ပရမတ္ထစက္ခုကျမ်း – (၂)
ဆရာဦးအောင်ဇေယျ။ ။ ‘သာဓု’သံတွေနဲ့ သာယာနာပျော်ဖွယ်ကောင်းနေပါလားဗျ။
ဆရာစော။ ။ ဟော .. ဆရာဇေ … ကြွပါခင်ဗျ .. ကြွပါ။ လက်မှာလဲ အထုပ်တွေ မနည်းပါလား။ ကိုခင်မောင်ဝင်း .. လှမ်းကူလိုက်ပါအုန်း။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာဇေတို့များ စကားသုံး စာသုံးကလဲ တတ်ပါ့ဗျား။ သာယာနာပျော်ဖွယ်ကောင်းတဲ့ သာဓုသံတွေတဲ့။ ကျွန်တော်ဆိုရင် သာဓုသံတွေနဲ့ ဆူညံနေပါလားလို့ သုံးမိချင် သုံးမိမှာ။
ဆရာဦးအောင်ဇေယျ။ ။ ကိုခင်မောင်ဝင်း .. ဒီဘက်က အထုပ်တွေ ယူလိုက်ပါဗျ။ ကောက်ညှင်းပေါင်းနဲ့ ဘိတ်(မြိတ်) မုန့်ကုလားမည်းဗျ။ စားကြဗျာ။ ကောက်ညှင်းပေါင်းက အိမ်မှာ ပေါင်းတာ။ မုန့်ကုလားမည်းက ဗမာပြည်က လူကြုံပါးပေါ့။
ကဖိုးထိန်။ ။ ဟိုလက်တဘက်က အထုပ်တွေလဲ လှမ်းလိုက်ပါ ဆရာဇေ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာဇေ .. အထုပ်တွေကလဲ များလှပါလား။ ဘာတွေလဲဗျ။
ဆရာဦးအောင်ဇေယျ။ ။ မှာထားလို့ ရောက်လာတဲ့ စာအုပ်တွေပါဗျာ။ ခင်ဗျားတို့လဲ ဖတ်ရအောင်ဆိုပြီး ယူလာတာ။ ဒါနဲ့ နေပါဦးဗျ .. စောစောက အားရပါးရ သာဓုခေါ်နေလိုက်ကြတာ။ မျှဝေပါဦး။
ဆရာစော။ ။ ဒီပဲရင်းဆရာတော်ဘုရားကြီးရဲ့ ‘ပရမတ္ထစက္ခုကျမ်း’ကို ကဖိုးထိန်က မိတ်ဆက်ပေးနေတာပါ ဆရာဇေ။
ဆရာဦးအောင်ဇေယျ။ ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ကျွန်တော်တောင် ခင်ဗျားတို့ ဖတ်ဖို့ မှတ်ဖို့ဆိုပြီး ဟောဒီ ယူလာတဲ့အထဲမှာတောင် ပါသဗျ။ တစ်အုပ်မဟုတ်ဘူး .. နှစ်အုပ်။ အိမ်မှာလဲ တစ်အုပ်ရှိသေးတယ်။ ကျွန်တော်လဲ ဖတ်နေဆဲဗျ။ တချို့အကြောင်းအရာတွေကို နားမလည်တော့ တတ်သိနားလည်တဲ့ ဆရာတော်တွေကို မေးမြန်းနေရတာပေါ့ဗျာ။
ကဖိုးထိန်။ ။ ကျွန်တော်လဲ ခုမှ စဖတ်နေဆဲပါ။ အကုန်လုံး နားမလည်တောင် ဆရာတော်ကြီး ရည်ညွှန်းသလို ပါရမီလေးပဲ ဖြစ်စေဦးတော့ ဆိုပြီးပေါ့ဗျာ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ကဖိုးထိန်က ဒီ‘ပရမတ္ထစက္ခုကျမ်း’ဖြစ်ပေါ်လာပုံလေးနဲ့ ဆရာတော်ကြီးရဲ့ တိုက်တွန်းချက်တွေကို ရှင်းပြနေတာပါ ဆရာဇေ။ ဒီအပိုင်းတော့ ဆရာလဲ ဖတ်ပြီး ဖြစ်မှာပေါ့။
ဆရာဦးအောင်ဇေယျ။ ။ အရပ်ဖြစ်ရှစ်ပါးကင်းတဲ့ နဝမခေတ် ဒီဘဝမှာပဲ မဂ်ဖိုလ်နိဗ္ဗာန်ရောက်သည့်တိုင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းထားတာမဟုတ်လားဗျ။
