“အရှင်ဒေဝဒတ်”၊ “စိတ်၏ကိစ္စများ”နှင့် “ချမ်းသာရရန် မျိုးစေ့မှန်”

ကျောင်းသန့်ရှင်းရေးအတွက် စုပေါင်း လုပ်အားပေးကြရန် နှိုးဆော်ထားချက်ကြောင့် ဓမ္မသင်တန်းသူ သင်တန်းသားများသည် ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ စောစီးစွာ ရောက်ရှိကြပြီး ဘုရားခန်းနှင့် လောကချမ်းသာဆရာတော်၏ အခန်းတို့ကို သန့်ရှင်းရေး ဆောင်ရွက်ကြ၏။

မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာ ၅-မိနစ်တရားတော်ကို အရှင်ဇာဂရ (ကံထွန်းသစ်)က ဟောကြားပြီး၊ မွန်းလွဲ ၃ နာရီအထိ တရားရှုမှတ်ကြ၏။

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် (၁၇)လာ အရှင်ဒေဝဒတ်ဝတ္ထုဇာတ်ကြောင်းကို ရှင်းလင်း ဟောကြား၏။

ရှင်ဒေဝဒတ် ဝတ္ထုငါးမျိုးကို တောင်းဆိုခြင်း

ရှင်ဒေဝဒတ်သည် တနေ့တခြား လာဘ်လာဘ လျော့ပါးလာရကား အံ့ဖွယ်မှု ပြုလုပ်ကာ အသက်မွေးလိုသည့်အတွက် မြတ်စွာဘုရားထံသို့ သွားရောက်ပြီးလျှင် –

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား … အကျွန်ုပ် တောင်းပန်ပါ၏။
(၁) ရဟန်းအားလုံး အသက်ထက်ဆုံး တောကျောင်းနေကြပါစေ။ ရွာနီးကျောင်းသို့ သက်ရောက်နေထိုင်သော ရဟန်းအား အပြစ်ရောက်ပါစေ။
(၂) ရဟန်းအားလုံး အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=ဆွမ်းခံ၍ချည်း စားကြပါစေ)။ ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသောဆွမ်းကို စားဖို့ရန် လက်ခံသော ရဟန်းအား အပြစ်ရောက်ပါစေ။
(၃) ရဟန်းအားလုံး အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံကြပါစေ)။ လူဒါယကာတို့ လှူသောသင်္ကန်းကို လက်ခံသာယာသော ရဟန်းအား အပြစ်ရောက်ပါစေ။
(၄) ရဟန်းအားလုံး အသက်ထက်ဆုံး ရုက္ခမူဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=သစ်ပင်ရင်း၌သာ နေကြပါစေ)။ အမိုးရှိသောကျောင်းသို့ ချဉ်းကပ်သော ရဟန်းအား အပြစ်ရောက်ပါစေ။
(၅) ရဟန်းအားလုံး အသက်ထက်ဆုံး ငါး, အမဲကို မစားကြပါစေလင့် (=သက်သတ်လွတ်သာ စားကြပါစေ)။ ငါး, အမဲကို စားသော ရဟန်းအား အပြစ်ရောက်ပါစေ။” ဟု ဤအချက်ကြီး ၅-ချက်တို့ကို လျှောက်ထား တောင်းဆိုလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် “မသင့်လျော်ဘူး ဒေဝဒတ် –
(၁) အလိုရှိသော ရဟန်းသည် တောကျောင်းနေ ဖြစ်ပစေ။ အလိုရှိသော ရဟန်းသည် ရွာနီးကျောင်း၌ နေပစေ။
(၂) အလိုရှိသော ရဟန်းသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ဖြစ်ပစေ (=ဆွမ်းခံ၍ စားပစေ)။ အလိုရှိသော ရဟန်းသည် ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသောဆွမ်းကို လက်ခံသာယာပစေ။
(၃) အလိုရှိသော ရဟန်းသည် ပံသုကူဓုတင်ဆောင် ဖြစ်ပစေ (=ပံသုကူသင်္ကန်းကို ဝတ်ရုံပစေ)။ အလိုရှိသော ရဟန်းသည် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို လက်ခံသာယာဝတ်ရုံပစေ။
(၄) ဒေဝဒတ် … ငါဘုရားသည် ရှစ်လတို့ပတ်လုံး သစ်ပင်ရင်း အိပ်ရာ နေရာကို ခွင့်ပြုအပ်ပြီး ဖြစ်လေသည်။
(၅) (မြင်ခြင်း၊ ကြားခြင်း၊ ရွံရှာယုံမှားခြင်း) = ဤအစွန်းသုံးပါးမှ ကင်းလွတ် စင်ကြယ်သည့် မမြင်အပ် မကြားအပ် မရွံရှာ မယုံမှားအပ်သည့် ငါး, အမဲကို (စားသုံးဖို့ရန်) ငါဘုရား ခွင့်ပြုအပ်ပြီး ဖြစ်လေသည်”ဟု မိန့်တော်မူ၏။

