မဟာပိင်္ဂလဇာတ်

ဟောတော်မူရာဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “သဗ္ဗော ဇနော” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာပိင်္ဂလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်သည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ခြင်းကြောင့် ကိုးလလွန်သဖြင့် ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ မြေမျို၏။

ဇေတ၀န်ကျောင်းတော်၌ နေကုန်သော သူတို့သည်လည်းကောင်း၊ တိုင်းအလုံး၌ နေကုန်သော သူတို့သည်လည်းကောင်း “ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေ၀ဒတ်ကို မြေမျို၏။ ယခု မြတ်စွာဘုရားသည် ပျောက်ကင်းသော ရန်သူရှိ၏´´ဟု နှစ်သက် ရွှင်လန်းခြင်း ဖြစ်ကုန်၏။

ထိုသူတို့၏ စကားကို အဆင့်ဆင့်သော အသံဖြင့် ကြားကုန်၍ ဇမ္ဗူဒီပါကျွန်းအလုံး၌ နေကုန်သော ဘီလူး ဘုမ္မဇိုဝ်း ရုက္ခစိုး)် နတ်အပေါင်းတို့သည်လည်း နှစ်သက် ရွှင်လန်းကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ ဒေ၀ဒတ်ကို မြေမျိုသည်ရှိသော် ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေ၀ဒတ်ကို မြေမျို၏ဟု လူများသည် နှစ်သက်သော စိတ်ရှိသည် ဖြစ်၏´´ဟု စကားကို ဖြစ်စေကုန်၏။

မြတ်စွာဘုရားသည် လာတော်မူလတ်၍ “ရဟန်းတို့ … ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်သနည်း´´ဟု မေးတော်မူလတ်၍ “ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏´´ဟု နားတော်လျှောက်သည်ရှိသော် “ရဟန်းတို့ … ယခုအခါ၌သာလျှင် ဒေ၀ဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက် ရွှင်လန်းသည် မဟုတ်သေး။ ရှေး၌လည်း ဒေ၀ဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက် ရွှင်လန်းသည်သာလျှင်တည်း´´ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

+++++

အတိတ်ဝတ္ထု

ရဟန်းတို့ … လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဟာပိင်္ဂလ အမည်ရှိသော မင်းသည် တရားမစောင့်၊ တိုင်းသူပြည်သားအပေါ် အညီအမျှမပြုဘဲ မင်းပြု၏။

ချစ်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် မကောင်းမှုကို ပြုလျက် ရာဇ၀တ် မင်းဒဏ်ပေးခြင်း၊ အခွန်အတုတ်ယူခြင်း၊ ရွေ့ရှားစေခြင်း၊ အသပြာယူခြင်း အစရှိသည်ကို ပြုသဖြင့် ကြံညှစ်ယန္တရားတို့ဖြင့် ကြံကို ညှစ်ဘိသကဲ့သို့ လူများကို နှိပ်စက် ညှဉ်းဆဲ၏။ ကြမ်းတမ်း ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။  သူတပါးတို့၌ ထိုမဟာပိင်္ဂလမင်း၏ အနည်းငယ်မျှသော သနားခြင်းမည်သည် မရှိ။

အိမ်၌  မိန်းမတို့သည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ အမတ် ပုဏ္ဏား သူကြွယ်တို့သည်လည်းကောင်း မချစ်မနှစ်သက်အပ်သည် ဖြစ်၏။ မျက်စိ၌ကျသော မြူကဲ့သို့လည်းကောင်း၊ ထမင်းဆုပ်၌ ကျသော ကျောက်စရစ်ကဲ့သို့လည်းကောင်း၊ ဖနောင့်ကို စူး၍၀င်သော ဆူးကဲ့သို့လည်းကောင်း ဖြစ်စေ၏။

ထိုအခါ ဘုရားလောင်းသည် မဟာပိင်္ဂလမင်း၏ သားဖြစ်၏။

မဟာပိင်္ဂလမင်းသည် အချိန်ကာလ ကြာမြင့်စွာ မင်းအဖြစ်ကို ပြု၍ သေ၏။

မတရားမင်း သေ၍ ၀မ်းသာကြပုံ

ထို မဟာပိင်္ဂလမင်းသည် သေသည်ရှိသော် ဗာရာဏသီပြည်၌ နေသော သူတို့သည် နှစ်သက် ရွှင်လန်းကုန်သည်ဖြစ်၍ သည်းစွာသော ရယ်ခြင်းကို ရယ်ကုန်၏။

