စိတ်အစဉ်အတန်း (၅) – အန္တရာယ်ငါးပါး၊ ဘုံစိတ်ရ

လူတွေအနေနဲ့က တစ်ခု သတိထားဖို့ ရှိတယ်။
အဲဒါလည်း ပြောချင်တယ်။
လူဆိုတာ ဝိနည်းကို တကယ် နားလည်တာ မဟုတ်ဘူး။ ကြားဖူးနားဝသာ ရှိတယ်။

ဆိုပါတော့ …. ဘုန်းကြီးတစ်ပါး ညစာစားနေတာကို ကိုယ်က မြင်တယ်၊ ပွဲကြည့်နေတာ မြင်တယ်၊ ဒီတော့ ပါးစပ်က လွှတ်ကနဲ ပြောမိတတ်တယ်။
‘ညစာ စားနေတာပါကွာ၊ ဘယ် .. ဘုန်းကြီးဟုတ်တော့မလဲ’
‘ပွဲကြည့်နေတယ်ကွာ၊ ဘယ် .. ဘုန်းကြီးဟုတ်တော့မလဲ’

အဲဒီလို မပြောမိကြစေနဲ့။

ပွဲကြည့်ပေမယ်လို့ သူကတော့၊ ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ ဘုန်းကြီးကောင်း မဟုတ်ဘူးပေါ့လေ .. ဟုတ်လား။
ညစာစားနေရင်လည်း ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ အရက်သောက်ဦးတော့ ဘုန်းကြီးက ဘုန်းကြီးတော့ ဘုန်းကြီးပဲ။
‘ဘုန်းကြီး မဟုတ်ဘူး’လို့ သွားပြီး မပြောမိစေနဲ့။ မကောင်းတဲ့ ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့လေ။

သို့သော် ဘုန်းကြီး မဟုတ်ဘူးဆိုတာက ဘာကျမှလည်းဆိုတော့ ပါရာဇိကကျမှ ဘုန်းကြီး မဟုတ်တာ။
မေထုန်မှီဝဲတယ်၊ သူများဥစ္စာခိုးတယ်၊ လူသတ်တယ်၊ ကိုယ့်မှာ ဈာန်, မဂ်, ဖိုလ် မရှိဘဲနဲ့ ဈာန်, မဂ်, ဖိုလ်ရှိတယ်လို့ လိမ်ပြောတယ်။ အဲဒီလိုဖြစ်မှ ပါရာဇိက ကျတယ်။
အဲဒီလို ပါရာဇိကကျမှသာ သူဟာ ရဟန်းမဟုတ်တော့တာ။
တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် သူက ရဟန်းတော့ ရဟန်းပဲ။
အဲဒီအပြစ်တွေကို ကုစားရင် ရသေးတယ်။ ဒေသနာကြားတယ် သို့မဟုတ် ဒဏ်ထမ်းတယ်ပဲ ပြောကြပါစို့၊ အဲဒီလို နေသွားရင် ကုစားရင် ရသေးတယ်။
အဲဒါကြောင့်မို့ ရဟန်းမဟုတ်ဘူး၊ ဒီလိုလုပ်နေရင်တော့ ရဟန်းမဟုတ်တော့ဘူး ဆိုပြီး လွှတ်ခနဲ လွှတ်ခနဲ ပြောမိတတ်တယ်။
အဲဒါ သိပ်အပြစ်ကြီးတာ။

ရဟန်းဟုတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရဟန်းမဟုတ်ဘူးလို့ ပြောမိတာဟာ ဒီဟာနီးပါး အပြစ်ကြီးတယ်နော်။
ဟိုပုဂ္ဂိုလ်က အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။
အရိယာမဟုတ်လည်း အဲဒီအပြစ်ဟာ ကြီးတယ်။
ဒါကြောင့်မို့ ဒါတော့ သတိထားကြ။
“ဘုန်းကြီးက မကောင်းတဲ့ ဘုန်းကြီးပဲ”၊ ဒါကတော့ နည်းနည်းပါးပါး ပြောရင် ဖြစ်သေးတယ်။
ဒါကလည်း မပြောရင် အကောင်းဆုံးပဲ။ အအေးဆုံးပဲ။

