‘ဒုက္ခသစ္စာ’နှင့် ‘ဒုက္ခသစ္စာ၌သစ္စဉာဏ်’ ဘာသာပြန်

ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို အလွန်လေးစားသော ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ် ကိုးကွယ်လေ့ရှိသူ ဦးသာဝင်းသည် ဗုဒ္ဓမြတ်စွာ ရှေးဦးစွာ ဟောကြားတော်မူခဲ့သော ဓမ္မစက္ကပဝတ္တနသုတ္တန်နှင့် အနတ္တလက္ခဏသုတ္တန်တို့ကို ပါဠိ-မြန်မာ-အင်္ဂလိပ် ဘာသာတို့ဖြင့် တစ်အုပ်တည်း ပေါင်းကာ ထုတ်ဝေလိုသဖြင့် အင်္ဂလိပ်ဘာသာသို့ အသစ်တဖန် ဘာသာပြန်ရန် ဆရာကြီး ဦးဖေမောင်တင်အား တောင်းပန်ခဲ့ပြီး၊ ယခု ၂၀၁၁ ခုနှစ်မှ ပြန်၍ ရေတွက်သော် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဦး၊ လယ်တီဆရာတော်ဘုရားကြီး၏ ၁၈၉၄ ခုနှစ် (သက်တော် ၄၈၊ ဝါတော် ၂၈)တွင် ပါဠိဘာသာမှ မြန်မာဘာသာသို့ သိလွယ် ထင်လွယ် မြင်လွယ် သဘောပေါက်လွယ်သော မြန်မာဘာသာပြန်၊ ဆရာကြီး ဦးဖေမောင်တင်၏ ၁၉၇၃ ခုနှစ် (အသက် ၈၅ နှစ်)တွင် ပါဠိဘာသာကို အခြေခံလျက် လယ်တီဆရာတော်ဘုရားကြီး၏ မြန်မာပြန်ကို အင်္ဂလိပ်ဘာသာပြန် တို့ကို ပေါင်း၍ ပုံနှိပ် ထုတ်ဝေခဲ့သည်။

ဆရာကြီးဦးဖေမောင်တင်က သူ၏ ဘာသာပြန်ကို ပြင်လိုရာ ပြင်နိုင်ရန် ဆရာတော် အရှင်သေဋ္ဌိလအား လျှောက်ထား တင်ပြရမည်ဟု ဦးသာဝင်းအား မှာကြားထားခဲ့၏။

ဦးသာဝင်းလည်း ဆရာကြီးဦးဖေမောင်တင် ဘာသာပြန်ခဲ့ပုံ သူ့အတွေ့အကြုံများကိုပါ ဆရာတော်အရှင်သေဋ္ဌိလအား လျှောက်ထား တင်ပြခဲ့ရာ သူ၏ “ကတညုတမင်္ဂလာ ကျေးဇူးဆက်လွှာ”တွင် အောက်ပါအတိုင်း ထည့်သွင်း ဖော်ပြထားလေသည်။

+++++

….. ဆရာကြီး ဦးဖေမောင်တင်သည် လယ်တီဆရာတော် မြန်မာပြန် ဗုဒ္ဓ၏တရားဦးကို စူးစူးစိုက်စိုက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေသည့်အခိုက်တွင် –

“ဟေ့လူ .. ကြည့်စမ်းဗျာ၊ ဆရာတော်ဘုရားကြီး ဘာသာပြန်တာဟာ ဘယ်လောက်ချစ်စရာကောင်းသလဲ၊ ‘ဇာတိပိဒုက္ခာ’ ‘ပဋိသန္ဓေနေရခြင်းဆင်းရဲ’ဆိုတာမှာ အဖန်ဖန်ဆိုတဲ့ စကားလုံးကို ဖြည့်စွက် ထည့်ပေးလိုက်တယ်။ ‘ဇာတိပိဒုက္ခာ’ဆိုတဲ့ ပါဠိမှာ အဖန်ဖန်ဆိုတာ မပါလေတော့ ကျုပ်မှာ စဉ်းစားရ ခက်သွားတယ်။ နောက်တော့မှဗျာ .. ‘အနေက ဇာတိ သံသာရံ’ထဲက ‘ဒုက္ခာဇာတိ ပုနပ္ပုနံ’ကို သွားတွေ့လိုက်တော့မှ နှစ်နှစ်ခြိုက်ခြိုက် သဘောပေါက်သွားတယ်ဗျာ။ ဆရာတော်ဘုရားကြီးဟာ ဘာသာပြန်ရင်းမှ ခင်ဗျားတို့ ကျုပ်တို့ကိုပါ တရားဟောတော်မူသွားတယ်။

