မင်းကွန်းဆရာတော်ဘုရားကြီးနှင့် မလွန်ဆန်လှူအသင်းကြီး
သာသနာ့မိခင် ကျေးဇူးဆပ်ရန် ကြံခြင်း
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း၌ အာဒိ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားသည် –
မြန်မာနိုင်ငံတော်၏ ဦးဆုံး တိပိဋကဓရ ဖြစ်အောင် အားထုတ်ခြင်း၊
ဆဋ္ဌသင်္ဂါယနာ ဝိဿဇ္ဇက(အဖြေ)ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊
မဟာဗုဒ္ဓဝင်ကျမ်းကြီး ၆-တွဲ (၈-အုပ်) ပြုစုတော်မူခြင်း – ဟူသော ရှေ့ပိုင်း သာသနာပြု လုပ်ငန်း သုံးသွယ်တို့ကို ဆောင်ရွက်တော်မူပြီးသည့်နောက် ဖော်ပြလတ္တံ့ပါအတိုင်း ဆင်ခြင်တော်မူခဲ့ပါသည်။
….. မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်းကြီးသည် မြန်မာနိုင်ငံရှိ ရဟန်း သာမဏေတို့၏ ဖခင်ကြီးနှင့် တူ၏။
နှစ်စဉ် နှစ်စဉ် ပရိယတ္တိ စာလျှောက်မေးပွဲများ ကျင်းပ၍ ပရိယတ္တိသာသနာတော်ကို ထွန်းလင်းစေ၏။
ဤသို့ ဗုဒ္ဓသာသနာတော်နှင့် စပ်၍ ဖခင်ကြီးနှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီး၏ ကျေးဇူးကို တိပိဋကဓရ ပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်မှုဖြင့် ကျေးဇူးဆပ်ရချေပြီ။
ပရိယတ် ပဋိပတ် သာသနာတော် နှစ်ရပ် အရှည်တည်တံ့အောင် ကြိုးပမ်း အားထုတ်တော်မူကြသော ရဟန်း သာမဏေ သာသနာနွယ်ဝင် သီလရှင် သူတော်စင်တို့အား ဆွမ်းပစ္စည်းဖြင့် မပင်ပန်းရအောင် နှစ်စဉ် နှစ်စဉ် ဆွမ်းဆန်တော်များ လှူ၍ မလွန်ဆန်လှူအသင်းကြီးသည် ဗုဒ္ဓသာသနာတော်၏ မိခင်ကြီးသဖွယ် ဖြစ်ပေ၏။
ဤ မိခင်ကြီး၏ ကျေးဇူးကိုကား မဆပ်ရသေး။
ဖခင်နှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီးအတွက် အခါအားလျော်စွာ ပရိယတ္တိတာဝန်ကို ထူးချွန်အောင် ထမ်းဆောင်ခြင်းဖြင့် ကျေးဇူးဆပ်ခွင့် ရရှိခဲ့သည့်နည်းတူ မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးကို ဆပ်ရပါမူ ကောင်းလေစွ ….. ဟု ဆင်ခြင် တောင့်တခဲ့ပါသည်။
ဤသို့ တောင့်တခဲ့သည့်အတိုင်း မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးဆပ်ရန် အခွင့်ဖန်ခဲ့ပါသည်။