(ဤ၌ အထူးမှတ်ရန်မှာ – အချက်ကြီး ၅-ချက်ကို ဒေဝဒတ်က တောင်းဆိုလျှင်ပင် “ဤဒေဝဒတ်သည် သံဃာသင်းခွဲလို၍ တောင်းဆိုသည်”ဟု မြတ်စွာဘုရားရှင် သိတော်မူ၏။
ထိုအချက်ကြီး ၅-ချက်ကို ခွင့်ပြုလိုက်လျှင် များစွာသော အမျိုးကောင်းသားတို့အဖို့ရာ မဂ်ဖိုလ်အန္တရာယ် ဖြစ်လေရာသောကြောင့် “မသင့်လျော်ဘူး ဒေဝဒတ် …”ဟု ပယ်မြစ်တော်မူ၍ -“(၁) အလိုရှိသော ရဟန်းသည် တောကျောင်းနေ ဖြစ်ပစေ” စသည်ကို မိန့်တော်မူလေသည်။

ဤအရာ၌ မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိရှိပြီးလျှင် အမျိုးကောင်းသားသည် မိမိနှင့် သင့်လျော် လျောက်ပတ်သည်ကို သိရာ၏။
ဤ၌ ဘုရားရှင်အလိုတော်ကား ဤဆိုလတ္တံ့သောအတိုင်း ဖြစ်သည်။

(က) ကာယ, ညာဏ ဗလနှစ်ပါး လွန်ကြီးမား၍ တောကျောင်း၌ နေလျက် ရဟန်းတရား ပွားများအားထုတ်က မဂ်ဖိုလ်ရောက်မည့် ရဟန်းတစ်ပါး၊
(ခ) ကာယဗလ နည်းပါး၍ တောကျောင်း၌ မနေနိုင်ဘဲ ရွာကျောင်း၌ နေကာ ရဟန်းတရား ပွားများအားထုတ်မှ မဂ်ဖိုလ်ရောက်မည့် ရဟန်းတစ်ပါး၊
(ဂ) ကာယဗလ ကြီးမား၊ ခန္တီတရားနှင့် ပြည့်စုံ၍ တောကျောင်း၌ နေလျက်လည်းကောင်း၊ ရွာကျောင်း၌ နေလျက်လည်းကောင်း ရဟန်းတရား ပွားများအားထုတ်က မဂ်ဖိုလ်ရောက်မည့် ရဟန်းတစ်ပါး၊
(ဃ) တောကျောင်း ရွာကျောင်း နှစ်မျိုးလုံး၌ပင် နေလျက် ရဟန်းတရား အားထုတ်သော်လည်း ထိုဘဝ မဂ်ဖိုလ်ကို မရမည့် (=ပဒပရမ) ရဟန်းတစ်ပါး … ဤသို့ ရဟန်းလေးမျိုး ရှိသည်။

ထိုလေးမျိုးတို့တွင် –
(က)အမှတ်ပြ ရဟန်းကို မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ဤတောကျောင်းသည် ထိုရဟန်းအဖို့ သင့်လျော် လျောက်ပတ်သောကျောင်း ဖြစ်သည့်ပြင် ထိုရဟန်း တောကျောင်း၌ နေခြင်းဖြင့် ထိုရဟန်း၏ တပည့်များလည်း အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အား ထက်သန်ကြပေလိမ့်မည်။

(ခ)အမှတ်ပြ ရဟန်းကို မြတ်စွာဘုရားရှင်က ရွာကျောင်း၌ပင် နေစေလိုတော်မူသည်။

(ဂ)အမှတ်ပြ ရဟန်းကိုကား မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ဤတောကျောင်းသည် ထိုရဟန်းအဖို့ သင့်လျော် လျောက်ပတ်သောကျောင်း ဖြစ်သည့်ပြင် ထိုရဟန်း၏ တပည့်များလည်း အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အား ထင်သန်ကြပေလိမ့်မည်။