လှည်းအထောင်တို့ဖြင့် မဟာပိင်္ဂလမင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၍ များစွာကုန်သော ရေအိုအထောင်တို့ဖြင့် သင်းချိုင်းမီးကို ငြိမ်းစေကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၍ “ငါတို့သည် တရားစောင့်သော မင်းကို ရကုန်ပြီ´´ဟု နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ မြို့၌ ပွဲခံခြင်းကို ပြုကုန်၍ စည်လည်စေ၍ စိုက်အပ်သော တံခွန် ကုက္ကားရှိသည်ဖြစ်၍ မြို့ကို တန်ဆာဆင်ကုန်၍ တံခါးတိုင်း တံခါးတိုင်း မဏ္ဍပ်ကို ဆောက်စေ၍ ကြဲအပ်သော မိုးစွေပန်း ပေါက်ပေါက်ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော အပြင်ရှိကုန်သော တန်ဆင်ဆင်အပ်သော မဏ္ဍပ်တို့၌ နေကုန်၍ ခဲလည်း ခဲစားကုန်၏။ သောက်လည်း သောက်ကုန်၏။

ဘုရားလောင်းသည်လည်း တန်ဆာဆင်အပ်သော ပြာသာဒ်၌ စိုက်အပ်သော ထီးဖြူရှိသော မြတ်သောပလ္လင်၏ အလယ်၌ များစွာသော စည်းစိမ်ကို ခံစားလျက် နေ၏။ အမတ် ပုဏ္ဏား သူကြွယ်တို့သည်လည်းကောင်း၊ တိုင်း၌ နေသောသူ တံခါးစောင့် အစရှိသော သူတို့သည်လည်းကောင်း မင်းကို ခြံရံ၍ တည်ကုန်၏။

 တံခါးစောင့် ငိုကြွေးခြင်း

ထိုအခါ တယောက်သော တံခါးစောင့်သည် မဝေးလွန်းသော အရပ်၌ တည်၍ ပြင်းစွာသော ထွက်သက်ကို ဖြစ်စေလျက် ပြင်းစွာသော ၀င်သက်ကို ဖြစ်စေလျက် ငို၏။

ဘုရားလောင်းသည် ထိုတံခါးစောင့်ကို မြင်၍ “ငါ၏ အဖသည် သေသည်ရှိသော် ခပ်သိမ်းကုန်သော သူတို့သည် နှစ်သက် ရွှင်လန်းကုန်သည်ဖြစ်၍ ပွဲလမ်းသဘင်ကို ကစားကုန်၏။ သွားလာကုန်၏။ သင်တမူကား ငိုလျက် တည်၏။ ငါ၏ ခမည်းတော်ကို သင်သည် ချစ်မြတ်နိုးသလော´´ဟု မေးလိုရကား –

၁၇၉။ သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊

တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။

ပိယော နု တေ အာသိ အကဏှနေတ္တော၊

ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။ ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။ (ဇာ-ဋ္ဌ။ ၂။ ၂၁၁။)

+++

ဘော ဒွါရပါအို တံခါးစောင့်။

ပိင်္ဂလေနပိင်္ဂလမင်းသည်။

သဗ္ဗောအလုံးစုံသော။

ဇနောလူအပေါင်းကို။

ဟိံသိတောညှဉ်းဆဲအပ်၏။

တသ္မိံထိုပိင်္ဂလမင်းသည်။

မတေ သေသည်ရှိသော်။

သဗ္ဗေခပ်သိမ်းကုန်သော။

ဇနာလူတို့သည်။

ပစ္စယာ နှစ်သက်ခြင်းတို့ကို။

ဝေဒယန္တိခံစားကုန်၏။

တေသင်သည်ကား။

အကဏှနေတ္တော ကြောင်သော မျက်စိရှိသည်၏ အဖြစ်ကြောင့် အကဏှနေတ္တဟု ဆိုအပ်သော ပိင်္ဂလမင်းကို။