တစ်နေရာမှာ ကြားဖူးတာ … ဘုန်းကြီးက လိမ်ပြောတယ်တဲ့။
တကယ်လိမ်သလား ဘာလားတော့ မသိဘူး။
သူကတော့ ဘုန်းကြီးလိမ်ပြောတာ ထင်ပြီးတော့ လိမ်ပြောရင် ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီးတော့ အဲဒီဘုန်းကြီးကို သူက တိုက်ရိုက် မင်းနဲ့ ငါနဲ့ ပြန်ပြောတာတဲ့။
အဲဒါမျိုးတော့ မလုပ်ထိုက်ဘူး။
လိမ်ပြောရင်လည်းပဲ သူလိမ်ပြောလို့ ဘုန်းကြီးက ဘုန်းကြီးဆိုးပေါ့လေ။ လိမ်ပြောတဲ့အတွက်လည်း ပါစိတ်အာပတ်သင့်တယ်ပေါ့။
ပါစိတ်အာပတ်သင့်ရင်လည်း အာပတ်ဖြေလိုက်ရင် ရတာပဲ။
အဲဒီတော့ လိမ်ပြောတာကို ကိုယ်က မကြိုက်ရင် ဒီဘုန်းကြီးဟာ လိမ်ပြောတတ်တဲ့ ဘုန်းကြီးပဲ၊ ဘုန်းကြီးဆိုးပဲ ဆိုတာလောက်ကတော့ ပြောချင်ပြောပေါ့လေ။

အဲဒါဟာ လိမ်ပြောတာနဲ့ ဘုန်းကြီးမဟုတ်တော့ဘူး၊ ဘုန်းကြီးမဟုတ်တာနဲ့ သူ့ကို မင်းနဲ့ ငါနဲ့ … ဒါမျိုးကတော့ မလုပ်ထိုက်ဘူး။
အဲဒါကလည်း လူတွေအနေနဲ့ သတိထားသင့်တယ်။
ဘာပြုလို့လဲဆိုတော့ အဆိုတစ်ခု ရှိတယ်။
ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်ဆိုတဲ့ စကား ရှိတယ်။
ဘာလို့လဲဆိုတော့ လူအနေနဲ့ ကြည့်မယ်ဆိုရင် အလွန်ဆုံး ဆောက်တည်နိုင်ရင် ၁၀-ပါးသီလနော်။ ဒီထက်အောက်လိုက်ရင် ၈-ပါးသီလ၊ ဒီထက်အောက်လိုက်ရင် ၅-ပါးသီလ၊ ငါးပါးသီလတောင် အခုအခါမှာ အနိုင်နိုင် ထိန်းကြရတယ်။
ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦး၊ သူ့မှာ အများကြီးကျန်သေးတယ်ဆိုတော့ ကိုယ့်ထက်တော့ များများရှိသေးတယ်ပေါ့လေ။
အဲဒါကို သတိထားရမယ်။
ဒါကြောင့်မို့ မပြောမိအောင်သာ ဂရုစိုက်ကြ။

လူကနေ ဘုန်းကြီးကို ပြောတာပဲ ဂရုစိုက်ရမှာလားဆိုတော့ ဘုန်းကြီးအချင်းချင်းလည်း မပြောမိအောင် ဂရုစိုက်ရမှာပဲ။
ဘာပြုလို့လည်းဆိုတော့ ဒါမျိုးက ဘုန်းကြီးကပြောတော့ အပြစ်မရှိဘူးလို့။ ဒီဘုန်းကြီးက ဟိုဘုန်းကြီးကို ပြောမိမယ်၊ သို့မဟုတ် ခုနကလို ဈာန်မဂ်ဖိုလ် မရတာတို့ ပြောမိမယ်။
အကယ်၍ အထူးသဖြင့် ဟိုဘုန်းကြီးက ဈာန်မဂ်ဖိုလ်ရပြီးသား ဘုန်းကြီးဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲနော်။
အဲဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာကို အလွန်သတိထားထိုက်တယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် ဧပြီလ ၃ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း၊ ပို့ချချက်အပတ်စဉ် (၂၆) သင်ခန်းစာကို သင်ကြား ပို့ချ၏။

