မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၂
ယခုအခါ သမာဓိဆိုတဲ့ တတိယ အနုဂါမိကဥစ္စာကို မြှုပ်နှံသိုမှီး သိမ်းဆည်းကြရအောင်။
ဒီ သမာဓိဘာဝနာ သူတော်စင်တွေဟာ ကုသိုလ်ဖြစ်ဖို့ရန်အတွက် ဗုဒ္ဓဘာသာ သူတော်စင်တွေဟာ များသောအားဖြင့် မြတ်စွာဘုရားရဲ့ ‘အရဟံဂုဏ်တော်’ကို ပုတီးစိပ်လေ့ရှိကြတယ်။
ပုတီးစိပ်တဲ့ အမျိုးသား အမျိုးသမီးတယောက်ကို “ဘာ .. ပုတီးစိပ်သလဲ”လို့ မေးရင် “အရဟံဂုဏ်တော်ကို ပုတီးစိပ်တယ်”လို့ ဖြေတတ်ကြပါတယ်။
“ဘယ်လို အောက်မေ့ ဆိုပြီးတော့ ပုတီးစိပ်သလဲ”လို့ မေးရင် “သော ဘဂဝါ ဣတိပိ အရဟံ” အဲဒါကို တခေါက်ဆိုပြီးလျှင် ပုတီးတလုံး ချတယ်လို့ ဖြေကြပါတယ်။
‘သော ဘဂဝါ ဣတိပိ အရဟံ’က ပါဠိစကားဖြစ်နေတယ်။
မိမိဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပာယ်ကို အကျယ်ဆိုပြီး အသိဉာဏ်ရပြီးတော့မှ ‘သော ဘဂဝါ ဣတိပိ အရဟံ’လို့ တခေါက် ဆိုလိုက်ရရင် တခေါက်ဆို ဆိုသလောက် အင်မတန် တန်ဖိုးရှိပါတယ်။
ဒါကြောင့် သဒ္ဓါတရားရှိပြီးကြသော အသင်သူတော်ကောင်းတို့နှင့် သင့်လျော်လျောက်ပတ်မယ့် “အရဟံဂုဏ်တော် ပုတီးစိပ်နည်း”ကို စဉ်းစားကြည့်တဲ့အခါ ယခု အသင်သူတော်ကောင်းတို့ရဲ့ လက်ထဲမှာ ရောက်ရှိနေတဲ့ ဓမ္မလက်ဆောင် စာရွက်ခေါက်ကလေးရဲ့ ကျောဘက်က ပါတဲ့ စာပိုဒ်ကို အမှတ်ရပြီး “ဒီနှစ်တော့ တရားနာသူတော်ကောင်းတို့အား ဒီစာပိုဒ်ကို တရားလက်ဆောင် ပေးမှပဲ”လို့ စဉ်းစား အကြံဖြစ်လို့ ဟောဒီ အသံဖမ်းတဲ့ ဒကာကြီးများအဖွဲ့က ‘ဓမ္မလက်ဆောင် ပေးပါ ဘုရား’လို့ လျှောက်ထား တောင်းပန်လို့ အဲဒီ “အရဟံဂုဏ်တော် ပုတီးစိပ်နည်း လင်္ကာ” စာပိုဒ်ကို ပေးလိုက်ပါတယ်။
အဲဒီ စာပိုဒ်လေးမှာ “အမျိုးသမီးတို့၏ စံပြ”ဆိုတာကို တွေ့ကြရပါလိမ့်မယ်။
အမျိုးသမီးတိုင်းက ဓမ္မဘက်မှာ စံပြလောက်တဲ့ အထူးအားဖြင့် မန္တလေးမြို့တော်သူ အမျိုးသမီးတို့၏ စံပြလို့ ဆိုနိုင်ပါတယ်။
“ဓမ္မ ခင်မင်”ဆိုတာက သူတော်ကောင်းတရားကို အင်မတန် ခင်မင် မြတ်နိုးပါတယ်။
“သူတော်စင်အမျိုးသမီး”ဆိုတာက အသက် ၁၀-နှစ် အရွယ်လောက်က စပြီး မဟာဝိသုတာရာမ ဆရာတော်ဘုရားကြီးတို့၊ လယ်တီဆရာတော်ဘုရားကြီးတို့ အဲဒီ ခေတ်ဟောင်းဆရာတော်ဘုရားကြီးများရဲ့ တရားတွေကို နာလို့။
အဲဒီလို တရားနာပြီးတဲ့နောက် အသက် ၁၇-နှစ်သမီး၊ သက္ကရာဇ်အားဖြင့် ၁၂၅၇-ခုနှစ် တန်ဆောင်တိုင်လဆန်း ၂-ရက်နေ့မှာ သီလရှင်ဝတ်ခဲ့တဲ့ အမျိုးသမီး စံပြ ဖြစ်ပါတယ်။
အရွယ်အားဖြင့် ၁၇-နှစ်။
မိဘဆွေမျိုးများက ကြည့်မဝ ရှုမဝ အရိပ်တကြည့်ကြည့်နဲ့ အလွန်လှပနေတုန်း။
အဲဒီ အရွယ်မှာ မိဘများက ခွင့်မပြုတဲ့အတွက် မိမိ၏ ဆံထုံးကို အိပ်ရာထဲမှာပဲ ကတ်ကြေးနဲ့ ကိုက်ဖြတ်ပြီးတော့ တခါတည်း မင်းကွန်းတောထဲကို ထွက်ပြေးပြီး သီလရှင် ဝတ်ခဲ့ပါတယ်။