ပိယောချစ်သည်။

အာသိ နု ဖြစ်သလော။

တွံသင်သည်။

ကသ္မာအဘယ့်ကြောင့်။

ရောဒသိ နုငိုဘိသနည်း။

ထိုတံခါးစောင့်သည် ထိုဘုရားလောင်း၏ စကားကို ကြား၍ “မြတ်သောမင်းကြီး … အကျွန်ုပ်သည် သေသော ပိင်္ဂလမင်းကို အောက်မေ့၍ မငို။ အကျွန်ုပ်၏ ဦးခေါင်းအား ချမ်းသာခြင်းသည် ဖြစ်ပေပြီ။ ထိုစကားသည် မှန်၏။ ပိင်္ဂလမင်းသည် ပြာသာဒ်မှ သက်သော်လည်းကောင်း၊ တက်သော်လည်းကောင်း ပန်းပဲတို့၏ ပေ၌ တူဖြင့် ရိုက်ဘိသကဲ့သို့ အကျွန်ုပ်၏ ဦးခေါင်း၌ ရှစ်ချက် ရှစ်ချက် ရိုက်ခြင်းကို ပေး၏။

ထိုပိင်္ဂလမင်းသည် တမလွန်ဘ၀၌ ငရဲသို့လား၍လည်း ငါ၏ဦးခေါင်းကို ရိုက်ခြင်းကို ပေးဘိသကဲ့သို့ ငရဲစောင့်တို့၏ ဦးခေါင်းကို ရိုက်ခြင်းကို ပေးလတ္တံ့။ ထိုငရဲထိန်းတို့၏ ဦးခေါင်း၌ ရိုက်ခြင်းကို ပေးလတ်သည်ရှိသော် ထိုပိင်္ဂလမင်းကို ငရဲထိန်းတို့သည် “ဤမင်းသည်ကား ငါတို့ကို အလွန်လျှင် ညှဉ်းဆဲ၏´´ဟု ဤအရပ်သို့သာလျှင် တဖန် ပို့လိုက်ကုန်၍ လွတ်လာရာ၏။ ထိုသို့ လွတ်လာသည်ရှိသော် ထိုပိင်္ဂလမင်းသည် တဖန်လည်း အကျွန်ုပ်၏ ဦးခေါင်း၌ ရိုက်ခြင်းကို ပေးပြန်ရာ၏ဟု ဤသို့ ကြောက်သောကြောင့် ငို၏´´ဟု ဆိုလို၍ –

၁၈၀။ န မေ ပိယော အာသိ အကဏှနေတ္တော၊

ဘာယာမိ ပစ္စာဂမာနယ တဿ။

ဣေတာ ဂေတာ ဟႎေသယ် မစၥဳရာဇံ၊

သော ဟိံသိတော အာနေယျ ပုန ဣဓ။ ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။ (ဇာ-ဋ္ဌ။ ၂။ ၂၂၁။)

+++

မဟာရာဇ မြတ်သောမင်းကြီး။

မေအကျွန်ုပ်သည်။

အကဏှနေတ္တော ပိင်္ဂလမင်းကို။

ပိယောချစ်အပ်သည်။

န အာသိမဖြစ်။

သောထိုပိင်္ဂလမင်းသည်။

ဣတောဤဘ၀မှ။

ဂတောတမလွန်ဘ၀သို့ ရောက်လေသည်ရှိသော်။

မစ္စုရာဇံ သေမင်းကို။

ဟိံသေယျ ညှဉ်းဆဲရာ၏။

သောထိုပိင်္ဂလမင်းသည်။

ဟိံသိတော ညှင်းဆဲခြင်းကြောင့်။

တံထိုပိင်္ဂလမင်းကို။

ဣဓဤအရပ်သို့။

ပုနတဖန်။

ပစ္စုရာဇာ သေမင်းသည်။

အာနေယျပို့လာပြန်ရာ၏။

တဿ ထိုပိင်္ဂလမင်း၏။

ပစ္စာဂမနာယ တဖန် လာပြန်ခြင်းမှ။

ဘာယာမိ ကြောက်လှ၏။

+++

သေသူ ပြန်မလာတော့ပြီ

ထိုအခါ ထိုတံခါးစောင့်ကို ဘုရားလောင်းသည် “ထိုပိင်္ဂလမင်းကို ထင်းတို့၏ လှည်းအထောင်တိုက်ဖြင့် သင်္ဂြိုဟ်အပ်လေပြီ။ သင်္ဂြိုဟ်အပ်ပြီးသော ပိင်္ဂလမင်း၏ သင်းချိုင်းမြေကိုလည်း ထက်ဝန်းကျင်မှ တူးအပ်ပြီ။ ဓမ္မတာသဘောအားဖြင့်လည်း တမလွန်ဘ၀သို့ သွားကုန်သော သူတို့မည်သည် တပါးသော ဘ၀၌ တည်ရာနေရာ ရလေကုန်၏။ တဖန် ထိုကိုယ်ဖြင့်လျှင် မလာနိုင်ကုန်။ သင်သည် မကြောက်လင့်´´ဟု တံခါးစောင့်ကို နှစ်သိမ့်စေလျက် –