ရှေးဦး ပထမ နာရီတွင် လောကချမ်းသာဆရာတော်က အဘိဓမ္မာသင်ခန်းစာများ ကျေညက်စေရန် သင်ကြားပြီး သင်ခန်းစာများကို ဆိုရိုးများ ကျက်မှတ်စေ၍ ပြန်လည် ရှင်းပြ သင်ကြားပေး၏။

ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီထိ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်းသင်ခန်းစာကို သင်ယူ လေ့လာကြရသည်။

ယခုအပတ်သင်ခန်းစာတွင် နတ်ဘုံ နတ်ရွာ ကောင်းရာ ဘုံဘဝသို့ ရောက်ရှိစေကြောင်း၊ မဂ်ဖိုလ် နိဗ္ဗာန် ရရှိ ရောက်ရှိစေကြောင်းတို့အတွက် အတားအဆီးသဖွယ်ဖြစ်သော အန္တရာယ်ငါးပါးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းသွားပြီး၊ စိတ်နှင့် ဝီထိစိတ် ခွဲခြားပုံနှင့် ကာမာဝစရဘုံ, ရူပဘုံ, အရူပဘုံတို့တွင် ရနိုင်သော စိတ်များ အကြောင်းကို ရှင်းပြ သင်ကြားသွား၏။

+++++

အန္တရာယ် ငါးပါး

နတ်ပြည်သို့ မရောက်နိုင်အောင်၊ ဈာန်မရအောင်, မဂ်မရအောင်, ဖိုလ်မရအောင် တားမြစ်သော အန္တရာယ် ငါးမျိုး ရှိ၏။

လင်္ကာ

‘ကံ’ ‘ကိလေသ’၊ ‘ဝိပါက’၊ ‘ဝါဒ’ ‘တိက္ကမာ’
နတ်ရွာနိဗ္ဗာန်၊ မဂ်ဖိုလ်ဈာန်၊ ငါးတန် အန္တရာ။

‘ကံ’ = ကမ္မန္တရာယ်
‘ကိလေသ’ = ကိလေသန္တရာယ်
‘ဝိပါက’ = ဝိပါကန္တရာယ်
‘ဝါဒ’ = အရိယူပဝါဒန္တရာယ်
‘တိက္ကမာ’ = အာဏာဝီတိက္ကမန္တရာယ်

ကမ္မန္တရာယ်

ပဉ္စာနန္တရိယကံငါးပါးနှင့် ဘိက္ခူနီမ၌ ကျူးလွန်မှုဖြစ်သော အကုသိုလ်ကံတည်းဟူသော အန္တရာယ်ကို ကျူးလွန်ထားသော ပုဂ္ဂိုလ်မှာ ယခုဘဝ၌ ဈာန်, မဂ်, ဖိုလ်တို့ မရနိုင်။ သေပြီးနောက်ဘဝမှာလည်း သုဂတိမရောက်နိုင်တော့ဘဲ အပါယ်လေးပါးသို့ ဧကန် ကျရောက်၏။

ပဉ္စာနန္တရိယကံငါးပါး

(၁) အမေကို သတ်ခြင်း၊
(၂) အဖေကို သတ်ခြင်း၊
(၃) ရဟန္တာကို သတ်ခြင်း၊
(၄) မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်း၊
(၅) သံဃာသင်းခွဲခြင်း။

အမေ, အဖေကို သတ်ရာ၌ အမေမှန်း, အဖေမှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သတ်မိ၍ သေလျှင် ဤကံထိုက်တော့၏။ တခြားသူတစ်ဦးအမှတ်ဖြင့် သတ်လိုက်ပြီး အမေ သို့မဟုတ် အဖေဖြစ်နေက ဤကံကြီးထိုက်၏။ အလွန် ကြောက်စရာ ကောင်း၏။