မလွန်ဆန်လှူအသင်းကြီး
ကုန်းဘောင် ၁၁-ဆက် မြန်မာမင်းများ လက်ထက်၌ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး သုံးဌာနတို့၏ အရညဝါသီ သံဃာတော်များ၊ သီလရှင်၊ သူတော်စင်တို့အား လစဉ် လစဉ် ဆွမ်းဆန်တော် လှူဒါန်း ထောက်ပံ့ခဲ့ရာ ၁၂၄၇-ခုနှစ် သီပေါမင်းတရား ပါတော်မူပြီးနောက် ဆယ်နှစ်ကြာမျှ တိုင်းပြည် မငြိမ်မသက် ဖြစ်ပြီး တိုင်းပြည် ငြိမ်သက်စ ၁၂၅၇-ခုနှစ်တွင် “မလွန်ဆန်လှူအသင်း” စတင် ပေါ်ပေါက်လာခဲ့ပါသည်။
မန္တလေးမြို့ အနောက်ပြင် မလွန်မင်းသားကြီး နေသွားခဲ့ဖူးသည့် ရပ်ကွက်ဖြစ်၍ မလွန်ရပ်ဟု ခေါ်သည့် ထိုရပ်ကွက်မှ လူကြီးများသည် “မန္တလေးမြို့ မလွန်ဈေး ဆန်လှူအသင်းကြီး”ကို တည်ထောင်ခဲ့ကြပါသည်။
ထိုအသင်းကြီးက မန္တလေးမြို့နှင့်တကွ ပတ်ဝန်းကျင် မြို့ရွာတို့၌ သင်းထောက်များ ဖွဲ့စည်း၍ ဆွမ်းဆန်များ အလှူခံပြီး ပို့သမျှသော ဆွမ်းဆန်များကို လက်ခံ ရယူပြီး နှစ်စဉ် နှစ်စဉ် တော်သလင်းလပြည့်နေ့၌ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး သုံးဌာန ရဟန်း သာမဏေ သီလရှင် သူတော်စင်တို့အား ဆွမ်းဆန်တော်အလှူပွဲ ကျင်းပခဲ့ပါသည်။
ဤ မလွန်ဆန်လှူအသင်းကြီးက ဆွမ်းဆန်လှူပုံ၊ တိပိဋကဓရ ဆရာတော် တာဝန်ယူ၍ လှူခဲ့ရပုံကို သက္ကရာဇ် ၁၃၄၁-ခုနှစ်က သာစည်မြို့နယ်လုံးဆိုင်ရာ တိပိဋကဓရ မထေရ်တို့အား ပူဇော်ပွဲ၍ မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရား ဟောကြားတော်မူသည်ကို ကောက်နုတ် တင်ပြလိုပါသည်။
….. အဲဒီ မလွန်ဆန်လှူအသင်းကြီးက တိုင်းပြည်ရဲ့ကိုယ်စား တာဝန်ယူပြီးတော့ လှူတဲ့ ဆွမ်းဆန်ကို ဘုန်းကြီးတို့ တောင်ရိုးမှာတော့ ‘ဆန်တော်အလှူ’လို့ ခေါ်တယ်။
အဲဒီမှာ မလွန်ဆန်လှူအသင်းကြီးက လှူခဲ့တာ။ ဟို .. ဗြိတိသျှခေတ်တုန်းက .. ရဟန်းတစ်ပါးလျှင် ဆွမ်းဆန် ၂-တင်း လှူခဲ့တယ်။ သာမဏေတစ်ပါးလျှင် ဆွမ်းဆန် ၁-တင်းစီ လှူခဲ့တယ်။
သီလရှင်နှင့် သူတော်တစ်ပါးလျှင် ဆွမ်းဆန် တစ်ခွဲစီ လှူခဲ့တယ်။
ဒါ ဗြိတိသျှလက်ထက်က လှူခဲ့တဲ့ အလှူနှုန်းထား ဖြစ်တယ်။
ပြည်ထောင်စုခေတ် လှူခဲ့သောနှုန်း