ပဋိသန္ဓေနေရခြင်းဆင်းရဲဆိုတာ အခုဘဝ ပဋိသန္ဓေနေရလို့ ဆင်းရဲတယ်ဆိုတာကိုသာ ပြောတာမဟုတ်ဘူး။ ၃၁ ဘုံထဲက မထွက်သေးသမျှ ကာလပတ်လုံး အဖန်ဖန် ခဏခဏ ပဋိသန္ဓေနေရတဲ့အတွက် ဆင်းရဲတာကို ပြောတာလို့ ဆိုခြင်းဟာ ဘယ်လောက်တန်ဖိုးရှိသလဲ။ ကောင်းလိုက်တာဗျာ” ဟူ၍လည်း ဆရာကြီးက လယ်တီဆရာတော်ဘုရားကြီးကို ချီးကျူး ထောမနာစကား မကြာခဏပင် ပြောကြားလေ့ရှိပါသည်။

ကျွန်တော် မှတ်ထားမိပါသည်။
၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖြစ်ပါသည်။

“ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ – ချစ်သား ရဟန်းတို့ … ဤတေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန်ဖြစ်သော အရိယသစ္စာကြီး တစ်ပါး ဟူ၍” ဤစာပိုဒ်နှင့် ပတ်သက်၍ ဘာသာပြန်ခဲ့စဉ်က ဖြစ်ပါသည်။

ဆရာကြီးက ကျွန်တော့်အား ‘ဟူ၍’ ၏ ရှေ့နောက် စကားဆက်များကို ထပ်ပြန်တလဲလဲ အဖတ်ခိုင်းပါသည်။

အခြားအခြားသော ရှေးဆရာတော်ကြီးများ၏ ဘာသာပြန်စာမူများကိုလည်း ဆရာကြီးက ကျွန်တော့်အား အပြန်ပြန် အလှန်လှန် ခေါက်တုံ့ခေါက်ပြန် အဖတ်ခိုင်းလိုက်၊ စဉ်းစားလိုက် ဖြစ်နေပါသည်။

ထိုနေ့တွင် ဆရာကြီးသည် ရှေ့ဆက်၍ ဘာသာပြန်ခြင်း မပြုတော့ဘဲ ရပ်နားထားလိုက်ပါသည်။
ညနေပိုင်းရောက်သောအခါ ဆရာကြီးသည် ကျွန်တော့်အိမ်တွင် ခါတိုင်းကဲ့သို့ ထမင်းသုံးဆောင်ပြီးမှ ပြန်သွားပါသည်။ အိမ်ရောက်တော့လည်း ‘ဟူ၍’ကပင် လှုံ့ဆော် နှိုးဆွလိုက်ဟန်တူပါသည်။ မိမိနေအိမ်မှ တက္ကသိုလ်ကျောင်းဝင်းသို့ ကူးသွားပြီး ကျောင်းဝင်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ‘ဟူ၍’ကိုပင် စဉ်းစားနေပါသည်။ မောသည့်အခါ ကံ့ကော်ပင်အောက်က ခုံတန်းလျားပေါ် ထိုင်၍ ‘ဟူ၍’ကိုပင် ကမ္မဋ္ဌာန်းရှုသလို ရှုပြန်သည်။

‘ဟူ၍’ ….. ‘ဟူ၍’ ….. ‘ဘာဟူ၍လဲ?’

‘ဟူ၍’က ဘာကို ဆိုလိုတာလဲ?

အဖြေကား ထွက်မလာ။

သို့နှင့်ပင် ‘ဟူ၍’နှင့် ဇွဲလုံ့လကြီးသော ဆရာကြီး၊ ဆရာကြီးနှင့် ‘ဟူ၍’မှာ ခွဲမရအောင် နှလုံးသားတွင် စွဲငြိနေသည့်အလျောက် –
လမ်းလျှောက်ရာမှာလည်း ‘ဟူ၍’စိတ်၊
ထိုင်နေရင်းလည်း ‘ဟူ၍’စိတ်၊
အိပ်ရာဝင်လည်း ‘ဟူ၍’စိတ်၊
ထို‘ဟူ၍’စိတ်သည် အိပ်ရာဝင်သည်အထိ ဆရာကြီးအား နှိပ်စက် မင်းမူနေပါလေ၏။

