အညာသိကောဏ္ဍညဟု တွင်ရခြင်းနှင့် အလှူဦး ကိုးမျိုး
….. ဘုရားကိုယ်တော်မြတ် ရွှေနှုတ်တော်က ‘အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော – အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား၊ အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား’ ဥဒါန်းကျူးရင့်တာကို စွဲပြီးသကာလ နောက်တချိန်၌ အရှင်ကောဏ္ဍညကို ‘အညာသိကောဏ္ဍည’လို့ ခေါ်တယ်။
ဘာပြုလို့တုန်းဆိုတော့ ‘ခါဏုကောဏ္ဍည’တို့ဆိုတာ ရှိသေးတယ်။ သစ်ငုတ်ကြီးလို့ အထင်ခံရတဲ့ ဦးကောဏ္ဍညက ရှိသေးတော့ ဒီအရှင်ကောဏ္ဍညကိုတော့ ‘အညာသိကောဏ္ဍည’လို့ မြတ်စွာဘုရားက ‘အညာသိ ဝတ ဘော ကောဏ္ဍညော’လို့ ဥဒါန်းအကျူးခံရတဲ့ ကောဏ္ဍညလို့ သိသာအောင် ဒီဘုရားသာသနာမှာဖြင့် လူ့ပြည်လောက,က အစဆုံး ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်ပါပဲတဲ့။
ဘာပြုလို့ အစဆုံး ကျွတ်တမ်းဝင်တုန်း။ အတိတ်ဘဝက သူ့ကောင်းမှုတွေ ရှိခဲ့တယ်နော်။
အတိတ်ဘဝက ပါရမီပြည့်စုံလို့ သာဝကဗောဓိဆုကြီး ပွင့်ခါနီးဖြစ်တဲ့ မကြာမီ တစ်ခုသော ဘဝက သူတို့ ညီနောင်နှစ်ယောက် ကောင်းမှုကုသိုလ် အတူတူ ပြုခဲ့ကြတယ်။
အဲဒီလို ပြုခဲ့ကြတဲ့ နေရာမှာ – အရှင်ကောဏ္ဍညအလောင်းအလျာ အစ်ကိုကြီးက လယ်သမားဘဝမှာ လယ်လုပ်တော့ ဒီကနေ့ မျိုးကြဲတော့မယ်ဆိုပြီးတော့ မျိုးထုတ်လာရင် မျိုးဦးဆိုပြီး အဲဒီထဲက တစ်ဆုပ်နှစ်ဆုပ် စသည် ယူပြီးတော့ အဲဒါလည်း လှူလိုက်တန်းလိုက် ကျွေးမွေးလိုက်တာပဲတဲ့။ သူက အဦး ဒီလို လှူတယ်။ (၁ – မျိုးဦးအလှူ)
အဲဒီ မျိုးဦးကျွေးပြီးတော့ လှူပြီးပြီ တန်းပြီးပြီဆိုတဲ့အခါကျတော့ စိုက်လိုက်လို့ စပါးပင်လေးပေါက်၊ အဲဒီထဲက စပါးနှံလေးထွက်၊ နို့ရည်ကလေးရယ်လို့ ရောက်လာရင်ပဲ သူ့ညီကို တိုင်ပင်တယ်။ “ဟေ့ … တို့စပါးပင်တွေ အနှံထွက်လာပြီ။ နို့ရည်တွေ ရောက်လာပြီ။ တို့ လှူကြအုန်းစို့လားကွယ်” … ဒီလို ပြောတဲ့အခါကျတော့ ညီဖြစ်တဲ့ပုဂ္ဂိုလ်က “စပါးဖြင့် ခုမှ အနှံထွက်စ၊ အင်မတန် သူဖျက်ဆီးချင်တယ်။ သဘောမတူနိုင်ဖူး ကိုကြီးရယ်”လို့ ပြောတော့။ အစ်ကိုကြီးဖြစ်တဲ့ ပုဂ္ဂိုလ်က ဒီလိုဖြင့် ငါလှူချင်သလို လှူရမှာ မဟုတ်ဘူး။ ဒီတော့ ယခုအချိန်ကပဲ တစ်ဝက်ခွဲမှပဲဆိုပြီး သူတစ်ပိုင်း ကိုယ်တစ်ပိုင်း ဒီလို ခွဲခဲ့တယ်။