ကဖိုးထိန်။ ။ ဟုတ်ပါတယ် ဆရာဇေ။ ဆရာတော်ကြီးက ‘အရပ်ဖြစ်ရှစ်ပါး’တဲ့။ ဒါလေးလဲ မှတ်သားစရာ ကောင်းတယ်။
ဆရာစော။ ။ ကျွန်တော်တို့ကတော့ ‘ရပ်ပြစ်ရှစ်ပါး’ရယ်လို့ပဲ နှုတ်လျှာကျိုးနေကြတယ်။ ဆရာတော်ကြီးက ဘယ်လိုရှင်းပြထားသလဲဗျ .. ကဖိုးထိန်။
ကဖိုးထိန်။ ။ ‘အရပ်ဖြစ်ရှစ်ပါး’ဆိုသည်မှာ ‘အဖြစ်ရှစ်ပါး’ကို ဆိုသည် တဲ့ ဗျ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ လင်္ကာလေးတွေ ဘာတွေနဲ့ မှတ်ရလွယ်အောင် မပါဘူးလားဗျ။
ကဖိုးထိန်။ ။ ပါသမှ သိပ်ပါပေါ့ ကိုဆားပုလင်းရယ်။ ကဲ .. နာကြည့်ကြပါဦး။
“ပ,ရဲ,ပိတ်,ဆန်
ကင်း ရုပ်,နာမ်
မိတ်,စန်,ထိုင်း ရှစ်
အရပ်ဖြစ်”
ဆရာစော။ ။ ကဲ .. ‘ပ’ဆိုတာ ဘာ၊ ‘ရဲ’ဆိုတာ ဘာ ကို ဆက်ပြီး ရှင်းစမ်းပါဦး။
ကဖိုးထိန်။ ။ ‘ပ’ဆိုတာက သာသနာပအခါ ဖြစ်ရခြင်း အဖြစ်တစ်ပါးတဲ့။
ဆရာဦးအောင်ဇေယျ။ ။ ဘုရားပွင့် တရားပွင့် သံဃာပွင့်တဲ့အချိန်နဲ့ ကြုံခဲ ရခဲတာ ဒုလ္လဘတစ်ပါး မဟုတ်လားဗျ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဟုတ်တာပေါ့ ဆရာဇေ။ ကြုံခဲ ရခဲတဲ့တရားတွေနဲ့ ဆန့်ကျင်ဘက် အဖြစ်တွေပဲ ဖြစ်တော့မှာပေါ့။
ဆရာစော။ ။ ‘ရဲ’ဆိုတာကကော ..။
ကဖိုးထိန်။ ။ ‘ရဲ’က စပြီး ကျန် ၇-ချက်က သာသနာတွင်းဖြစ်သော်လည်းတဲ့ .. ငရဲဘုံ၌ ဖြစ်ရခြင်း။ ‘ရဲ’က ငရဲဘုံပေါ့ဗျာ။
‘ပိတ်’က ပြိတ္တာဘုံ၌ ဖြစ်ရခြင်း။
‘ဆန်’က တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း။
‘ကင်း ရုပ်,နာမ်’က ရုပ်သာရှိ၊ နာမ်သာရှိသော ဘုံဘဝ၌ ဖြစ်ရခြင်း။
‘မိတ်’က နိယတမိစ္ဆာဒိဋ္ဌိမျိုး၌ ဖြစ်ရခြင်း။
‘စန်’က ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။
‘ထိုင်း’က အထိုင်းအမှိုင်း ဖြစ်ရခြင်း ဟူသော သာသနာတွင်း အဖြစ်ခုနစ်ပါးတဲ့။
‘ရှစ်’က သာသနာပ သာသနာတွင်း နှစ်ခုပေါင်း အဖြစ်ရှစ်ပါးပေါ့ဗျာ။
ယင်းအဖြစ်ရှစ်ပါးကိုပင် ဌာနအရပ်နှင့် တွဲဖက်၍ အရပ်ဖြစ်ရှစ်ပါးဟူ၍ ခေါ်ရိုးအစဉ်ပြုကြသည် တဲ့ဗျ။
ကျမ်းဂန်တို့၌ကား ရှစ်ပါးသော အရပ်တို့၌ ဖြစ်ခိုက် ခဏကာလ ရှစ်ပါးကို နာမ် ရုပ်ကို မသိနိုင်သော အခါဖြစ်၍ ‘အဋ္ဌက္ခဏ’ဟူ၍ ဆိုကုန်၏။
မဂ်မရထိုက်သော ခဏရှစ်ပါး ဆိုလိုသည်။