ညဥ့်သန်းခေါင်ကျော် တစ်ချက်တီးအချိန်လောက်တွင် ဆရာကြီးသည် အတွေးအာရုံ ရင်တွင်းမှ ပွင့်ထွက်ပြီး နှုတ်မှ တတွတ်တွတ် အသံထွက်အောင် ရွတ်နေမိစဉ် ဆရာကြီးကတော် ဒေါ်ကြည်ကြည်က –
“ရှင့် ပါဠိတွေ ဦးသာဝင်းအိမ်ကျမှ ရွတ်ပါ။ အခုတော့ အိပ်ပျော်အောင် အိပ်လိုက်ပါဦး”ဟု ပြောလာတော့မှ သတိရကြောင်း၊ နောက်နေ့နံနက် ကျွန်တော့်ကို ဆရာကြီးက ‘ဟူ၍’ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြပါသည်။ လယ်တီဆရာတော်ဘုရားကြီး ဆိုလိုချက် အနက်အဓိပ္ပာယ်ကို မည်သို့မည်ပုံ သဘောပေါက်ခဲ့၍ တစ်ညလုံး ဝမ်းသာမဆုံး ဖြစ်ခဲ့ရပုံ၊ ကိုယ်တွေ့ ဝမ်းသာပီတိ ဖြစ်ခဲ့ရပုံများကို လှိုက်လှဲစွာ ပြောပြပါသည်။

ထိုနေ့ နံနက်မှ စ၍ ‘ကရားရေသွန်၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး’ဆိုသကဲ့သို့ ဆရာကြီးသည် မပြတ်မလတ် တရစပ် ဘာသာပြန်ပါလေတော့သည်။
ထိုနေ့၌ ဆရာကြီး၏ ဘာသာပြန်ဆိုချက်ကို ကျွန်တော်က မှီအောင် လိုက်ရေးရသည့် အဖြစ်အပျက်မှာ ကျွန်တော့်တစ်သက် မေ့ရက်နိုင်စရာ မရှိတော့ပါ။

ထိုနေ့ညနေ၌ပင် ဆရာကြီးသည် ဓမ္မစကြာစောင်တွဲကို အပြီးသတ် ပြန်ဆိုလိုက်ပြီး သူ၏လက်မှတ်အောက်တွင် ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟု မှတ်မှတ်သားသား ရက်စွဲတပ်ထားလိုက်ပါသည်။

ဆရာကြီးသည် ဗုဒ္ဓ၏တရားဦးကို ဘာသာပြန်ဆိုပြီးနောက် သံဃရာဇာ မောင်းထောင်သာသနာပိုင် ဆရာတော်ဘုရားကြီး ၁၈၇၃ ခုနှစ်တွင် ရေးသားပူဇော်သော ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုး ထောမနာ ၁၂ ဂါထာကို ဆက်လက် ပြန်ဆိုပြီးကာ၊ ပထမ ရွှေကျင်နိကာယ သာသနာပိုင် ရွှေကျင်ဆရာတော်ဘုရားကြီး၏ ၁၈၈၃ ခုနှစ်က ရေးသားတော်မူခဲ့သော ဝိစိတြဝန္ဒနာကို ဆရာကြီး၏ ပါဠိဆရာ ဂျိမ်း(စ်)ဂရေး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီးသော်လည်း စာအုပ်မှာ ရှာမတွေ့ရတော့သဖြင့် မိမိကိုယ်တိုင် ဘာသာပြန်မည်ဟု ပြန်နေဆဲ ဂါထာ ၇၅ ဂါထာအနက် ၅၅ ဂါထာအထိ ပြန်ဆိုပြီး၊ အသက် ၈၆ နှစ် မွေးနေ့ဆင်နွှဲရန် တစ်လသာလိုတော့သော ၁၉၇၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ (ဆရာကြီးကို ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့သည်) နံနက်တွင် ဆရာကြီး ပြန်ဆိုခဲ့သည့် ပါဠိတော်မှ ‘မရဏမ္ပိ ဒုက္ခံ’အရ ဆရာကြီးဘသက်ရှည်သည် လောကမှ စွန့်ခွာခဲ့ရလေပြီတကား။ လောဘ၊ ဒေါသ၊ မောဟ၊ မာနဟူ၍ မရှိဘိအလား ပကတိစင်ကြယ်၍ သဘောပြည့်ဝလှသော ကျေးဇူးရှင်ဆရာကြီးအား ဦးနှိမ်ရိုကျိုး အကြိမ်ကြိမ် ရှိခိုးကန်တော့လိုက်ပါ၏။