၁၈၁။ ဒဍ္ဎော ၀ါဟသဟေဿဟိ၊

သိတ္တော ဃဋသတေဟိ သော။

ပရိက္ခတာ စ သာ ဘူမိ၊

မာ ဘာယိ နာဂမိဿတိ။ ဟူသော ဤဂါထာကို ဆို၏။ (ဇာ-ဋ္ဌ။ ၂။ ၂၂၂။)

+++

ဒေါဝါရိကတံခါးစောင့်။

သောထိုပိင်္ဂလမင်းကို။

ဝါဟသဟေဿဟိထင်းလှည်း အထောင်တိုက်တို့ဖြင့်။

ဒဍ္ဎောမီးတိုက်အပ်ပြီ။

ဃဋသတေဟိ ရေအိုးအရာတို့ဖြင့်။

သိတ္တော ရေသွန်းအပ်ပြီ။

သာ စ ဘူမိထိုသင်းချိုင်းရာမြေကိုလည်း။

ပရိက္ခတာတူးအပ်ပြီ။

တွံသင်သည်။

မာ ဘာယိမကြောက်လင့်။

ပိင်္ဂလောပိင်္ဂလမင်းသည်။

နာဂမိဿတိမလာတော့လတ္တံ့။

ထိုအခါမှ စ၍ တံခါးစောင့်သည် သက်သာရာကို ရလေ၏။ ဘုရားအလောင်းသည်လည်း တရားသဖြင့် မင်းပြု၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း

မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ယခုအခါ ဒေ၀ဒတ်သည် ထိုအခါ ပိင်္ဂလမင်း ဖြစ်ဖူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပိင်္ဂလမင်း၏သား ဖြစ်ဖူးပြီ´´ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတရားမင်း၊ နိုင်ငံတွင်း၊ မုန်းခြင်း ခံရသည်။

+++++

(မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး၏ ငါးရာငါးဆယ်ဇာတ်ဝတ္ထု ဒုတိယတွဲ မှ)

+++++

မင်းဆိုးမင်းညစ် ပိင်္ဂလ

(၁)

ရှေးသရောအခါက ဗာရာဏသီပြည်၌

မဟာပိင်္ဂလအမည်ရှိသော မင်းသည်

စည်းမဲ့ကမ်းမဲ့ တရားမဲ့စွာ မင်းပြုလေသည်။

ထင်ရာစိုင်း၍ ထင်တိုင်းလုပ်လေသည်။

အခွန်ဘဏ္ဍာကောက်ခံရာတွင် တိုင်းပြည်လူထုကို

ကြံကြိတ်စက်ဖြင့် ကြံရည်ကြိတ်ဘိသကဲ့သို့

ညှစ်ကြိတ် နှိပ်စက်လေ၏။

ထိုမင်းသည် ရက်စက်သည်။ ကြမ်းကြုတ်သည်။

နှိပ်စက်ကလူ ပြုမူသည်။

သူတပါးအပေါ်တွင် ကြင်နာမှု လုံးဝ မရှိ။

အိမ်တော်တွင်း၌ မိဖုရား မောင်းမမိဿံနှင့်တကွ

သားတော် သမီးတော် မှူထမ်းရာထမ်းများကို ဖိနှိပ်ချုပ်ချယ်သည်။

အရပ်ထဲတွင်လည်း အမတ် ပုဏ္ဏား ရပ်သူရွာသားများကို မညှာမတာ ပြုမူသည်။

ထိုမင်းသည် မျက်စိထဲ ၀င်သော ဖုန်မှုန့်နှင့် တူ၏။

ဟင်းထဲပါသော ကျောက်ခဲနှင့် တူ၏။

ဖနောင့်ထဲ စူးသော ဆူးနှင့် တူ၏။

(၂)