ယင်းခဏရှစ်ပါးမှ လွတ်သော၊ နာမ် ရုပ်ကို သိနိုင်၊ မဂ်ကို ရနိုင်သော ခဏကာလကို ‘နဝမခဏ’ ဆိုသည် လို့လဲ ဆရာတော်ကြီးက ထပ်ပြီး ရှင်းထားပါသေးတယ်။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ‘အရပ်ဖြစ်ရှစ်ပါး ကင်းလွတ်၍ နဝမခေတ်အတွင်း’ ဆိုတာ ရှင်းသွားကြပြီ မဟုတ်လားဗျ။
ဆရာဦးအောင်ဇေယျ။ ။ ဒီ ရှစ်ပါးက မဂ်မရထိုက်သော ခဏရှစ်ပါးလို့ဆိုတော့ ဒီအရပ် ဒီဌာနမှာ ဖြစ်တယ်ဆိုရင်ပဲ ချို့ယွင်းချက်ကြီးတခု၊ အပြစ်ကြီးတရပ်လိုဖြစ်လို့ ရပ်ပြစ်ရှစ်ပါးလို့ ဆိုနိုင် ဆိုကြတယ်နဲ့ တူတယ်။
ဆရာစော။ ။ ဒါကြောင့်လဲ ကျွန်တော်တို့တတွေ နေ့စဉ် ဘုရားရှိခိုးပြီး ရပ်ပြစ်/ဖြစ် ရှစ်ပါးမှ ကင်းလွတ်ရပါလို၏လို့ ဆုတောင်းထဲ ပါနေတာ မဟုတ်လားဗျ။ နေဦးဗျ … တောင်မြို့ဆရာတော်ရဲ့ ‘ရတနာ့ဂုဏ်ရည်’ထဲမှာ သြကာသအဖွင့်ဆိုတာ ရှိတယ်။ ကိုခင်မောင်ဝင်း .. ခင်ဗျားနောက်က စာအုပ်ဘီဒို ဒုတိယအဆင့်မှာ ရှိလိမ့်မယ်။ လှမ်း ဆွဲလိုက်စမ်းပါ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဟောဒီမှာ .. ကျွန်တော်ပဲ တောင်မြို့ဆရာတော်ရဲ့ ရပ်ပြစ်ရှစ်ပါး ရှင်းလင်းချက်ကို ဖတ်ပြပါရစေ။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က ‘ရပ်-ပြစ်’ဟု ခေါ်ကြ၏။
အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသော အပြစ် မဟုတ်။ ထိုအရပ်သို့ ရောက်နေလျှင် မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့် မရှိခြင်းကို ‘အပြစ်’ ဟု ဆိုသည်။
ထို့ကြောင့် ဤရပ်ပြစ်ရှစ်ပါးကို ပါဠိတော်များ၌ ‘အက္ခဏ’ (အခွင့်ကောင်း ခဏကောင်း မဟုတ်သော ကာလ ဒေသ) ဟု မိန့်တော်မူသည်။
ဤရပ်ပြစ်ရှစ်ပါးကို အမျိုးမျိုး ပြသော်လည်း သုတ်ပါထေယျပါဠိတော်လာ တမျိုးသာ ပြအံ့ တဲ့။
ဆရာတော်က ဆောင်ရန် လင်္ကာလေးလဲ သီကုံးထားပါသေးတယ်။
“ဘုရားပွင့်ခါ
ပါယ်သုံးရွာနှင့်
ဒီဃာယုနတ်
ဖြစ်လတ်ပစ္စန်
မိစ္ဆာဉာဏ်ရှိ
ဉာဏ်မရှိသား
ဉာဏ်ရှိငြားလည်း – ဘုရားမဖြစ်
ကျမ်းဂန်လှစ်သည်
ရပ်ပြစ်ရှစ်ပါး သရုပ်တည်း”
ဘုရားပွင့်တဲ့အခါမှာ –
အပါယ်သုံးပါးဖြစ်တဲ့ (၁) ငရဲ၊ (၂) တိရစ္ဆာန်၊ (၃) ပြိတ္တာဘုံတွေမှာ ဖြစ်ရသူများ တဲ့။