တပည့်တပန်းအားလုံးနှင့် လောကသားအားလုံးတို့အား မိမိတတ်သလို တတ်စေလို၊ မိမိသိသလို သိစေလို၊ မိမိမြင်သလို မြင်စေလိုသော စေတနာ့ရှင် ဆရာကြီးဦးဖေမောင်တင်သည် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မြန်မာပြန်ဆိုသော ဗုဒ္ဓ၏တရားဦး မီးရှူးတိုင်ကြီးမှ ကူးယူလျက် ဗုဒ္ဓဘာသာ ကမ္ဘာသူ ကမ္ဘာသားတို့ ကြည်နူးရွှင်ပျ ကျက်စားနိုင်ကြစေရန်အလို့ငှာ ‘ကမ္ဘာသုံး ဗုဒ္ဓစာပေမီးရှူးတိုင်ကြီး’အဖြစ် ထွန်းညှိပေးခဲ့လေသည်။

ဤသို့အားဖြင့် ဆရာကြီးသည် ‘ဗုဒ္ဓ၏တရားဦး မီးရှူးတိုင်ကြီး’ကို ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ခန့်ညားစွာ စိုက်ထူလျက် ဗုဒ္ဓ၏ တရားဦးရောင်ခြည်တော်ကို ကမ္ဘာ့ပတ်ဝန်းကျင်တွင် ထွန်းလင်းတောက်ပစေခဲ့ပါပြီကော …။

အဟောပမောဒိတံ – သြော် … ဝမ်းမြောက်ဖွယ် ကောင်းလေစွ၊ ဝမ်းမြောက်ဖွယ် ကောင်းလေစွ။

တစ်နေ့သောအခါတွင် ဆရာကြီးနှင့် ကျွန်တော်တို့သည် ကမ္ဘာ့သာသနာပြု အဘိဓမ္မာကထိက အဂ္ဂမဟာပဏ္ဍိတ ပဌမကျော် အရှင်သေဋ္ဌိလဆရာတော်ကို သွားရောက် ဖူးမြော်ကြရင်း ဘာသာပြန်ကိစ္စကို ဆရာတော်နှင့် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းမှအပြန်တွင် မိမိ၏ဘာသာပြန်ကို ပြင်လိုရာ ပြင်နိုင်ရန် ဆရာတော်အား လျှောက်ထားတင်ပြရမည်ဟု ဆရာကြီး မှာထားခဲ့သည်အရ ကျွန်တော်၏ ဆရာတော်အရင်းလည်းဖြစ်သော ဆရာတော် အရှင်သေဋ္ဌိလအား ဆရာကြီးနှင့် ဘာသာပြန်ခဲ့ပုံ အတွေ့အကြုံအလုံးစုံကို လျှောက်ထား တင်ပြခဲ့ပါသည်။

ဆရာတော်က … “ဒီအတိုင်းဆိုရင် ဆရာကြီး ကံကောင်းသွားပြီ ထင်တယ်။ ရှေးဆရာတော်ကြီးတွေ တော်တော်များများဟာ အသက်ကြီးပြီး ပျံလွန်တော်မူခါနီးမှာ ဓမ္မစကြာနှင့် တရားထူးရသွားတာ တော်တော်များများ ရှိတယ်”ဟု မိန့်တော်မူပါသည်။
ဆရာတော် အမိန့်ရှိတော်မူသည့်အတိုင်း ဆရာကြီး ကံကောင်းပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ …..။

+++++

ဓမ္မစကြာမှ ‘ဒုက္ခသစ္စာ’ ပါဠိတော်နှင့် ‘ဒုက္ခသစ္စာ၌ သစ္စဉာဏ်’ ပါဠိတော်တို့ကို ဆရာတော်ကြီးများ၏ ဘာသာပြန်များနှင့် ဆရာကြီးဦးဖေမောင်တင်၏ အင်္ဂလိပ်ဘာသာပြန်တို့ကိုလည်း ကောက်နုတ် ဖော်ပြပါသည်။

ဆရာကြီးဦးဖေမောင်တင်သည် နိုင်ငံခြားသားများအား ဒုက္ခသစ္စာအကြောင်း ရှင်းလင်း သင်ကြားပို့ချရာ၌ မိုးမျှော် ၃၁-ထပ်တိုက် ဥပမာကို ဆောင်၍ ပြလေ့ရှိရာ … ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ်ဟု ပြောဆိုလာကြသည်ထိ အထူးနှစ်ခြိုက်ကြကြောင်း သိရ၏။ ထိုအကြောင်း ဆောင်းပါးကို ဆရာကြီးမကွယ်လွန်မီ အင်္ဂလိပ်လို ရေးသားခဲ့ပြီး၊ ဦးညိုမြက ရန်ကုန်မြို့ အမေရိကန်ပြန်ကြားရေးဌာနမှ ၁၉၈၀ ခုနှစ်တွင် ထုတ်ဝေသော ‘ရွှေလမ်းငွေလမ်း၊ အမေရိကန်-မြန်မာ ဆက်ဆံမှုမှတ်တမ်း’တွင် မြန်မာဘာသာပြန် ဖော်ပြခဲ့သည်။