ရဟန္တာကို သတ်ကလည်း ဤကံကြီးထိုက်၏။

ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးဖြစ်ရာ ဘုရားရှင်ကို သွေးစိမ်းတည်အောင် မပြုနိုင်တော့သော်လည်း ဘုရားရုပ်ပွား စေတီတော်များကို ဖျက်လို ဖျက်ဆီး ပြုလုပ်က ဤကံနီးပါး အလွန်ပင် အပြစ်ကြီးကြောင်း မှတ်သားရ၏။

သံဃာသင်းခွဲသည် ဆိုရာ၌ သိမ်တစ်ခုအတွင်း တစ်ပြိုင်နက်သော ခဏမှာ သံဃာ ၂-စုခွဲပြီး ကံပြုအောင် ပြုလုပ်မှ သံဃာသင်းခွဲသောကံ ထိုက်၏။ ထို့ကြောင့် ရဟန်းများမှာသာ ဤကံ ထိုက်နိုင်၏။ လူများ၊ သာမဏေများမှာ ဤကံ မထိုက်နိုင်။
သာမန် သံဃာအချင်းချင်း ကွဲသွားအောင် ပြုလုပ်ရုံဖြင့် သံဃဘေဒကံ မထိုက်သော်လည်း အပြစ်ကြီးမား၏။

အဇာတသတ်သည် သူ့အဖေကို သတ်သူဖြစ်ရာ ပိတုဃာတကကံထိုက်ပြီး အပါယ်ငရဲသို့ ကျရောက်ရ၏။
ဒေဝဒတ်သည်လည်း မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုသော ကံကြီး၊ သံဃာသင်းခွဲသော ကံကြီးများ ထိုက်သဖြင့် အပါယ်ငရဲသို့ ကျရောက်ရ၏။

ဘိက္ခူနီမ၌ ကျူးလွန်ပြုကျင့်မိကလည်း ဤကမ္မန္တရာယ်ကြီး ထိုက်၏။ ထူးခြားချက်တစ်ခုမှာ ဤဘဝ၌ ဈာန်, မဂ်, ဖိုလ် မရနိုင်တော့သော်လည်း နောင်တတရားရပြီး ကောင်းစွာ ကျင့်ကြံနေထိုင်သွားက သုဂတိဘဝ ရနိုင်သေးကြောင်း သိရ၏။
ဘုရားရှင်လက်ထက်တွင် တန်ခိုးအရာ၌ ဧတဒဂ်ရသော ရှင်ဥပ္ပလဝဏ်ကို မုဒိန်းပြုကျင့်သူ နန္ဒလုလင်မှာ မြေမျိုခံရကာ အပါယ်ငရဲသို့ ကျရောက်ရ၏။

ကိလေသန္တရာယ်

အယူအဆ ခိုင်ခိုင်မြဲမြဲ စွဲစွဲလန်းလန်း ယူထားသော နိယတမိစ္ဆာဒိဋ္ဌိကို ကိလေသန္တရာယ်ဟု ခေါ်၏။
အကျိုးမရှိဘူးဟု ခိုင်ခိုင်မြဲမြဲ ယူဆသော နတ္ထိကဒိဋ္ဌိ၊ ကံမရှိဘူးဟု ခိုင်ခိုင်မြဲမြဲ ယူဆသော အကိရိယဒိဋ္ဌိ၊ အကြောင်းမရှိဘူးဟု ခိုင်ခိုင်မြဲမြဲ ယူဆသော အဟေတုကဒိဋ္ဌိ ဟူသည့် မိစ္ဆာဒိဋ္ဌိ ၃-ခုကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်၏။

ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူများမှာလည်း ဤဘဝ၌ ဈာန်, မဂ်, ဖိုလ် မရနိုင်၊ နောင်တမလွန် သုဂတိဘဝ မရနိုင်။