(၄) ‘ဒီဃာယုနတ်’ဆိုတာက ဘုရားပွင့်ဆဲအခါ လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော ခန္ဓာကိုယ်သာ ရှိပြီး စိတ်ဝိညာဉ် မရှိတဲ့ အသညသတ်ဗြဟ္မာနဲ့ စိတ်ဝိညာဉ်သာ ရှိ၍ ခန္ဓာကိုယ် မရှိတဲ့ အရူပဗြဟ္မာတွေတဲ့။
(၅) ‘ဖြစ်လတ်ပစ္စန်’ ဆိုတာက ဘုရားရှင်နဲ့ ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား လူရိုင်းများတဲ့။
(၆) ‘မိစ္ဆာဉာဏ်ရှိ’ ဆိုတာက ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများတဲ့။
(၇) ‘ဉာဏ်မရှိသား’ ဆိုတာက ဘုရားပွင့်ဆဲအခါ တရားကို နားလည်လောက်သော ဉာဏ်မရှိသူများတဲ့။
(၈) ‘ဉာဏ်ရှိငြားလည်း ဘုရားမဖြစ်’ကတော့ တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်ရသူများ တဲ့။
ဆရာစော။ ။ ကဖိုးထိန်က ဒီပဲရင်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်တွေကို ဆက်စမ်းပါအုန်း။
ကဖိုးထိန်။ ။ ဒါက ကျမ်းဂန်ကြီးတို့၌ လာသော အရပ်ဖြစ် ရှစ်ပါးတဲ့။ ဆရာတော်ကြီးက ‘ဇိနာလင်္ကာရ သဒ္ဓမ္မောပါယ’ အမည်ရှိတဲ့ ကျမ်းငယ်မှာ အရပ်ဖြစ်ရှစ်ပါး ဆိုထားပုံတမျိုးကိုလည်း မှတ်သားဖွယ် ပြောထားသေးတယ်။ ဒီအရပ်ဖြစ်ရှစ်ပါးကတော့ သာသနာတွင်းအခါမှာ ဖြစ်တဲ့ အရပ်ဌာနတွေချည်းပဲဗျ။ ကျမ်းဂန်ကြီးတွေမှာဆိုတဲ့ သာသနာပအခါဆိုတာ မပါဘဲ ရုပ်သာရှိတဲ့ ဘုံ၊ နာမ်သာရှိတဲ့ ဘုံ ရယ်လို့ အရပ်ဌာန တခုစီ သီးခြား ခွဲထုတ်လိုက်တာပါပဲ။ ဒါကိုလဲ ဆရာတော်ကြီးက လင်္ကာလေးနဲ့ ပြထားပါသေးတယ်။ နာကြပါဦး။
“ရူ, သင်, ရဲ, ဆန်
ပိတ်, မိတ်, စန်
ချို့ပြန်လက်သစ်
အရပ်ဖြစ်”
သာသနာတွင်းအခါ –
‘ရူ’က အရူပဘုံ၌ ဖြစ်ရခြင်း။
‘သင်’က အသညသတ်ဘုံ၌ ဖြစ်ရခြင်း။
‘ရဲ’က ငရဲဘုံ၌ ဖြစ်ရခြင်း။
‘ဆန်’က တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း။
‘ပိတ်’က ပြိတ္တာဘုံ၌ ဖြစ်ရခြင်း။
‘မိတ်’က နိယတမိစ္ဆာဒိဋ္ဌိမျိုး၌ ဖြစ်ရခြင်း။
‘စန်’က ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။
‘ချို့ပြန်လက်သစ်’က ထိုင်းမှိုင်း, ကန်း, ပင်း, ဆွံ့အသော ဣနြေ္ဒချို့တဲ့သောသူ ဖြစ်ရခြင်း တဲ့။
ဆရာစော။ ။ ကဲ .. ဆရာဇေရဲ့ ကောက်ညှင်းပေါင်းနဲ့ မုန့်ကုလားမည်းလဲ ရေနွေးကြမ်းလေးနဲ့ မြည်းကြပါဦး ဗျ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ကောင်းပါ့ဗျာ … ကျေးဇူးပဲ ဆရာဇေနဲ့ ဆရာစောရေ။
ကဖိုးထိန်။ ။ ကျေးဇူးပါပဲ .. ဆရာဇေ၊ ကျေးဇူးပဲ .. ဆရာစော။