+++++

‘ဒုက္ခသစ္စာ’

ပါဠိတော်

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ ဗျာဓိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ပါဠိ-မြန်မာ (ဆရာတော်ဦးဗုဓ်)

ဘိက္ခဝေ – ရဟန်းတို့။ ဇာတိပိ – ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ -ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဇရာပိ – ဆိုးရွားဟောင်းမြင်း အိုမင်း ရင့်ရော်ရခြင်းသည်လည်း။ ဒုက္ခာ – ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဗျာဓိပိ – ဖျားနာရခြင်းသည်လည်း။ ဒုက္ခော – ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ မရဏံပိ – သေရခြင်းသည်လည်း။ ဒုက္ခံ – ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ အပ္ပိယေဟိ – မချစ်မနှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ – အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော – ဆင်းရြ၏။ ပိယေဟိ – ချစ်နှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ – ကွေကွင်း ကင်းကွာ ရှဲခွာ ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော – ဆင်းရဲ၏။ ယံ ပိစ္ဆံ – အကြင် ပဋိသန္ဓေနေရခြင်း စသော သဘောတရား ငါ့အား မဖြစ်ပါမူ ကောင်းလေစွ စသည်ဖြင့် တောင့်တခြင်းကို။ န လဗ္ဘတိ – မရအပ်။ တံ ပိ – ထိုတောင့်တတိုင်း မရခြင်းသည်လည်း။ ဒုက္ခံ – ဆင်းရဲ၏။ သံခိတ္တေန – အကျဉ်းအားဖြင့်။ ပဉ္စ – ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာပိ – ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။ ဒုက္ခာ – ဆင်းရဲ၏။
ဣဒံ ခေါ ပန ဓမ္မဇာတံ – ဤဇာတိ အစရှိသော တရားသည်။ ဒုက္ခံ – ဒုက္ခဖြစ်သော။ အရိယသစ္စံ – အရိယာတို့သည် သိအပ်သော သစ္စာ မည်၏။

မြန်မာ (လယ်တီဆရာတော်)

ချစ်သား ရဟန်းတို့ … ဤဆင်းရဲခြင်းသဘောဟု ဆိုအပ်သော မဖောက်မပြန် မှန်ကန်သော အရိယသစ္စာတရားသည် ရှိ၏။
(အဖန်ဖန်) ပဋိသန္ဓေနေရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) အိုရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) နာရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) သေရမှုကြီးသည် ဆင်းရဲ၏။
မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွ ပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
ချစ်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်း ခွဲခွာ၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
အကြင် တောင့်တခြင်း အလိုရှိခြင်းကိုလည်း မရ။ ထိုလိုအင်ဆန္ဒဖြင့် တောင့်တတိုင်း မရမှုကြီးသည်လည်း ဆင်းရ၏။
အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တရားတို့၏ စွဲလမ်းရာ ဖြစ်ကုန်သော ခန္ဓာငါးပါးတို့သည် ဆင်းရဲအစစ်တို့သာတည်း။

ပါဠိ-မြန်မာ (ညောင်လေးပင်ဆရာတော်)

ဘိက္ခဝေ – ချစ်သား ရဟန်းတို့။ ဣဒံ ခေါ ပန – ဤဆိုလတ္တံ့သည်ကား။ ဒုက္ခံ – ဒုက္ခဖြစ်သော။ အရိယသစ္စံ – အရိယသစ္စာ မည်၏။
ဇာတိပိ – ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ – ဆင်းရဲ၏။
ဇရာပိ – အိုရခြင်းသည်လည်း။ ဒုက္ခော – ဆင်းရဲ၏။
ဗျာဓိပိ – နာရခြင်းသည်လည်း။ ဒုက္ခံ – ဆင်းရဲ၏။
မရဏံပိ – သေရခြင်းသည်လည်း။ ဒုက္ခံ – ဆင်းရဲ၏။
အပ္ပိယေဟိ – မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ – အတူယှဉ်တွဲ၍ နေရခြင်းသည်။ ဒုက္ခော – ဆင်းရဲ၏။
ပိယေဟိ – နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ – ကွေကွင်းရခြင်းသည်။ ဒုက္ခော – ဆင်းရဲ၏။
ယံ ပိစ္ဆံ – အကြင် တောင့်တခြင်းကို။ န လဘတိ – မရ။ တံ ပိ – ထိုတောင့်တခြင်းကို မရခြင်းသည်လည်း။ (ဝါ – ထိုမရစကောင်းကို တောင့်တခြင်းသည်လည်း။) ဒုက္ခံ – ဆင်းရဲ၏။
သံခိတ္တေန – အကျဉ်းအားဖြင့်။ ပဉ္စ – ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာ – ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။ ဒုက္ခာ – ဆင်းရဲကုန်၏။
ဣဒံ – ဤဇာတိစသော တရားသည်။ ဒုက္ခံ – ဒုက္ခဖြစ်သော။ အရိယသစ္စံ – အရိယသစ္စာ မည်၏။