(ဃ)အမှတ်ပြ (ပဒပရမ)ရဟန်းကိုလည်း မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ထို (ပဒပရမ)ရဟန်း၏ တောကျောင်းနေကာ ဓုတင်ကို မှီဝဲခြင်း၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းများသည် နောက်နောက်ဘဝ၌ မဂ်ဖိုလ်ရရန် ဥပနိဿယည်း ပစ္စည်းဖြစ်နိုင်သည့်ပြင် ထိုရဟန်း၏ တပည့်များလည်း ဆရာ့အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အား ထက်သန်ကြပေလိမ့်မည်။

ဤသို့လျှင် (ခ)အမှတ်ပြ ကာယဗလနည်းပါး၍ တောကျောင်း၌ မနေနိုင်ဘဲ ရွာကျောင်း၌နေကာ ရဟန်းတရား ပွားများအားထုတ်မှ မဂ်ဖိုလ်ရောက်မည့် ရဟန်းကို ရည်ညွှန်းတော်မူ၍ မြတ်စွာဘုရားသည် “အလိုရှိသော ရဟန်းသည် ရွာနီးကျောင်း၌ နေပစေ” ဟူ၍ မိန့်တော်မူသည်။ ဤရဟန်းကပင် အခြားရဟန်းတို့အားလည်း ရွာကျောင်းနေရန် တံခါးပေါက် ဖွင့်ပေးသကဲ့သို့ ရှိလေသည်။

အကယ်၍ မြတ်စွာဘုရားရှင်က ဒေဝဒတ်၏ တောင်းဆိုချက်ကို လက်ခံတော်မူလိုက်ခဲ့သော် –
(၁) ကာယဗလနည်းပါးသည့် ဖော်ပြရာပါ (ခ)အမှတ်ပြရဟန်း၊
(၂) ငယ်စဉ်အခါ တောကျောင်းနေ၍ အိုမင်းသောအခါ၌ဖြစ်စေ, သလိပ် သည်းခြေ လေ ဒေါသတို့ ဖောက်ပြန်၍ ဓာတ်ချောက်ချားသောအခါ၌ဖြစ်စေ တောကျောင်း၌ (လုံးဝ) နေ၍ မဖြစ်နိုင်တော့ဘဲ ရွာနီးကျောင်း၌ နေထိုင်ကာ ရဟန်းတရားအားထုတ်မှ မဂ်ဖိုလ်ရောက်မည့်ရဟန်း – ဤရဟန်းနှစ်မျိုးတို့အတွက် အရိယမဂ်ကို ဖြတ်တောက်ပစ်လိုက်သကဲ့သို့ ဖြစ်လေရာ၏။
ထိုရဟန်းတို့အဖို့ရာ အရဟတ္တဖိုလ်ကို မရနိုင်တော့လေရာ။
ဤသို့ စသော အကြောင်းများကြောင့် ဒေဝဒတ်၏ တောင်းဆိုချက်ကို လက်ခံတော်မမူခြင်း ဖြစ်သည်။)

(မင်းကွန်းဆရာတော်ဘုရားကြီး၏ ‘မဟာဗုဒ္ဓဝင် – စတုတ္ထတွဲ’ မှ)

+++++

ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း – ကိစ္စသင်္ဂဟကို သင်ပြ ပို့ချပေး၏။


+++++

ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာဇောတက ခုဒ္ဒကနိကာယ်၊ ထေရပဒါန်ပါဠိတော်၊ ဂန္ဓောဒကဝဂ်၊ ဓမ္မသဝနိယတ္ထေရအပဒါန်ကို “ချမ်းသာရရန် မျိုးစေ့မှန်” အမည်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

ဓမ္မသဝနိယတ္ထေရအပဒါန်

၁၁၁။ ခပ်သိမ်းသော တရားတို့ကို တဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို ဖော်ပြတော်မူလျက် လူများအပေါင်းကို ကယ်တင်တော်မူ၏။

၁၁၂။ ထိုအခါ၌ ငါသည် ထက်မြက်သော အကျင့်ရှိသော ဆံကျစ်ရသေ့ဖြစ်လျက် ရှိ၏။ ထိုအခါ လျှော်တေသင်္ကန်းတို့ကို ခါလျက် ကောင်းကင်၌ သွားနေ၏။

၁၁၃။ ငါသည် ဘုရားမြတ်၏ အထက်၌ သွားခြင်းငှါ မဝံ့ပေ။ ငှက်တို့သည် ကျောက်တောင်သို့ ရောက်လျှင် သွားခြင်းကို မရသကဲ့သို့ ထို့အတူ ငါသည် သွားခြင်းကို မရပေ။