ယခု ပြည်ထောင်စုခေတ်ရောက်တော့ စိတ်ဓာတ်တွေ တခါတည်း တက်ကြွလာပြီး ‘ဘယ်မှာ ၂-တင်း၊ ၁-တင်း၊ ၁-ခွဲနဲ့ စားလောက်မှာလဲ၊ မစားလောက်ဘူး။ ဒီတော့ တစ်နှစ်စာ လောက်အောင် လှူမယ်’ ဆိုပြီးတော့ မလွန်ဆန်လှူအသင်း လူကြီးတွေက ကြိုးစားပြီး အထက် အောက် မြို့ရွာတွေမှာ လိုက်လံ နှိုးဆော်၊ အားလုံး နှိုးဆော်တော့ အထက် အောက် ဆန်လှူသင်းထောက်တွေက တိုးပြီး ဂရုတစိုက် ဆွမ်းဆန်များကို ပို့ကြတော့ ဒီ ပြည်ထောင်စုခေတ်မှာ –
ရဟန်း = ၄-တင်း
သာမဏေ = ၃-တင်း
သီလရှင် + သူတော် = ၂-တင်းစီ လှူနိုင်ခဲ့ပါတယ်။
ဘွဲ့ရပုဂ္ဂိုလ်များ သီးခြားလှူ
ဒီလို လှူသော်လည်းပဲ ဆွမ်းဆန်တော်က အထက် အောက် မြို့ရွာတို့မှ မြောက်မြားစွာ တိုး၍ တိုး၍ လှူလာကြလို့ မကုန်ဘူး။
မကုန်တော့ အသင်းလူကြီးများက “ဘယ်လိုလုပ်မလဲ ဆရာတော်တို့” လို့ လျှောက်ထားကြတဲ့အတွက် “ဒါယကာကြီးတို့ ဘယ်လို စီမံချင်ကြသတုန်း”လို့ ဘုန်းကြီးများက ပြန်မေးတဲ့အခါ –
“ဘွဲ့ရအရှင်တွေကို ထူးပြီး လှူချင်တယ် ဘုရား”လို့ လျှောက်ထားလို့ ဘုန်းတော်ကြီးများက “ကောင်းတာပေါ့”လို့ ပြန် အမိန့်ရှိရပါတယ်။
စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းတောင်ရိုးတို့မှာ နေတော်မူကြတဲ့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တွေ၊ ဓမ္မာစရိယဘွဲ့ရ ဆရာတော်တွေ၊ ရဟန်းတော်တွေ၊ သီလရှင်ဆရာတွေ၊ ပဌမကျော်ဘွဲ့ရ ဆရာတော်များ၊ သီလရှင်ဆရာကလေးများ၊ အဲဒီလို ဘွဲ့ရပုဂ္ဂိုလ်များအား ဘွဲ့ထူးတစ်ခုလျှင် ၃-တင်းဝင် ဆွမ်းဆန်တစ်အိတ် တစ်အိတ်ကျစီ သီးခြား ဆွမ်းဆန်အလှူရယ်လို့ လှူပါတယ်။
တိပိဋကဓရ ဆရာတော်အား လှူပုံ
ကဲ ဆိုကြပါစို့။
ဘုန်းကြီးကျတော့ အများနဲ့ ပေါင်းလှူတာက ဆွမ်းဆန် ၄-တင်း၊ ဘုန်းကြီးမှာက .. ဟို ဗြိတိသျှလက်ထက်က ပဌမကျော် ဖြစ်တယ်။ အစိုးရဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ ဖြစ်တယ်။