ဝိပါကန္တရာယ်

ဝိပါက = ဝိပါက်ကြောင့် ဖြစ်သော အန္တရာယ်
အဟိတ်ပဋိသန္ဓေနေပုဂ္ဂိုလ်၊ ဒွိဟိတ်ပဋိသန္ဓေနေပုဂ္ဂိုလ်များမှာ နောက်ဘဝက ပြုလုပ်ခဲ့သော မကောင်းမှုများ၏ အကျိုးပေးဖြစ်သော ဝိပါကန္တရာယ်ကြောင့် ဈာန်, မဂ်, ဖိုလ် မရနိုင်။

သို့သော် ယခုဘဝ၌ ကောင်းမွန်စွာ နေထိုင် ကျင့်ကြံသွားပါက သုဂတိဘုံသို့ ရောက်နိုင်၏။ တိရစ္ဆာန်ပင် လူ့ဘဝ ပြန်ရနိုင်၏။

အရိယူပဝါဒန္တရာယ်

အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကို စွပ်စွဲ ကဲ့ရဲ့ခြင်း ပြုမိပါက အရိယူပဝါဒန္တရာယ်ထိုက်၏။ စိတ်ဖြင့် ပြစ်မှားမိလျှင်ပင် အန္တရာယ်ဖြစ်နိုင်သဖြင့် အလွန် ဂရုစိုက် သတိထားသင့်၏။

ရှေးက ရဟန်း ၂-ပါး ရွာထဲသို့ ဆွမ်းခံဝင်ကြရာ အသက်ကြီးသော ရဟန္တာမထေရ်ကြီးမှာ လေနာရောဂါရှိသဖြင့် ဆွမ်းခံရရှိသော ယာဂုပူပူကို မအေးခင် ချက်ချင်း ဘုဉ်းပေးသုံးဆောင်ရာ၊ အသက်ငယ်သူ သောတာပန်ရဟန်းက ကဲ့ရဲ့ အပြစ်စကား ဆိုမိ၏။

ညနေ၌ မထေရ်ကြီးသည် ရဟန်းငယ်ထံသို့ ကြွရောက်၍ “ငါ့ရှင် … ရဟန်းကိစ္စပြီးအောင် ကြိုးစား ပွားများအားထုတ်ပြီးပါပြီလား” ဟု မေးရာ၊ “တပည့်တော် … သောတာပန်မျှသာ ရှိပါသေးသည် ဘုရား” ဆိုလျှင် “သို့ဆိုလျှင် … တရားဆက်ပြီး အားထုတ်မည်ဆိုက ငါ့ရှင်အတွက် အချည်းနှီးဖြစ်ချေပြီ” ဟု ရဟန်းငယ်၏ အကျိုးကိုလိုလား သတိပေးစကား ဆိုလေသည်။

ရဟန်းငယ်လည်း ရဟန္တာမထေရ်ကြီးကို ပြစ်မှားမိမှန်းသိသဖြင့် ဝန်ချ တောင်းပန်လေသည်။

အရိယူပဝါဒန္တရာယ်မှာ ပြစ်မှားမိသော ပုဂ္ဂိုလ်ထံ ကိုယ်တိုင် ဝန်ချတောင်းပန်ခြင်း၊ ကိုယ်တိုင်သွားရောက်ရန် မဖြစ်နိုင်က လူလွှတ်တောင်းပန်ခြင်း၊ ထိုပုဂ္ဂိုလ်ကို ရှာမရတော့က တခြားပုဂ္ဂိုလ်များရှေ့, ဆရာသမားများရှေ့တွင် “ …. ဤကဲ့သို့ … ဤကဲ့သို့ … တပည့်တော်သည် အဘယ်ပုဂ္ဂိုလ်ကို ပြစ်မှားမိထားပါသည်။ ဤအပြစ်အတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ညွှန်ကြား ဆုံးမတော်မူပါ” ဟု ဆိုရ၏။ ထိုတခြားပုဂ္ဂိုလ်များ, ဆရာသမားများက “သို့ဆိုလျှင် ထိုပုဂ္ဂိုလ်အား ဒီကနေ တောင်းပန်ပါ။ ဟိုက ပုဂ္ဂိုလ်ကလည်း ခွင့်လွှတ်ပါလိမ့်မယ်” စသည် … ဆိုဆုံးမ ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ထိုပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံသွားပြီဆိုလျှင် စံရာ နေရာဒေသသို့ သွားရောက်၍ တောင်းပန်ခြင်းများဖြင့် ကျေအေးနိုင်ပါသည်။

