ကာမအာရုံ တစ်ခုခုကို ယူ၏။
ထို့ကြောင့် တစ်ဘဝတွင် ပဋိသန္ဓေ, ဘဝင်, စုတိစိတ်တို့သည် တစ်ခုတည်း တစ်မျိုးတည်း ဖြစ်ရမည်၊
ဝီထိတစ်ခုတည်းတွင် ဖြစ်သော စိတ်များသည် တူသော အာရုံကို ယူရမည်ဟူသော အချက်များမှာ အာဂန္တုကဘဝင်ဖြစ်ရာ၌မူ ချွင်းချက် ဖြစ်၏။
(မဂ္ဂဝီထိ၌လည်း အာရုံ မတူ။)
+++++
အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် အနားယူကြ၍ ညနေ ၆း၃၀ နာရီတွင် အရှင်စက္ကိန္ဒက
စိတ္တာနုပဿနာအကြောင်းတရားတော်ကို ဟောကြား ဓမ္မဒါနပြုပြီး ၁၅ မိနစ်ခန့် လက်တွေ့ တရားရှုမှတ်ကြကာ ပြုသမျှ ကုသိုလ်တို့ကို အများဝေနေတို့အား အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။