အဲဒီလို သီလရှင်ဝတ်ပြီးတဲ့နောက် မောင်တွေ ဦးကြီး ဦးလေးတွေက အတော့်ကိုပဲ မကျေမနပ် ဖြစ်ကြတယ်။
ဦးလေးတယောက်ကဆိုရင် “သီလရှင်အဝတ်ကို တွေ့တဲ့နေရာမှာပဲ ဆုတ်ဖြတ်ပစ်မယ်”လို့ ကြိမ်းမောင်းတဲ့ သတင်းကို ကြားရတော့ “သြော် .. ငါ ဒီမှာ နေရင်ဖြင့် အန္တရာယ်ဖြစ်ချေရဲ့”လို့ စဉ်းစားမိပြီး သီလရှင်ဝတ်နဲ့ပဲ သီဟိုဠ်ကို ထွက်ပြေးရတယ်။
အဲဒီလို သီလရှင်အဖြစ်ကို မြတ်နိုးတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။
အကယ်၍သာ ယနေ့ ဘိက္ခုနီသာသနာ ထင်ရှားရှိနေလျှင် ဘိက္ခုနီမ=ရဟန်းမ အဖြစ်ကို ရယူမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ယနေ့ သာသနာမှာ “ခေတ်ပင် ရှိသေးသော်လည်း အဆက်ပြတ်သဖြင့် ဘိက္ခုနီမ=ရဟန်းမ အဖြစ်ကို ဘယ်လိုနည်းနှင့်မှ ရလို့ မဖြစ်ပါဘူး”။
ရမဖြစ်တဲ့အတွက် သာသနာမှာ ရနိုင်သလောက် သီလရှင်ဘဝကို ရယူခြင်း ဖြစ်ပါတယ်။
ရယူတဲ့ သီလရှင်ဘဝကိုလည်းပဲ သီလရှင် ပြုပဟေ့ဆိုတဲ့နေ့က စပြီး ယနေ့ထက်တိုင် အသက် ၉၂-နှစ် ရှိပြီ။ ဆယ်ပါးသီလ ဘယ်တော့မှ မပျက်ဘူး။ အမြဲတမ်း ဆယ်ပါးသီလကို စောင့်ထိန်းခဲ့တယ်။
အသက်က ယနေ့ဆိုလျှင် ၉၂-နှစ်။
၁၇-နှစ်က သီလရှင် ဝတ်လာတယ်ဆိုတော့ သီလရှင်ဝါကိုက ၇၉-ဝါလောက် ရှိနေပြီ။
မန္တလေးမြို့ ရသာတန်းက မိဘနှစ်ပါးက ပိုးကုန်သည် ဂုဏ်သရေရှိတဲ့ မိဘနှစ်ပါးက ဖြစ်ပွားလာတဲ့ “ကုလဓိတု-အမျိုးကောင်းသမီး” ဖြစ်ပါတယ်။
အဲဒီ အမျိုးကောင်းသမီးဖြစ်တဲ့ ဆရာကြီး ဒေါ်ဓမ္မစာရီဟာ ဒီ “အရဟံဂုဏ်တော် ပုတီးစိပ်နည်း”ကို စာရွက်ပေါ်မှာ ရေးနေတာ မဟုတ်ပါဘူး။
သူက ပရိယတ္တိ စာပေနယ်ဘက်မှာဆိုရင် ဘုန်းကြီးတို့ မူလဋီကာဆိုတာ ရှိတယ်။ အဘိဓမ္မာဘက်က အလွန်ခက်တဲ့ ဋီကာပါ။ ဒီ မူလဋီကာကို ကိုယ်တိုင် ဆိုဝါအဖြစ်နဲ့ စာတက်ခဲ့ရလို့ ကိုယ်တိုင် မူလဋီကာ ကောင်းကောင်းကြည့်နိုင်တဲ့ အရည်အချင်း ရှိတယ်။
အဋ္ဌကထာ ဋီကာကို ကောင်းကောင်း ကြည့်နိုင်တဲ့ အရည်အချင်းရှိအောင် အမျိုးသမီးတယောက် ဒီပညာအရည်အချင်း ရောက်တယ်ဆိုတာ အင်မတန် အဆင့်အတန်း မြင့်မားပါတယ်။
စာပေ ပရိယတ်နှင့်တကွ ပဋိပတ်နယ်ပယ်မှာဆိုရင် ယနေ့ သံဃရာဇာ အဘိဓဇမဟာရဋ္ဌဂုရု ဖြစ်တော်မူကြတဲ့ ကျေးဇူးရှင် စံကင်းဆရာတော်ဘုရားကြီး၊ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီးတို့က “သူတော်ကောင်းတယောက်ပဲ”လို့ အသိအမှတ် ပြုခံရတဲ့ မန္တလေးက အမျိုးသမီးစံပြ သူတော်စင်တယောက် ဖြစ်ပါတယ်။