အရိယာမဟုတ်သည်တိုင်အောင် ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင်သူ ပုဂ္ဂိုလ်မျှကိုပင် ကဲ့ရဲ့ အပြစ်စကားဆိုခြင်းသည် အရိယူပဝါဒကံနီးပါး အပြစ်ကြီးသည်ဟု ဆို၏။

အာဏာဝီတိက္ကမန္တရာယ်

လွန်ကျူးလိုသော စိတ်စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်၊ ဘုရားရှင်၏ အာဏာကို လွန်ဆန်သော, ဘုရားရှင်အား မရိုသေရာရောက်သောကြောင့် ဖြစ်သော အန္တရာယ်ဖြစ်၏။
လူပုဂ္ဂိုလ်များနှင့် မဆိုင်ဘဲ ဘုန်းကြီးများနှင့်သာ သက်ဆိုင်၏။
သင့်ရောက်သော အာပတ်ကို မဖြေဘဲ မကုစားဘဲ တရားအားထုတ်က တရားထူး မရနိုင်။ နတ်ရွာနိဗ္ဗာန် ဈာန် မဂ် ဖိုလ် မရနိုင်။
ထို့ကြောင့် ဘုန်းကြီးများမှာ မကြာခဏ အာပတ်ဖြေကြရ၏။
အပြစ်အလိုက် ဖြေနည်းအမျိုးမျိုးဖြင့် အာပတ်ဖြေကြရ၏။

+++++

ဘုံစိတ်ရ

၃၁ ဘုံကို အသေးစိတ် မသင်ရသေးသောကြောင့် ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံများတွင် ရနိုင်သော စိတ်များကိုသာ အကြမ်းဖျင်း လေ့လာကြရ၏။

စိတ်နှင့် ဝီထိစိတ်

သင်္ဂြိုဟ်ကျမ်းတွင် ‘ဝီထိစိတ်’ဟူ၍ သုံးနှုန်းလေ့ရှိရာ ‘စိတ်’နှင့် ‘ဝီထိစိတ်’ကို ခွဲခြား နားလည်ထားသင့်၏။

‘စိတ်’ဟုဆိုလျှင် သာမန်အားဖြင့် စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါးကို ဆို၏။

‘ဝီထိစိတ်’ဟုဆိုက “ဝီထိမှ လွတ်သော ဝီထိမုတ်စိတ်များ = ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စတပ်စိတ်များ” မပါသည့် အခြားစိတ်များကို ဆိုလို၏။

ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စတပ်သည့် စိတ် ၁၉ ပါး (ဥပေက္ခာသန္တီရဏ ၂ + မဟာဝိပါက် ဂ + ရူပါဝစရဝိပါက် ၅ + အရူပါဝစရဝိပါက် ၄) အနက် ဥပေက္ခာသန္တီရဏ ၂ ပါးနှင့် မဟာဝိပါက်စိတ် ၈ ပါးတို့မှာ ‘တဒါရုံကိစ္စ’တပ်ခိုက် ဝီထိစိတ်တွင် ပါဝင်သဖြင့် ရူပါဝစရဝိပါက် ၅ ပါးနှင့် အရူပါဝစရဝိပါက် ၄ ပါး = ပေါင်း ၉ ပါးကို ကြဉ်သော် ဝီထိစိတ် ၈၀ ဖြစ်၏။

ကာမာဝစရဘုံ (အပါယ် ၄ ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ ၆) တွင် ဝီထိစိတ် ၈၀ စလုံး ဖြစ်နိုင်၏။

အသညသတ်ဘုံမှတပါး ရူပါဝစရ ၁၅-ဘုံ၌ မရနိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၁၆ ပါး)