ပြီးတော့ ပြည်ထောင်စုခေတ်မှာ တိပိဋကဓရ ဖြစ်တယ်ဆိုတော့ ပဌမကျော်အတွက် သီးခြား ၃-တင်းဝင် ဆန် ၁-အိတ်၊ အစိုးရနှင့် သကျသီဟ ဓမ္မာစရိယအတွက်က (ဓမ္မာစရိယချည်းဖြစ်လို့ တစ်ဘွဲ့ပဲထားပြီး) သီးခြား ဆန် ၁-အိတ်၊ တိပိဋကဓရအတွက်က (ပထမပိုင်းမှာ ပိဋက တစ်ပုံ တစ်ပုံလျှင် ဆန်တစ်အိတ်ကျစီ ထားပြီး) ၃-အိတ် လှူပါတယ်။ ယခု တစ်ပုံ တစ်ပုံမှာ အာဂုံရော သဘောရေးဖြေပါ အောင်တာဖြစ်လို့ တစ်ပုံအတွက် ၁-အိတ်သာ လှူလို့ ဖြစ်ပါရိုးလား ဆိုပြီး တိုးလှူလို့ တိပိဋကဓရအတွက် ၃-အိတ်၊ ၂-ရပ်ပေါင်း ၆-အိတ် လှူပါတယ်။
အဂ္ဂမဟာပဏ္ဍိတအတွက်က ၁-အိတ်၊ အဘိဓဇဘွဲ့တံဆိပ်အတွက်က ၁-အိတ် လှူပါတယ်။
အားလုံးပေါင်းလိုက်လျှင် ဘွဲ့ထူးအတွက်ပင် သီးခြားအလှူ ၃-တင်းဝင် ဆွမ်းဆန်အိတ် ၁၀-အိတ် (တင်းပေါင်း သုံးဆယ်) ရရှိပါတယ်။
ဆန်အခက်အခဲ ကြုံ၍ တစ်ခွဲသာ လှူရပုံ
အဲဒီလို လှူလာရင်းက ယမန်တလတ် ဆန်ပြဿနာရယ်လို့ ပေါ်လိုက်တော့ ၄-တင်း၊ ၃-တင်း၊ ၂-တင်း မလှူနိုင်တော့ဘဲ ၄-တင်း လှူခဲ့တဲ့ ရဟန်းတော်အားလည်း တစ်ခွဲပဲ လှူနိုင်တော့တယ်။
၃-တင်း လှူခဲ့တဲ့ သာမဏေ၊ ၂-တင်းစီ လှူခဲ့တဲ့ သီလရှင် သူတော်စင်များအားလည်းပဲ တစ်ခွဲစီသာ လှူနိုင်တော့တယ်။
အဲဒီ တစ်ခွဲ သံသရာရောက်လာတဲ့အခါကျတော့ ဟို … စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီး ၃-ဌာနမှာ ဝါဆို သီတင်းသုံးကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်၊ သူတော်စင်တို့လည်းပဲ ငါးထောင် (၅,၀၀၀)ကျော် ရှိတယ်နော်။
ရဟန်းတော်နှင့် သာမဏေက ၃,၀၀၀ ကျော်လောက်၊ သီလရှင်နှင့် သူတော်စင်တို့က ၂,၀၀၀ ကျော်လောက် ရှိတယ်။
အဲဒီ ရဟန်း သာမဏေတွေမှာ ဂေါစရဂါမ်ရွာကလေးတွေကလည်း ငယ်တယ်။
ငယ်တဲ့အပေါ် သူတို့ကလည်း စီးပွားရေး ကြပ်တယ်။
သူတို့ကိုယ်နှိုက်က နပ်ကျော် စားနေကြရတော့ ဒီကိုယ်တော်တွေကို ဘယ်မှာ ဆွမ်းလောင်းနိုင်ပါ့မလဲ။
အရေအတွက်များတဲ့ ဆွမ်းခံ သံဃာတော်တွေ။
ဒါယကာ ဒါယိကာမတွေကလည်း ဆွမ်းမလောင်းနိုင်။
ပြီးတော့ မလွန်ဆန်လှူအသင်းကလည်းပဲ ၄-တင်း၊ ၃-တင်းကနေပြီး ၁-ခွဲသာ လှူနိုင်တော့ သံဃာများမှာ ဘောဇနသပ္ပါယအတွက် တော်တော် ဆင်းရဲကြပါတယ်။
တိပိဋကဓရ ဆရာတော် တာဝန်ယူခဲ့ရပုံ
တစ်နှစ်လာလည်း တစ်ခွဲ၊ တစ်နှစ်လာလည်း တစ်ခွဲ ဖြစ်နေလို့ သုံးနှစ်လောက်ရှိတော့ ဘုန်းကြီးက ပြောတယ်။