ထိုအခါ၌ ဘုရားအလောင်းသည် မဟာပိင်္ဂလမင်း၏ သားတော်ဖြစ်လေသည်။

မင်းသည် ကာလကြာရှည်စွာ မင်းမူ၍

နတ်ရွာစံ ကံတော်ကုန်သောအခါ

ဗာရာဏသီပြည်သူပြည်သားအပေါင်းသည်

သောင်းသောင်းဖြဖြ ရွှင်လန်းနှစ်သက်ကြ၍

လွန်စွာ ရယ်မော ပျော်ပါးကြကာ

မဟာပိင်္ဂလမင်းကို လှည်တထောင်တိုက် ထင်းတို့ဖြင့် မီးသင်္ဂြိုဟ်ကြသည်။

ရေအိုးတထောင်ဖြင့် မီးကို ငြှိမ်းသတ်ကြသည်။

ပြီးလျှင် ဘုရားလောင်းကို မင်းမြှောက်ကြလေသည်။

ထို့ပြင် ပြည်သူလူထုသည် ၀မ်းသာအားရ ရှိလှသဖြင့်

အောင်စည်အောင်မောင်းတီးကာ

မင်းကောင်းမင်းမြတ်ကို ငါတို့ ရကြပြီဟု ကြွေးကြော်ကြသည်။

နေပြည်တော်ကို တံခွန် ကုက္ကား မုလေးပွားတို့နှင့် တန်ဆာဆင်ကြလေသည်။

မြို့တံခါးပေါက်တို့၌ ပဏ္ဍပ်ကနား ဆောက်လုပ်ကာ

မြေပြင်တွင် ပေါက်ပေါက်ကြဲကြ၏။

ပန်းပွင့်ဖြူးကြ၏။

ထို့နောက် ၀ိုင်းထိုင်ကြကာ စားကြသောက်ကြ ပျော်ရွှင် မြူးတူးကြလေသည်။

ဘုရားလောင်းသည်လည်း တန်ဆာဆင်ထားသော

ပလ္လင်တော်အလယ်၌ ခမ်းနားစွာ စံစားနေလေသည်။

(၃)

ထိုအခိုက်တွင် မနီးမဝေးရှိ တံခါးစောင့် တယောက်သည် ရှိုက်ကြီးတငင် ငိုလေ၏။

ဘုရားလောင်းက မြင်သောအခါ

အချင်းတံခါးစောင့် … ငါ့ခမည်းတော် နတ်ရွာစံသဖြင့်

ပြည်သူလူထုသည် နှစ်သက်ရွှင်လန်းကာ

ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလျက်

လှည့်ပတ် ပျော်ရွှင်ကြသည်။

အသင်မူကား ငိုယိုလျက် ရှိ၏။

ဘာကြောင့်ပါလဲ?

ခမည်းတော်သည် အသင့်ကို ချစ်ခင်နှစ်သက်ပါသလားဟု မေး၍

ပထမဂါထာကို ရွတ်ဆိုလေသည်။

(ပါဠိ)

သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊

တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။

ပိယော နု တေ အာသိ အကဏှနေတ္တော၊

ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။

(မြန်မာ)