၁၁၄။ ဣရိယာပုတ်၏ ဤသို့ ပျက်စီးခြင်းသည် ငါ့အား ရှေး၌ မဖြစ်ဖူးပေ။ ရေ၌ ပေါ်၍ သွားသကဲ့သို့ ထို့အတူ ကောင်းကင်၌ ပေါ်၍ သွား၏။

၁၁၅။ မြတ်သောလူပုဂ္ဂိုလ်သည် ငါတို့၏ အောက်၌ (မုချ)ရှိသည် ဖြစ်လတ္တံ့။ ယခု ငါသည် ထိုပုဂ္ဂိုလ်မြတ်ကို ရှာမှီးတော့အံ့။ ငါသည် အကျိုးထူးကို ရသော်လည်း ရတန်ရာ၏။

၁၁၆။ ကောင်းကင်မှ သက်ဆင်းသည်ရှိသော် မမြဲသောတရားကို ဟောကြားလျက်ရှိသော မြတ်စွာဘုရား၏ အသံတော်ကို ကြားနာရ၏။ ထိုအခါ၌ ငါသည် ထိုတရားတော်ကို သင်ယူခဲ့၏။

၁၁၇။ ငါသည် မမြဲသောအမှတ် ‘အနိစ္စသညာ’ကို သင်ယူပြီးလျှင် ငါ၏သင်္ခမ်းကျောင်းသို့ သွားခဲ့၏။ ငါသည် အသက်ထက်ဆုံး နေပြီး၍ ထိုသင်္ခမ်းကျောင်း၌ ကွယ်လွန်ခဲ့၏။

၁၁၈။ စုတိစိတ်ဖြစ်ခါနီးသောအခါ ထိုတရားနာခြင်းကို အမှတ်ရပေ၏။ ကောင်းစွာ ပြုအပ်ခဲ့သော ထိုကံကြောင့် ငါသည် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။

၁၁၉။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့၏။ ငါးဆယ့်တစ်ကြိမ် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏။

၁၂၀။ ငါသည်လည်း စကြဝတေးမင်း ခုနစ်ဆယ့်တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။ ပြန့်ပြော များပြားသော ပဒေသရာဇ်မင်းးအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၂၁။ ပွားများအပ်ပြီးသော ဣနြေ္ဒရှိသော ရဟန်းသည် အဖအိမ်၌ နေ၍ ဂါထာဖြင့် ဖော်ပြလျက် အမြဲမရှိသောအဖြစ်ကို ဟောတော်မူ၏။

၁၂၂။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရစဉ် ထိုမမြဲသော အမှတ်ကိုသာလျှင် အောက်မေ့၏။ အဆုံးဘဝ၌ကား စုတေခြင်း မရှိသော အရိယာတို့သည် ရောက်အပ်သော နိဗ္ဗာန်ဟူသော အထွတ်အထိပ်ကို ထိုးထွင်း၍ မသိ။

၁၂၃။ သင်္ခါရတရားတို့သည် စင်စစ် အမြဲ မရှိကုန်။ ဖြစ်ခြင်း ပျက်ခြင်း သဘော ရှိကုန်၏။ ဖြစ်ပြီး၍ ချုပ်ကုန်၏။ ထိုသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ချမ်းသာ၏။

၁၂၄။ ဂါထာကို ကြားနာရသည်နှင့်တပြိုင်နက် ရှေးပြုခဲ့သော ကံကို အမှတ်ရခဲ့၏။ တထိုင်တည်းဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၁၂၅။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာရှိလျက် အရဟတ္တဖိုလ်သို့ ရောက်၏။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် (ငါ့)ဂုဏ်ကို သိတော်မူ၍ ရဟန်းပြုပေးတော်မူ၏။

၁၂၆။ ငါသည် သူငယ်ဖြစ်ပါလျက် ပြုဖွယ်ကိစ္စကို ပြီးဆုံးစေခဲ့၏။ ငါ့အား ယနေ့ မြတ်စွာဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အဘယ်မှာရှိတော့အံ့နည်း။

၁၂၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကောင်းမှုပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သူတော်ကောင်းတရားကို ကြားနာရခြင်း၏ အကျိုးပေတည်း။

၁၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓမ္မသဝနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

(ထေရာပဒါန်ပါဠိတော် မြန်မာပြန် ပဌမတွဲ မှ)

+++

တရားပွဲပြီးသော် တစ်နေ့တာ၏ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

Leave a Reply