“ဒီအတိုင်းနေလို့ မဖြစ်ဘူး”
အသင်းကလည်းပဲ စိတ်အား ငယ်လာတယ်။
ထိုအခါ ဘုန်းကြီးက “ဒီလို ဒါယကာကြီးတို့ စိတ်အားငယ်နေလို့ ဘယ်ဖြစ်မလဲ၊ ဟို .. အထက် အောက် မြို့ရွာတွေမှာ ဆန်လှူအသင်းထောက်အဖွဲ့တွေ ဖွဲ့ရမယ်။ အဲဒီ အသင်းထောက်တွေက လှူတဲ့ ဆွမ်းဆန်များ ရေစက်ချတရားပွဲများ ကျင်းပပေးရင် ဆန်အလှူဟာ တိုးတက်တာပေါ့”လို့ ဘုန်းကြီးက အကြံပေးပြီး တာဝန်ယူလိုက်ပါတယ်။
သာသနာ ဘာသာရေးကိစ္စမို့ အပင်ပန်းခံရပါတယ်။
အစိုးရက စရိတ်တစ်ဝက် လှူ
ဟုတ်တယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်းပဲ ဖြုန်းခနဲဆိုတော့ အလုပ်ခက်သွားတယ်။
ဒီ မလွန်ဆန်လှူအသင်းက ဆွမ်းဆန်တော်များကို နိုင်ငံတော်အစိုးရက သိလာတဲ့အခါကျတော့ “ကိုင်း .. ဒို့ အစိုးရက စရိတ်အကုန် မလှူနိုင်သော်လည်းပဲ တစ်ဝက်လှူမယ်” ဆိုတဲ့ မူနဲ့ ဘုန်းကြီးတို့ ဆောင်ရွက်လို့ တစ်နှစ် နှစ်နှစ်အတွင်းမှာ နိုင်ငံတော်အစိုးရ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသင်္ဘောနဲ့ မလွန်ဆွမ်းဆန်တော်များကို အထက်မြန်မာပြည်ကပဲ သယ်သယ်၊ အောက်မြန်မာပြည်ကပဲ သယ်သယ် ရာခိုင်နှုန်း ၅၀ လှူပါတယ်။ ၅၀-ရာခိုင်နှုန်းပဲ စရိတ်ယူပါတယ်။
ဤနည်းဖြင့် အစိုးရကလည်း အသိအမှတ်ပြုပါတယ်။
မူလအခြေအနေ ပြန်ရောက်လာပုံ
ဘုန်းကြီးများ ဒီလို ရှေ့က မားမားမတ်မတ် ရပ်ပြီးတော့ မလွန်ဆန်လှူအသင်းထောက် အဖွဲ့ခွဲတို့ရဲ့ ဆွမ်းဆန်အလှူတော်များကို ရေစက်ချ ဓမ္မသဘင်များ ဆင်ယင်ကျင်းပပေးတော့ ၁-နှစ် ၂-နှစ် ၃-နှစ်မှာ နဂိုမူအတိုင်း –
ရဟန်း = ၄-တင်း
သာမဏေ = ၃-တင်း
သီလရှင်နှင့် သူတော် = ၂-တင်းစီ
ဘွဲ့ထူးတစ်ခုခုအတွက် အသီးသီး ၃-တင်းစီ လှူနိုင်လာပြန်ပါတယ်။
မူလထက် တိုး၍ လှူနိုင်ခြင်း
ဘုန်းကြီးများ ဆောင်ရွက်လို့ ၄-နှစ်၊ ၅-နှစ် ရောက်တဲ့အခါကျတော့ –
ရဟန်းတော်တစ်ပါး အား = ၄-တင်း တစ်စိတ်
သာမဏေတစ်ပါးအား = ၃-တင်း တစ်စိတ်
သီလရှင်နှင့် သူတော်တစ်ပါးအား = ၂-တင်း တစ်စိတ်စီ လှူနိုင်ခဲ့ပါတယ်။