မြန်မာ (မဟာစည်ဆရာတော်)

ရဟန်းတို့ – ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။
ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်။
အိုခြင်းလည်း ဆင်းရဲပင်။
နာခြင်းလည်း ဆင်းရဲပင်။
သေခြင်းလည်း ဆင်းရဲပင်။
မချစ်မနှစ်သက်အပ်တဲ့ အာရုံ ဝတ္ထုများ, ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်။
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံ ဝတ္ထုများ, ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်။
အလိုရှိတာကို မရခြင်း၊ မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်။
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

ပါဠိ-မြန်မာ (အရှင်ဇနကာဘိဝံသ)

ဣဒံ ခေါ ပန – ဤဆိုအပ်လတ္တံ့သော အကြောင်းအရာသည်ကား။ ဒုက္ခံ – ဒုက္ခဖြစ်သော။ အရိယသစ္စံ – အရိယာဖြစ်အောင် ဆောင်ရွက်နိုင်သော အရိယသစ္စာတရားပေတည်း။
ဇာတိပိ – ဘဝဖန်ခါ သံသရာ၌ ပဋိသန္ဓေတည်နေရခြင်းသည်လည်း။ ဒုက္ခာ – ဆင်းရဲကြောင်း စင်စစ်ဧကန် အမှန်ပင် ဖြစ်တော့သတည်း။
ဇရာပိ – ရွတ်တွယိုယွင်း အိုမင်းရခြင်းသည်လည်း။ ဒုက္ခာ – ဆင်းရဲကြောင်း အစစ် ဖြစ်ပြန်တော့သတည်း။
ဗျာဓိပိ – မကျန်းမမာ ဖျားနာရခြင်းသည်လည်း။ ဒုက္ခော – ဆင်းရဲကြောင်းပေတည်း။
မရဏမ္ပိ – တစ်ဘဝကို စွန့်ခွာ၍ သေရခြင်းသည်လည်း။ ဒုက္ခံ – ဆင်းရဲကြောင်းပေတည်း။
အပ္ပိယေဟိ – မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ – အတူတကွ ပေါင်းသင်းနေထိုင်ရ အတူတကွ တွေ့ကြုံ၍ နေရခြင်းသည်။ ဒုက္ခော – ဆင်းရဲကြောင်းပေတည်း။
ပိယေဟိ – ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပုဂ္ဂိုလ်သတ္တဝါ, ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပစ္စည်းဥစ္စာတို့နှင့်။ ဝိပ္ပယောဂေါ – ခွဲခွာ၍ နေရခြင်း, ကွေကွင်း၍ နေရခြင်းသည်လည်း။ ဒုက္ခော – ဆင်းရဲကြောင်းပေတည်း။
ယံ – အကြင်အရာဝတ္ထုကို။ ဣစ္ဆံ (ဣစ္ဆန္တော) – အလိုရှိပါလျက်။ န လဘတိ – မရ။ တမ္ပိ – ထို လိုတာကို မရခြင်းသည်လည်း။ ဒုက္ခံ – ဆင်းရဲကြောင်းပေတည်း။
သံခိတ္တေန – အကျဉ်းချုပ်အားဖြင့်။ ပဉ္စ – ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာ – ဥပါဒါန်စွဲလမ်း၍ နေရာဖြစ်သော ရုပ်နာမ်ခန္ဓာ မှန်သမျှတို့သည်။ ဒုက္ခာ – ဆင်းရဲကြောင်း အစစ်တို့ပေတည်း။

ပါဠိ-မြန်မာ (ဖားအောက်ဆရာတော်)