အဲဒီ ဆရာကြီး ဒေါ်ဓမ္မစာရီဟာ “ဥပသမာနုဿတိကမ္မဋ္ဌာန်း” စီးဖြန်း အားထုတ်မယ်ဆိုလျှင် မိလိန္ဒပဥှာပါဠိတော်က လာတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေ၊ ဣတိဝုတ်ပါဠိတော်မှာ ဟောတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေ၊ အသင်္ခတသံယုတ်မှာ မြတ်စွာဘုရားဟောထားတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေ၊ ထိုထို နိကာယ်ငါးရပ်မှာ အကုန်လုံးထုတ်ပြီး အားလုံး နှုတ်တက်ရအောင် ကျက်တယ်။
ပြီးမှ နှုတ်က တတွတ်တွက် ရွတ်ဆိုပြီး နိဗ္ဗာန်ရဲ့ ဂုဏ်ကျေးဇူးတွေကို နှစ်နှစ်သက်သက် သဘောပေါက်ပြီးတော့ အောက်မေ့တဲ့ “ဥပသမာနုဿတိ” တရားအလုပ်ကို အားထုတ်သူ ဖြစ်ပါတယ်။
ဒါကို ဘုန်းကြီး ကိုယ်တိုင် သိပြီးတော့ ပြောပါတယ်။
ထို့အတူပဲ အရဟံဂုဏ်တော်ကို နှလုံးသွင်းတဲ့နေရာမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို အရဟံ အရဟံလို့ ချီးကျူးရတာ အကြောင်း ငါးပါး ရှိပါတယ်။
အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပံ၊ အရဟံ တေန နာယကော။
ကျမ်းဂန်မှာ လာသည့်အတိုင်း –
အာရကတ္တာ စ=တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူခြင်းကြောင့်လည်းကောင်း။
ကိလေသာရီနံ=ကိလေသာတည်းဟူသော ရန်သူတို့ကို။ ဟတတ္တာ စ=ပယ်သတ်အပ်ပြီးဖြစ်တော်မူသောကြောင့်လည်းကောင်း။
ဟတသံသာရစက္ကာရော စ=သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်သောကြောင့်လည်းကောင်း။
ပစ္စယာဒီနံ=ပစ္စည်းအစရှိသော အပူဇော်(ပစ္စယပူဇာ+ဓမ္မပူဇာဆိုတဲ့ အပူဇော်အမျိုးမျိုးတို့ကို)။ အရဟတော အရဟတ္တာ စ=ခံထိုက်တော်မူသောကြောင့်လည်းကောင်း။
ရဟော=ဆိတ်ကွယ်ရာ၌။ ပါပံ=မကောင်းမှုကို။ (ယသ္မာ=အကြင့်ကြောင့်။) န ကရောတိ=ပြုတော်မမူ။
(တသ္မာ စ=ထို့ကြောင့်လည်းကောင်း။)
တေန=ထို ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းကြောင့်။
နာယကော=လူသုံးပါးတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်တော်မူသော။
သော မုနိ=ထို မြတ်စွာဘုရားသည်။
အရဟံ=အရဟံ မည်တော်မူပါပေ၏။
မြတ်စွာဘုရားကို အရဟံ အရဟံလို့ ချီးကျူး ပြောဆိုရတာဟာ အကြောင်းငါးပါး ရှိပါတယ်။
အဲဒီ အကြောင်းငါးပါးကြောင့် မြတ်စွာဘုရားသည် အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူတယ်လို့ ဆိုတာကို စာရွက်ပေါ်မှာ မရေးဘဲနဲ့ လျှာပေါ်မှာပင် တပိုဒ် တပိုဒ် တကြောင်း တကြောင်း စဉ်းစားပြီး (လျှာဆိုတဲ့ စာရွက်ပေါ်မှာ) ရေးတဲ့ စာပိုဒ် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ကပေါ့။
ဗောဓိပင်မှာ ရေသွန်းပြီးတော့ ဆင်းအလာ တရုတ်စကားပင်တန်းအောက်မှာ ဆရာကြီးဟာ စာရွက်ပေါ်မှာ မဟုတ်ဘဲ လျှာပေါ်မှာ ဒီအသံလေးတွေကို စီကာပတ်ကုံး ဆိုဆိုကြည့်တယ်။
ဆရာကြီး ဆိုဆိုကြည့်တာကို ကိုယ်တိုင် ကြားရ မြင်ရတာပါ။
ဒါကို ဘုန်းကြီးနားနဲ့ ဆတ်ဆတ်ကြားပြီးတော့ ပြောနေပါတယ်။