လူမြင်တိုင်းကို သူ ညှဉ်းဆဲ

ပိင်္ဂလမင်း မျက်စိမွဲ။

သူသေသောအခါ လူအားလုံး

ပျော်ကြရွှင်ကြ တပြုံးပြုံး။

မျက်ရည်ကျကာ သင်မူကား

သူ့ကိုချစ်၍ ငိုသလား

အို တံခါးစောင့် မောင်ယောက်ျား။

ထိုစကားကို ကြားလျှင် တံခါးစောင့်က

အရှင်မင်းမြတ်၊ မဟာပိင်္ဂလမင်းကြီး နတ်ရွာစံ၍ ကျွန်တော်မျိုး ငိုသည် မဟုတ်ပါ။

ကျွန်တော်မျိုး၏ ဦးခေါင်းသည် ယခု ချမ်းသာရာ ရသွားပါပြီ။

မဟာပိင်္ဂလမင်းကြီးသည် နန်းတော်အောက်သို့ ဆင်းသောအခါ၌လည်းကောင်း၊

နန်းတော်ထက်သို့ တက်သောအခါ၌လည်းကောင်း၊

ပန်းပဲသမားသည် သံကို တူနှင့်ထုနှက်သကဲ့သို့

ကျွန်တော်မျိုး၏ ဦးခေါင်းငယ်ထိပ်ကို လက်သီးဖြင့် ရှစ်ကြိမ်ရှစ်ခါ ထိုးနှက်ပါသည်။

ယခု မင်းကြီး ငရဲပြည်သို့ ရောက်လျှင် ကျွန်တော်မျိုးကို ထိုးနှက်သကဲ့သို့

ငရဲသားတို့၏ ဦးခေါင်းငယ်ထိပ်ကို ထိုးနှက်ပါလိမ့်မည်။

ထိုအခါ ငရဲသားတို့က ဤသူသည် ငါတို့ကို ညှဉ်းဆဲ နှိပ်စက်လှသည်ဟု ညည်းညူ၍

မင်းကြီးကို ခေါ်ကာ လူ့ပြည်ကို ပြန်ပို့ပါလျှင်

ကျွန်တော်မျိုးသည် အထိုးအနှက် ခံရပြန်တော့မည်။

ထို့ကြောင့် ကျွန်တော်မျိုး ငိုပါ၏ ဟူ၍ လျှောက်ထားကာ

ဒုတိယဂါထာကို ရွတ်ဆိုလေသည်။

(ဂါထာ)

န မေ ပိယော အာသိ အကဏှနေတ္တော၊

ဘာယာမိ ပစ္စာဂမနာယ တဿ။

ဣေတာ ဂေတာ ဟႎေသယ် မစၥဳရာဇံ၊

သော ဟိံသိတော အာနေယျ ပုန ဣဓ။

(မြန်မာ)

မှန်ပါ့ဘုရား၊ အိုမင်းမြတ်

ကျွန်တော်မျိုးသည် စဉ်မပြတ်

ပိင်္ဂလကို တွေးမိက

ထိတ်လန့်ကြောက်ရွံ့ ကြက်သီးထ။

ထိုမင်းရောက်သွား ငရဲမှာ

အခါတိုင်းလို မညှာတာ

ငရဲမင်းကို အနိုင်ကျင့်

ငရဲမင်းကြီး ကြောက်သဖြင့်

လူ့ပြည်ရပ်သို့ ပြန်ပို့မည်

စိုးရိမ်မိ၍ ငိုပါသည်။

ထိုအခါ မင်းကြီးက

အို … တံခါးစောင့်၊ ပိင်္ဂလမင်းကို လှည်းအစီးတထောင်တိုက် ထင်းတို့ဖြင့် မီးရှို့ပစ်လိုက်ပါပြီ။

မီးကို ရေအိုးတရာဖြင့် ငြိမ်းသတ်ပြီးပါပြီ။

သင်္ချိုင်းမြေကိုလည်း တူးဆွ လှန်လှောလိုက်ပါပြီ။

အသင် မစိုးရိမ်ပါနှင့်။

ပိင်္ဂလမင်း မလာတော့ပါ။

ထုံးစံအတိုင်းဆိုလျှင်လည်း သေသောသူသည် ပြန်လာရိုးမရှိဟု ပြောကာ

ဤဂါထာကို ရွတ်ဆိုလေသည်။

(ဂါထာ)

ဒဍ္ဎော ၀ါဟသဟေဿဟိ၊

သိတ္တော ဃဋသတေဟိ သော။

ပရိက္ခတာ စ သာ ဘူမိ၊

မာ ဘာယိ နာဂမိဿတိ။

(မြန်မာ)

မစိုးရိမ်နှင့် မောင်ယောက်ျား

ပိင်္ဂလမင်း သေကောင်အား

လှည်းတထောင်တိုက် ထင်းတို့နှင့်

မီးသင်္ဂြိုဟ်ပြီး ဖြစ်သဖြင့်

မြှုပ်နှံရာကို ပေါက်တူးနှင့်

တူးဆွသုတ်သင် ပြီးသဖြင့်

မကြောက်ပါနှင့် တံခါးမှူး

ပိင်္ဂလမင်း မျက်စိပြူး

မလာတော့ဘူး လာတော့ဘူး။

ထိုအခါမှ စ၍ တံခါစောင့်သည်

သက်သာရာ ရသွားလေတော့သည်။

ဘုရားလောင်းသည်လည်း တရားသဖြင့် အုပ်ချုပ်မင်းလုပ်ကာ

ကံအားလျော်စွာ ကောင်းရာသုဂတိသို့ လားလေသတည်း။

မင်းသုဝဏ်

+++++

မဟာပိင်္ဂလဇာတ်၊ ၂၄၀

ဖေဖော်ဝါရီလ၊ ၁၉၉၃ ခုနှစ်၊ ရတနာမွန်မဂ္ဂဇင်း။

Leave a Reply