ဘိက္ခဝေ – ရဟန်းတို့။ ဣဒံ ခေါ ပန – ဤသည်ကား။ ဒုက္ခံ အရိယသစ္စံ – အရိယာတို့၏ အမှန်တရားဖြစ်သည့် ဒုက္ခအရိယသစ္စာတည်း။
ဇာတိပိ – ပဋိသန္ဓေတည်နေရခြင်းသည်လည်း။ ဒုက္ခာ – ဒုက္ခတည်း။
ဇရာပိ – အိုရခြင်းသည်လည်း။ ဒုက္ခာ – ဒုက္ခတည်း။
ဗျာဓိပိ – ဖျားနာရခြင်းသည်လည်း။ ဒုက္ခော – ဒုက္ခတည်း။
မရဏမ္ပိ – သေရခြင်းသည်လည်း။ ဒုက္ခံ – ဒုက္ခတည်း။
အပ္ပိယေဟိ – မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ – ပေါင်းဖော် ယှဉ်တွဲ၍ နေရခြင်းသည်လည်း။ ဒုက္ခော – ဒုက္ခတည်း။
ပိယေဟိ – ချစ်နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ – ကွေကွင်းရခြင်းသည်လည်း။ ဒုက္ခော – ဒုက္ခတည်း။
ယမ္ပိစ္ဆံ – အကြင် အလိုရှိအပ်သော အရာကို။ န လဘတိ – မရ။ တမ္ပိ – ထိုအလိုရှိအပ်သော အရာကို မရရှိခြင်းသည်လည်း။ ဒုက္ခံ – ဒုက္ခတည်း။
သံခိတ္တေန – အကျဉ်းအားဖြင့်။ ပဉ္စုပါဒါနက္ခန္ဓာ – ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည်။ ဒုက္ခာ – ဒုက္ခတို့တည်း။

English (U Pe Maung Tin)

And this, Bhikkhus, is the Noble Truth about suffering.
Birth is suffering,
Old age is suffering,
Illness is suffering,
Death is suffering,
Association with those we do not love is suffering,
Separation from those we love is suffering,
Not to get what one desires is suffering,
In brief, the five aggregates of clinging are suffering.

+++++

‘ဒုက္ခသစ္စာ၌ သစ္စဉာဏ်’

ပါဠိတော်

ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊
စက္ခုံဥဒပါဒိ
ဉာဏံဥဒပါဒိ
ပညာဥဒပါဒိ
ဝိဇ္ဇာဥဒပါဒိ
အာလောကောဥဒပါဒိ။

ပါဠိ-မြန်မာ (ဆရာတော်ဦးဗုဓ်)

ဘိက္ခဝေ – ရဟန်းတို့။ ဣဒံ – ဤတဏှာကြဉ်သော တေဘူမကတရားသည်။ ဒုက္ခံ – ဒုက္ခဖြစ်သော။ အရိယသစ္စံ – အရိယသစ္စာ မည်၏။ ဣတိ – ဤသို့။ မေ မယာ – ငါဘုရားသည်။ ပုဗ္ဗေ – ဘုရားဖြစ်သည်မှ ရှေး၌။ အနနုဿုတေသု – မကြားစဖူးကုန်သော။ ဓမ္မေသု – သစ္စာတရားတို့၌။ စက္ခုံ – ဒုက္ခသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ – ထင်ရှားဖြစ်၏။ ဉာဏံ – ဒုက္ခသစ္စာကို သိခြင်းသည်။ ဥဒပါဒိ – ထင်ရှားဖြစ်၏။ ပညာ – ဇာတိဒုက္ခ စသည်ကို အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒိ – ထင်ရှားဖြစ်၏။ ဝိဇ္ဇာ – ဒုက္ခသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒိ – ထင်ရှားဖြစ်၏။ အာလောကော – ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။ ဥဒပါဒိ – ထင်ရှားဖြစ်၏။


မြန်မာ (လယ်တီဆရာတော်)

ချစ်သား ရဟန်းတို့ … “ဤတေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန်ဖြစ်သော အရိယသစ္စာကြီးတစ်ပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။

ပါဠိ-မြန်မာ (ညောင်လေးပင်ဆရာတော်)

ဘိက္ခဝေ – ချစ်သား ရဟန်းတို့။ ဣဒံ – ဤဘုံသုံးပါး၌ ကျင်လည်သော တရားအပေါင်းသည်။ ဒုက္ခံ အရိယသစ္စန္တိ – ဒုက္ခသစ္စာ မည်၏ ဟူ၍။ မေ – ငါသည်။ ဝါ၊ ငါအား။ ပုဗ္ဗေ – (ဘုရားဖြစ်သည်မှ) ရှေး၌။ အနနုဿုတေသု – မကြားအပ်စဖူးကုန်သော။ ဓမ္မေသု – သစ္စာလေးပါးတို့၌။ စက္ခုံ – ပညာမျက်စိသည်။ ဥ-ဒပါဒိ – ထင်စွာ ဖြစ်ပြီ။ ဉာဏံ – သိခြင်းသည်။ ဥ-ဒပါဒိ – ထင်စွာ ဖြစ်ပြီ။ ပညာ – အပြားအားဖြင့် သိခြင်းသည်။ ဥ-ဒပါဒိ – ထင်စွာ ဖြစ်ပြီ။ ဝိဇ္ဇာ – ထိုးထွင်း၍ သိခြင်းသည်။ ဥ-ဒပါဒိ – ထင်စွာ ဖြစ်ပြီ။ အာလောကော – မောဟမှောင်ပယ်ခွင်းသော ပညာရောင်အလင်းသည်။ ဥ-ဒပါဒိ – ထင်စွာ ဖြစ်ပြီ။