ဒေါသမူဒွေး (ဒေါသဖြစ်လျှင် ဈာန်မရနိုင်သဖြင့် ဘုံအားဖြင့် ပယ်၏။ မဂ်ဖြင့် ပယ်ခြင်း မဟုတ်။)
ဃာနဝိညာဏ်ဒွေး (ဃာနပသာဒမရှိသဖြင့် မဖြစ်နိုင်။)
ဇိဝှါဝိညာဏ်ဒွေး (ဇိဝှါပသာဒမရှိသဖြင့် မဖြစ်နိုင်။)
ကာယဝိညာဏ်ဒွေး (ကာယပသာဒမရှိသဖြင့် မဖြစ်နိုင်။)
မဟာဝိပါက်စိတ် ၈ (ကာမာဝစရဝိပါက်စိတ် ၈) (ရူပါဝစရ, အရူပါဝစရဘုံများ၌ မဖြစ်နိုင်။)

အသညသတ်ဘုံမှတပါး ရူပါဝစရ ၁၅-ဘုံ၌ ဖြစ်နိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၆၄ ပါး)

ဒေါသမူဒွေးကြဉ် အကုသိုလ်စိတ် ၁၀ ပါး
အဟိတ်စိတ်ထဲမှ စက္ခုဝိညာဏ် ၂ ပါး၊ သောတဝိညာဏ် ၂ ပါး၊ သမ္ပဋိစ္ဆိုင်း ၂ ပါး၊ သန္တီရဏ ၃ ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ် = ပေါင်း ၁၂ ပါး
မဟာကုသိုလ် ဂ ပါး၊ မဟာကြိယာ ၈ ပါး = ပေါင်း ၁၆ ပါး
ရူပါဝစရ ကုသိုလ် ၅ + ကြိယာ ၅ = ပေါင်း ၁၀ ပါး
အရူပါဝစရ ကုသိုလ် ၄ + ကြိယာ ၄ = ပေါင်း ၈ ပါး
လောကုတ္တရာ ၈ ပါး

အသညသတ်ဘုံ၌ ရုပ်ချည်းသာ ရှိ၍ စိတ်လုံးဝ မရ။

အရူပါဝစရ ၄ ဘုံ၌ မရနိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၃၈ ပါး)

ဒေါသမူဒွေး မဖြစ်နိုင်။
နာမ်ချည်းရှိ၍ ဒွေးပဉ္စဝိညာဏ် မဖြစ်နိုင်။ ပဉ္စဒွါရမှာသာ ဖြစ်နိုင်သော သမ္ပဋိစ္ဆိုင်း ၂၊ သန္တီရဏ ၃၊ ပဉ္စဒွါရာဝဇ္ဇန်း ၁ တို့ မဖြစ်နိုင်။ ကာယခန္ဓာကိုယ် မရှိ၍ မပြုံးနိုင်သောကြောင့် ဟသိတုပ္ပါဒ် မဖြစ်နိုင်။
မဟာဝိပါက် ၈ ပါးမှာလည်း ကာမာဝစရဘုံမှာသာ ဖြစ်၍ မဖြစ်နိုင်။
ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅ မဖြစ်နိုင်။
သောတာပတ္တိမဂ်စိတ် ၁ မဖြစ်နိုင်။

အရူပါဝစရဘုံ၌ ဖြစ်နိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၄၂ ပါး)

အကုသိုလ်စိတ်မှ လောဘမူ ဂ + မောဟမူ ၂ = ၁၀
အဟိတ်စိတ်ထဲမှ မနောဒွါရာဝဇ္ဇန်း ၁
မဟာကုသိုလ် ဂ + မဟာကြိယာ ၈ = ၁၆
အရူပါဝစရကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ = ၈
သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ် ၇

အထူးမှတ်ဖွယ်ကား အထက်အထက် အရူပါဝစရဘုံ၌ အောက် အောက် အရူပါဝစရစိတ်များ မရ။

+++++

အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် နားကြပြီး လောကချမ်းသာ စနေနေ့တရားပွဲကို ဦးဝိမလက “ကုသိုလ်အမှု ရအောင်ပြု” တရားခေါင်းစဉ်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး၊ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

Leave a Reply