အဲဒီတော့ အစ်ကိုကြီးက မိမိပိုင်တဲ့ အပိုင်းက စပါးမှာ အနှံထွက်လို့ နို့ရည်လေးတွေ ဝင်လာရင်ပဲ အဲဒါ နို့ရည်လေးတွေ ညှစ်၊ သကြားတို့ တင်လဲတို့ ထောပတ်တို့နဲ့ ဖျော်ပြီးတော့ ကျွေးမွေး လှူတန်းခဲ့တယ်။ ဒါလဲ အဦးပဲ။ နို့ရည်ဦးတဲ့။ (၂ – နို့ရည်ဦးအလှူ)
အဲဒီ နို့ရည် တော်တော်ခဲလို့ မုန့်ဆမ်းလုပ်လောက်ပြီ ဆိုတဲ့အခါကျတော့လည်း မုန့်ဆမ်းဦးဆိုပြီးတော့ တခါတည်း အဦးဆုံး လှူလိုက်ပြန်တာပဲတဲ့။ (၃ – မုန့်ဆမ်းဦးအလှူ)
စပါးဘဝမှာပင် တော်တော်ကြာတော့ စပါးတွေ ရင့်လို့ စပါးရိတ်ပြီဆိုတော့ ပထမဆုံး ရိတ်လိုက်တဲ့ လက်ဆုပ်ကို လှူလိုက်တာပဲ။ (၄ – ရိတ်ဦးအလှူ)
ကောက်လှိုင်းထုံးပြန်ပြီဆိုတော့ ပထမကောက်လှိုင်းထုံးဟာ သူလှူဖို့ ထားလိုက်တာပဲ။ လှူလိုက်တာပဲ။ (၅ – ကောက်လှိုင်းဦးအလှူ)
ကောက်လှိုင်းထုံးပြီးတော့ လှည်းနဲ့တိုက်နိုင်တဲ့ ပုဂ္ဂိုလ်က ရှိတယ်။ လှည်းနဲ့ မဟုတ်တော့ ငါးလှိုင်း ဆယ်လှိုင်း စသည်ကို တစ်ဝန်တစ်ဖွဲ့ ဖွဲ့ပြီးသကာလ ခေါင်းနဲ့ရွက်ယူတဲ့အခါမှာလည်း ပထမဆုံးဖွဲ့တဲ့ ပထမဝန်ကိုဖြင့် သူလှူရန်ပဲတဲ့။ အဦးပဲဆိုပြီး လှူတယ်။ လှူချင်တဲ့ပုဂ္ဂိုလ်ကျတော့နော်။ (၆ – ဝန်ဖွဲ့သယ်ယူဦးအလှူ)
အဲဒီကနေပြီးသကာလ ကောက်နယ်တလင်းထဲမှာ ချပြီးတော့ စပါးနယ်။ အဲဒီလိုအခါမှာလည်း ပထမဆုံးနယ်လို့ရတဲ့ စပါးအဦးကလေးကို သူစုထားတယ်။ တလင်းဦးတဲ့။ (၇ – တလင်းဦးအလှူ)
အဲဒီတလင်းဦးထဲကနေပြီးတော့ တော်တော်ကြာတော့ စပါးလှေ့လို့ အမှိုက်သရိုက်တွေ စင်ကြယ်ပြီဆိုတဲ့အခါကျတော့ အဲဒါ လှေ့ဦးယူပြန်ပြီ။ လှူပြန်ပြီ။ (၈ – လှေ့ဦးအလှူ)
အဲဒီ စပါးလှေ့ဦးပြီးသကာလ ကျီထဲသွင်းတော့မယ်ဆိုတော့ ပထမဆုံး ထမ်းလာတဲ့ စပါးကို ကျီဦးဆိုပြီးသကာလ လှူပြန်တယ်။ (၉ – ကျီဦးအလှူ)
အဲဒီလို အဦးကိုးချက် နေရာ နေရာတိုင်းက အဦးအဖျားယူပြီးတော့ လှူဒါန်းတဲ့အတွက် ဒီဘုရားသာသနာမှာ သူကား အစဆုံး သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီးသကာလ ကျွတ်တမ်းဝင်ရတဲ့ တပည့်ဖြစ်ပါတယ်တဲ့။
အဲဒီလို ညီအစ်ကိုနှစ်ယောက်ရှိကြတဲ့အနက် ညီငယ်ကတော့ အစ်ကိုကြီးလို အဦးတွေ ခဏ ခဏတော့ မလှူနိုင်ဘူး။ စပါးသိမ်းပြီးတဲ့ နောက်ကာလကျတော့မှ တစ်ကြိမ်ထဲပဲ နောက်ဆုံးမှ လှူတော့မယ်ဆိုတဲ့ အဲဒီစေတနာဖြင့် သူကလည်း လှူပါ၏။ သို့သော် လှူတဲ့သူက နောင်တချိန် ဒီဘုရားသာသနာတော်ကျတော့ နောက်ဆုံး ပစ္ဆိမသာဝကဖြစ်တဲ့ အရှင်သုဘဒ္ဒကြီး လာပြီး ဖြစ်တယ်တဲ့နော်။