ဒီတော့ အမျိုးသမီးလောက,က ဂုဏ်ယူလောက်တဲ့ စံယူလောက်တဲ့ စံပြဖြစ်တဲ့ အမျိုးသမီး သူတော်ကောင်းကြီးတယောက်ရဲ့ လက်ရာကို တရားနာသူတော်ကောင်းတွေရဲ့ ပညာလက်ထဲကို ထည့်ပေးပါမယ်။
အသင်သူတော်ကောင်းတို့ရဲ့ လက်ထဲမှာ ဖြန့်ဝေထားတဲ့ ဓမ္မလက်ဆောင် စာရွက်ကလေးရဲ့ ကျောဘက်ကို ကြည့်ကြပါ။
(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊
(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ ထို တစ်ထောင့်ငါးရာ ကိလေသာ ရန်သူတို့မှ ဝေးကွာ၊
(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊
(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊
(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက် –
(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်)
တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ အရဟံ အရဟံဟူသော ဂုဏ်တော်ကြီးဖြင့်
အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ပြန့်လှိုင်ကျော်စောတော်မူသော မြတ်စွာဘုရား … မြတ်စွာဘုရား။
သော ဘဂဝါ ဣတိပိ အရဟံ။
(တစ်ခေါက်ဆုံးမှ ပုတီးတစ်လုံးချ)ဟူသော စာပိုဒ်ကို တွေ့ကြရပါလိမ့်မည်။
အဓိပ္ပာယ်ကတော့ –
(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊
ဒါက အကြောင်းတပါး။
ဒီအကြောင်းက “အရီနံ ဟတတ္တာ”ဆိုတဲ့ အကြောင်းနဲ့ ကိုက်ညီပါတယ်။
တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ်တည်းဟူသော ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်တော်မူသောကြောင့်လည်းပဲ မြတ်စွာဘုရားကို အရဟံ အရဟံလို့ ချီးကျူးရပါတယ်။
(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ဝေးကွာ၊
ဒါက ဒုတိယအကြောင်း။
“အာရကတ္တာ”လို့ စာထဲက လာတဲ့အတိုင်း ဆိုခြင်း ဖြစ်ပါတယ်။
တခြား တခြားသော ရဟန္တာပုဂ္ဂိုလ်တွေကော တစ်ထောင့်ငါးရာ ကိလေသာတို့မှ မဝေးကွာဘူးလား။
ဝေးကွာပါတယ်။
ဒါဖြင့် သူတို့ကိုကော အရဟံ အရဟံလို့ မချီးကျူးဘဲ ဘာကြောင့် ဘုရားကိုမှ ကွက်ပြီး ချီးကျူးရတာလဲ။
အဖြေကတော့ မြတ်စွာဘုရားမှာတော့ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှရော၊ ထိုကိလေသာတို့ရဲ့ အထုံ အခိုးအငွေ့လို့ဆိုတဲ့ ဝါသနာအငွေ့ဓာတ်မှရော နှစ်မျိုးလုံးမှ ဝေးကွာတော်မူပါတယ်။
ရဟန္တာများကျတော့ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူကြသော်လည်း ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့လို့ဆိုတဲ့ ဝါသနာကတော့ ကျန်နေသေးတယ်။
ဘုရားရှင်လက်ထက်တော်တုန်းက အရှင်ပိလိန္ဒဝစ္ဆဆိုတာ ရဟန္တာပဲ။