ဒါ ဘုန်းကြီးများ ရှေ့က မားမားမတ်မတ် ရပ်တည် ဆောင်ရွက်လို့ ၄-နှစ်မြောက်မှာ တွေ့ရတဲ့ လက်တွေ့ပဲ။
၅-နှစ်မြောက်ကျတော့ “ရဟန်းတော်အား ၄-တင်း တစ်စိတ်၊ သာမဏေအား ၃-တင်း တစ်စိတ် လှူရတာ မနည်းပါဘူး။
သီလရှင်များအား ၂-တင်း တစ်စိတ်က နည်းပါးသေးတယ်။
မာတုဂါမ မင်းမိန်းမဆိုတာ လာဘ်=လာဘ ဆင်းရဲငြိုငြင်ကြပါတယ်။
ကိစ္ဆာလာဘော မာတုဂါမော တဲ့။
ဒီတော့ သီလရှင်များအား ၂-တင်း တစ်စိတ်အစား ၂-တင်းခွဲစီ လှူပါ” အဲဒီလို ဘုန်းကြီးတို့ အကြံပေးလို့ အသင်းကြီးက ယမန်နှစ် (၁၃၄၀-ပြည့်နှစ်)ကဆိုလျှင် –
ရဟန်းတော်တစ်ပါးအား = ၄-တင်း တစ်စိတ်
သာမဏေတစ်ပါးအား = ၃-တင်း တစ်စိတ်
သီလရှင်နှင့် သူတော်စင်တစ်ပါးအား = ၂-တင်းခွဲစီ လှူခဲ့ပါတယ်။
အဲဒီတော့ ရဟန်းသံဃာများမှာ ထောက်ရာ တည်ရာ ရသွားကြတာပ။
တိပ်ဘဏ္ဍာတိုက်
ဤသို့ မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးကို ဆပ်သောအားဖြင့် (မင်းကွန်းဆရာတော်ဘုရားကြီးသည်) အထက် အောက် မြန်မာပြည် မလွန်ဆန်လှူသင်းထောက် ဆွမ်းဆန်တော် ရေစက်ချ တရားပွဲများကို နေရာအနှံ့ ဟောကြားခဲ့ပါသည်။
ဤတရားဟောစဉ်များကို အသံဖမ်းယူခဲ့၍ ဤဖမ်းယူထားသော တရားဟောစဉ်များကိုလည်းကောင်း၊ ယခင့် ယခင် သင်္ဂါယနာတင်စဉ်က သင်္ဂါယနာတင် ဒေသနာများကိုလည်းကောင်း အရပ်ရပ် စုပေါင်း၍ ရန်ကုန်မြို့ တိပိဋက နိကာယ သာသနာပြုအဖွဲ့က တိပ်ဘဏ္ဍာတိုက် ဖွင့်လှစ်၍ သိမ်းဆည်းထားပါသည်။
သာသနာ့မိခင် မလွန်ဆန်လှူအသင်း၏ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပြီး ဖြစ်၍ တကြောင်း၊ တိပိဋက နိကာယ သာသနာပြုအဖွဲ့၏ တာဝန်များကို ရွက်ဆောင်နေရ၍ တကြောင်း၊ အသက်လည်း ကြီးလာပြီဖြစ်၍ တကြောင်း၊ ဤအကြောင်းများကြောင့် မလွန်ဆန်လှူ ရေစက်ချ တရားပွဲများမှ အနားယူကာ ပျိုလည်း ပျိုရွယ်၊ စွမ်းလည်း စွမ်းဆောင်နိုင်သော သပိတ်အိုင်ဆရာတော် စသည်တို့အား တောင်းပန်လျှောက်ထားက နောင်တွင် တာဝန် လွှဲအပ်ခဲ့ပါသည်။
(မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ – ပဉ္စမတွဲ ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’ နိဒါန်း မှ)