မြန်မာ (မဟာစည်ဆရာတော်)

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ … ရဟန်းတို့။

ပါဠိ-မြန်မာ (အရှင်ဇနကာဘိဝံသ)

ဘိက္ခဝေ – ပဉ္စဝဂ္ဂီအမှူးရှိသော နတ်ဗြဟ္မများတို့။ ဣဒံ – ဤတဏှာမှတပါးသော တေဘူမက ရုပ်နာမ်တရားအားလုံးသည်။ ဒုက္ခံ – စင်စစ်ဧကန် ဆင်းရဲမှန်သော။ အရိယသစ္စံ – အရိယသစ္စာတည်း။
ဣတိ – ဤသို့။ မေ – ငါဘုရားမှာ။ ပုဗ္ဗေ – ရှေးအခါကာလတုန်းက။ အနနုဿုတေသု – ကြားမျှ မကြားအပ်ဖူးကုန်သော။ (အနနုဿုတေသု – ဆရာတစ်ပါး ဟောသည့်အတွက် ကြားမျှ မကြားရဖူးကုန်သော။) ဓမ္မေသု – ဒုက္ခသစ္စာတရားတို့၌။ စက္ခု – ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော ဉာဏ်စက္ခုသည်။ ဥဒပါဒိ – ထင်ရှားဖြစ်ပေါ်လာပြီ။
ဉာဏံ – ဇာတိ, ဇရာ, ဗျာဓိ, မရဏက စ၍ ဤခန္ဓာကိုယ်ကောင်သည် ဒုက္ခသာဟု သိမြင်တတ်သော ဉာဏ်သည်။ ဥဒပါဒိ – ထင်ရှားဖြစ်ပေါ်လာပြီ။
ပညာ – အမျိုးမျိုး အဖုံဖုံ သိနိုင်သော ပညာသည်။ ဥဒပါဒိ – ထင်ရှားဖြစ်ပေါ်လာပြီ။
ဝိဇ္ဇာ – ထိုးထွင်း၍ သိတတ်သော ဉာဏ်ဝိဇ္ဇာသည်။ ဥဒပါဒိ – ထင်ရှားဖြစ်ပေါ်လာပြီ။
အာလောကော – မောဟအမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်ရောင်အလင်းသည်။ ဥဒပါဒိ – ထင်ရှားဖြစ်ပေါ်လာပြီ။

ပါဠိ-မြန်မာ (ဖားအောက်ဆရာတော်)

ဘိက္ခဝေ – ရဟန်းတို့။ “ဣဒံ – ဤတရားသည်ကား။ ဒုက္ခံ အရိယသစ္စံ – ဒုက္ခအရိယသစ္စာတည်း”။ ဣတိ – ဤသို့။ မေ – ငါဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ – ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု – မကြားအပ်စဖူးကုန်သော။ ဓမ္မေသု – ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ – ဒုက္ခသစ္စာကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ – ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ – ဒုက္ခသစ္စာကို ထိုးထွင်း သိတတ်သော ဉာဏ်သည်။ ဥဒပါဒိ – ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ – ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ – ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ – ဒုက္ခသစ္စာကို ထွင်းဖောက် သိတတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ – ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော – ဒုက္ခသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ – ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။

English (U Pe Maung Tin)

Among things, Bhikkhus, not heard of before by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF SUFFERING.”

+++++
စာကိုး
၁။ “ဗုဒ္ဓမြတ်စွာ၏ တရားဦး” – (ပါဠိ-မြန်မာ-အင်္ဂလိပ်)
၂။ “ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)၊ မောင်သွေးသစ်နှင့် မောင်ဇေယျာ ပြုစုသည်။
၃။ “မဟာဓမ္မစကြာအရသာ” – ညောင်လေးပင်ဆရာတော်
၎။ “ဓမ္မစကြာ” – မဟာစည်ဆရာတော်
၅။ “ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်” – အရှင်ဇနကာဘိဝံသ
၆။ “ဓမ္မစကြာနှင့် ဝိပဿနာတရားတော်” – ဖားအောက်ဆရာတော်

Leave a Reply