အဲဒီစပါးကို ကိုးကြိမ်လှူခဲ့တဲ့ အစ်ကိုကြီးကတော့ သာဝကဦးဖြစ်တဲ့ အရှင်ကောဏ္ဍည ဖြစ်ခဲ့ပါတယ်။
ဒါပေမယ်လို့ အဲဒီကောင်းမှုကလေးတင် ကွက်ပြီးတော့ မကြည့်လေနဲ့နော်။
သူတို့ ဆုတောင်းကိုက ဟိုတုန်းက လာခဲ့တဲ့ ဆုတောင်းအတိုင်း လာခဲ့တာ။
ဒါပေမယ်လို့ ပါရမီပြည့်လို့ ပါရမီအထွတ်တပ်တော့မယ်ဆိုတဲ့အခါကျတော့ သူတို့ဖြစ်မယ့် ဗောဓိဉာဏ်ရဲ့ ပွင့်မယ့် အစီအမံအတိုင်း အဦးကိုးချက်လှူရတယ်။ နောက်ဆုံးမှ လှူတယ်ဆိုတဲ့ အကြောင်းတွေဟာ ဖန်တီး ဖန်တီးပြီးတော့ ပြောစရာဖြစ်ပေါ်၍ လာရတာပါပဲတဲ့။
(မင်းကွန်းဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်” မှ)
+++++
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် စနေနေ့ဝယ် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ဆရာတော် အရှင်စက္ကိန္ဒက “ဓမ္မစကြာ”သင်တန်းကို သင်ကြား ပို့ချပေး၏။
ဓမ္မစကြာသင်တန်းပြီးနောက် ညနေ ၅ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပရာ အရှင်နန္ဒဝံသက အမှတ်မှား, အသိမှား, အယူမှားတို့မှ ကင်းဝေးကြစေလိုကြောင်း “အလိမ်ညာဘေးမှ ကင်းဝေးကြပါစေ”တရားတော်ကို ဟောကြား ချီးမြှင့်၏။
ရေကန်အတွင်း တောဘဲငန်းများကို မိမိပိုင်ဆိုင်သော ယဉ်ကျေးသည့် ရွာဘဲငန်းများအဖြစ် ထင်မှတ်နေသူတစ်ဦးအတွက် အချိန်တန်လျှင် တောဘဲများ ပျံသွားမည့်အရေးနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း လင်္ကာများဖြင့် မှတ်သားဖွယ် ဟောကြားသွား၏။
ဥပုသ်စောင့်သွား၊ တရားနာ ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
သားနဲ့သမီး၊ ဇနီးနဲ့ပျော်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။
သတိပဋ္ဌာန်တရား၊ ပွားများရန် ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
သားနဲ့သမီး၊ ပစ္စည်းနဲ့ပျော်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။
ဥပုသ်စောင့်သွား၊ တရားနာ ခေါ်
မလိုက်နိုင်သေး၊ ဖြည်းဖြည်းပေါ့နော်
မြေးထိန်းမြစ်ထိန်း၊ အေးကိန်းမပေါ်
အဲဒါလည်း ငါ့‘ဘဲ’ ငါ့‘ဘဲ’နော်။
တရားပွဲပြီးသော် ငါးမိခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။
သာဓု … သာဓု … သာဓု။