သဘာဝဘေးရန်များကို ကြိုတင်ကာကွယ်ခြင်း-အရှင်ဣန္ဒက


နာဂစ်လေမုန်တိုင်း အတွေ့အကြုံများကို သင်ခန်းစာယူပြီး လေမုန်တိုင်း သဘာဝအန္တရာယ် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ မည်မျှအရေးကြီးသည်ကို သိရှိနိုင်ပါတယ်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အနည်းငယ် တင်ပြလိုပါတယ်။ လေမုန်တိုင်း ခံနိုင်တဲ့ အဆောက်အဦများကို ဆောက်လုပ်နေထိုင်ခြင်းဟာ အရေးကြီးတဲ့ ကာကွယ်နည်းတခု ဖြစ်ပါတယ်။ နှစ်စဉ်လိုလို လေမုန်တိုင်း အတိုက်ခံနေရတဲ့ ဂျမေကာနိုင်ငံမှာ အဆောက်အဦများကို ကွန်ကရစ်မိုး ကွန်ကရစ်ကာများနဲ့ ခိုင်ခိုင်မာမာ ဆောက်ထားတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အလွန်နည်းတာကို တွေ့ရပါတယ်။ ဝါးတိုင် မဓမတိုင် ဓနိမိုးနဲ့ ဆောက်တဲ့ အဆောက်အဦများဟာ (ငလျင်ဒဏ်ခံပေမယ့်) လေဒဏ်ကိုတော့ မခံနိုင်ပါ။

သစ်တောများဟာလည်း လေမုန်တိုင်း ခံတပ်ကြီးများ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းရိုးတန်းဒေသတလျောက်ဟာ ယခင်က ကနစိုတော လမုတောများနဲ့ ဖုံးအုပ်ပြီး အလွန်သာယာစိုပြေတဲ့ အရပ်ဒေသကြီး ဖြစ်ခဲ့ပါတယ်။ နှစ်တရာအတွင်းမှာ ကနစိုပင် လမုပင်များကို ခုတ်လှဲပြီး ထင်းဆိုက်ခဲ့ကြတာကြောင့် သစ်တောများ ပြုန်းတီးကုန်ပါတော့တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်မှ ကြည့်ရင် သစ်တောတွေ ပြုန်းတီးခြင်းကြောင့် မိုးလေဝသ မမှန်မကန် ဖြစ်လာရပါတယ်။ ဘာသာရေးရှုထောင့်မှ ကြည့်ရင်လဲ သစ်ပင်များဟာ ရုက္ခစိုးနတ်များရဲ့ ဘုံဗိမာန်များ ဖြစ်ပါတယ်။ သစ်ပင်များကို စည်းမရှိ ကမ်းမရှိ ခုတ်လှဲခြင်းဟာ နတ်တွေရဲ့ ဘုံဗိမာန်ကို ဖျက်ဆီးခြင်းဖြစ်လို့ နတ်များ ဒေါသထွက်ပြီး ကပ်ဘေးများ ဖြစ်အောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ငါးရာ့ငါးဆယ်နိပါတ်တခုမှာ ကျွန်းတကျွန်းပေါ် နေထိုင်ကြတဲ့ လူတွေဟာ တရားပျက်လို့ နတ်များ အမျက်ထွက်ပြီး တကျွန်းလုံးကို ရေလွှမ်းအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လမုပင်များ အသုံးဝင်ပုံကိုလည်း သိသင့်ပါတယ်။ လမုပင်ကို “မင်းဂရု” (mangrove) လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ ဤအပင်များပေါက်လျှင် နှုန်းမြေများ တိုးပွားလာပြီး ကမ်းပြိုမှုကို ကာကွယ်ပေးပါတယ်။ အပင်ရင်းမှာ ငါး ပုစွန်များ ခိုအောင်း ဥ,ဥ သားပေါက်ကြပါတယ်။ ဒါကြောင့် တိုးတက်တဲ့နိုင်ငံများမှာ လမုပင်များကို ဥပဒေဖြင့် အထူးထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။ သဘာဝဘေးရန်များကို သဘာဝနည်းများဖြင့် ကာကွယ်ရမှာ ဖြစ်ပါတယ်။

သဘာဝဘေးရန်များကို ဉာဏ်ဖြင့် ကာကွယ်တတ်ဖို့လည်း လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း ဂျမေကာနိုင်ငံလိုပင် လေမုန်တိုင်းဒဏ် အများဆုံးခံရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ လေမုန်တိုင်းကျရင် အသက်အိုးအိမ် စည်းစိမ် အနည်းနဲ့အများ ပျက်စီး ဆုံးရှုံးကြပါတယ်။ အထူးအားဖြင့် စာသင်ကျောင်များ ပျက်စီးပြီး ကလေးများ စာသင်ပျက်ကြရပါတယ်။ မြစ်ချောင်းများ အနီးမှာရှိတဲ့ ရွာတွေဟာ ဒုက္ခ အခံရဆုံးပါ။ စာသင်ကျောင်းများ ပျက်စီးသွားလို့ ကလေးတွေရဲ့ ပညာရေး ထိခိုက်လှပါတယ်။ ဤအချက်ကို စဉ်းစားမိတဲ့ ခေတ်လူငယ်တဦးဟာ ကလေးများ ပညာရေး မထိခိုက်နိုင်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သူ့ရဲ့ဆောင်ရွက်မှုဟာ လက်တွေ့ကျ အသုံးဝင်သောကြောင့် လေမုန်တိုင်းကျသော်လည်း ကလေးများ စာသင်မပျက်တော့ပါ။ အဲဒါကတော့ မြစ်ချောင်းအနီးမှာ ရှိတဲ့ စာသင်ကျောင်းများကို ဘောပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဘောကြီးပေါ်မှာ စာသင်ကျောင်း လုပ်ထားတာကြောင့် စာသင်ကျောင်းများ ရေမြုတ်တဲ့ အန္တရာယ် မရှိတော့ပါ။ လိုတဲ့နေရာကို ပြောင်းရွှေ့သွားနိုင်တာကြောင့် စာသင်လည်း မပျက်တော့ပါ။ ယခုအခါ ဒီဘောစာသင်ကျောင်းများပေါ်မှာ စာကြည့်တိုက်များကိုပါ ဖွင့်ထားပါတယ်။ လျှပ်စစ်မီးကို နေရောင်ခြည်စွမ်းအင်ကနေ ရရှိအောင် လုပ်ထားလို့ ကွန်ပျူတာများကိုပါ တပ်ဆင် အသုံးပြုနိုင်ပြီလို့ သိရပါတယ်။ ဒါဟာ သဘာဝအန္တရာယ်ကို ဉာဏ်နဲ့ ကာကွယ်ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လေဘေးက တခါတရံသာ နှိပ်စက်တာပါ။ နှစ်စဉ်လိုလို နှိပ်စက်နေတဲ့ ဘေးက နွေရာသီ မီးဘေး ဖြစ်ပါတယ်။ မီးဘေးကြောင့် အိုးအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးရပါတယ်။ တိုင်းပြည်ရဲ့တိုးတက်မှုကို များစွာ ထိခိုက်နေတာ အမှန်ပါ။ ဒါကြောင့် မီးဘေးကြိုတင်ကာကွယ်နည်းများကိုလည်း အထူးစဉ်းစားသင့်ပါတယ်။

မီးဘေး ကြိုတင်ကာကွယ်နိုင်ရန် နိုင်ငံတော်အစိုးရမှ ဥပဒေဖြင့် အိမ်များကို စနစ်တကျ ဆောက်လုပ်စေရမှာ ဖြစ်ပါတယ်။ ဓနိမိုး၊ သက်ကယ်မိုး၊ ဝါးကပ်မိုး၊ ဖက်မိုး အိမ်များဟာ မီးလောင်စာအမိုးများ ဖြစ်လို့ မီးလောင်ရင် ရပ်ကွက်တခုလုံး၊ တရွာလုံး မီးအဝါးခံရပါတော့တယ်။ အဲဒီလောင်စာအမိုးတွေကို သွပ်မိုး၊ အုတ်ကြွပ်မိုး၊ ကွန်ကရစ်မိုးများနဲ့ အစားထိုး ဆောက်လုပ်စေရပါမယ်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာ အုတ်ကြွပ်မိုးအိမ်တွေသာ များလို့ မီးလောင်တဲ့အခါမှာ အိမ်အနည်းငယ်လောက်သာ မီးလောင်ခံရပါတယ်။ အုတ်ကြွပ်မိုးဟာ နေအပူဒဏ်ကိုလည်း သက်သာစေပါတယ်။ မီးလည်း ချက်ချင်း မလောင်နိုင်ပါ။ မြန်မာနိုင်ငံလို အပူပိုင်းဒေသနိုင်ငံများနဲ့ အထူးသင့်လျော်တဲ့ အမိုးဖြစ်ပါတယ်။ ထို့ပြင် ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ အမိုးဖြစ်တာကြောင့် အုပ်ကြွပ်စက်ရုံများကို အစိုးရနဲ့ ပုဂ္ဂလိကပိုင် စက်ရုံများ ဖွင့်လှစ်ကာ ထုတ်လုပ်နိုင်ပါတယ်။ ပြည်သူလူထုတွေလည်း အလုပ်ရနိုင်ပါတယ်။ အစိုးရအနေဖြင့်လည်း အမိုးနဲ့ပတ်သက်ပြီး နိုင်ငံခြားငွေသုံးစွဲကာ ပြည်ပမှ ဝယ်ယူသွင်းစရာ မလိုတော့ပါ။

နောက်သဘာဝဘေးရန်တခုကတော့ ငလျင်ဘေး ဖြစ်ပါတယ်။ တရုတ်ပြည်မှာ လှုပ်ခဲ့တဲ့ ငလျင်ဘေးကြောင့် လူတွေ သိန်းနဲ့ချီ သေခဲ့ပါတယ်။ တိုက်တွေပြိုပြီး တိုက်ပိလို့ သေရတဲ့သူတွေလည်း များလှပါတယ်။ မြန်မာနိုင်ငံတောအရပ်က ဝါးအိမ်၊ သစ်သားအိမ်များကတော့ ငလျင်ဒဏ်ခံတဲ့ အိမ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်အိမ်တွေကတော့ စိတ်မချရပါ။ ဒါကြောင့် တိုက်အိမ်များကို ဆောက်ရင် အခိုင်အမာ ဆောက်မှသာ စိတ်ချရပါမယ်။ “အသက်ကို ဉာဏ်စောင့်”ဆိုတဲ့ စကားအတိုင်း အရာရာမှာ ဉာဏ်ကို စေစားပြီး လုပ်ကိုင် နေထိုင်သွားကြရမှာ ဖြစ်ပါတယ်။ ကံကို ပုံချပြီး ဖြစ်သလို နေထိုင်ရင်တော့ ဒုက္ခတွေ့မှာ ဖြစ်ပါတယ်။ ကံ ဉာဏ် ဝိရိယ တရားသုံးပါးကို လက်ကိုင်ထား ကျင့်သုံးပြီး နေထိုင်သွားမှသာ ဘဝချမ်းသာကို ခံစားနိုင်ကြပါမယ်။

ဇူလိုင် ၂၀၊ ၂၀၀၈

Leave a Reply