ဒါပေမယ့် သူက အင်မတန် ဇာတ်မြင့်တယ်လို့ ယူဆတဲ့ ဇာတိမန္တပုဏ္ဏားမျိုးမှာ ဘဝငါးရာ ဆက်တိုက် ဖြစ်ခဲ့လေတော့ အဲဒီ ဇာတိမန္တပုဏ္ဏားတွေက “သူတို့မှ ကျန်တဲ့လူမျိုးတွေဟာ လူယုတ်ချည်းပဲ၊ သူတို့ကမှ မြတ်တယ်” အဲဒီလို ဇာတိမာန်တက်ပြီးတော့ ကျန်တဲ့လူတွေကို “ဝသလ=လူညံ့တွေ လူယုတ်တွေ”လို့ပဲ ပြောဆိုကြ အောက်မေ့ကြပါတယ်။
အရှင်ပိလိန္ဒဝစ္တရဟန္တာလည်းပဲ အဲဒီ ဇာတိမန္တပုဏ္ဏားဘဝပေါင်း ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ မာနကိလေသာနှင့်တကွ အနမတဂ္ဂသံသရာက ကိန်းတည်ခဲ့တဲ့ မာနကိလေသာတရားကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင်သော်လည်း ထိုဇာတိမန္တပုဏ္ဏားဘဝ ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ ဇာတိမာန် ကိလေသာ၏ အထုံအခိုး တန်ခိုးအငွေ့ဖြစ်တဲ့ ဝါသနာကိုကား မပယ်နိုင်တဲ့အတွက် ရဟန္တာဖြစ်တော့လည်းပဲ တွေ့တိုင်း တွေ့တိုင်းသော လူများကို “ဝသလ ဝသလ=ဟဲ့ သူယုတ်၊ ဟဲ့ သူယုတ်”လို့ ပြောလေ့ ဆိုလေ့ ရှိပါတယ်။ ရိုးနေတာပ။
ဒီတော့ မြတ်စွာဘုရားကိုယ်တိုင်က “ဟဲ့ သူယုတ်၊ ဟဲ့ သူယုတ်”လို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေ စိတ်ထဲက မနာအောင် “ပိလိန္ဒဝစ္ဆ ရဟန္တာဟာ ပဒုဋ္ဌစိတ်=ပြစ်မှားတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ဘူး။ ဇာတိမန္တပုဏ္ဏားဘဝပေါင်း ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ ဇာတိမာန်ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့ ဝါသနာပါလာလို့ ပြောတာ ဖြစ်တယ်”လို့ ပြန်လည် ဖြေရှင်း ဟောပြတော်မူရပါတယ်။
ရဟန္တာပုဂ္ဂိုလ်များမှာ အဲဒီ အထုံဝါသနာ မပျောက်ဘူး။
မြတ်စွာဘုရားကျတော့ အထုံဝါသနာနှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာတို့ကို ပယ်တော်မူတာဖြစ်လို့ “ဝါသနာအငွေ့ဓာတ်နှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာ”လို့ ဒုတိယအကြောင်းကို ဖွဲ့ဆိုခြင်း ဖြစ်ပါတယ်။
(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊
ဒါက တတိယအကြောင်း။
“န ရဟော ကရောတိ ပါပံ”ကို ကြည့်၍ ဖွဲ့ဆိုထားခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားမှာ မကောင်းမှု ပြုဖို့ရန် ဆိတ်ကွယ်ရာအရပ်ဟူ၍ လုံးဝ မရှိပါ။
ဒါကြောင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူ (ဝါ) မကောင်းမှုကို ပြုဖို့ရန် ဆိတ်ကွယ်ရာ အရပ်ဟူ၍ လုံးဝ ရှိတော်မမူသောကြောင့်လည်းပဲ မြတ်စွာဘုရားဟာ အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူပါတယ်။
(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊
ဒါက စတုတ္ထအကြောင်း။
ပကတိ လှည်းဘီးကြီး ရထားဘီးကြီးများ တောင့်တောင့်တင်းတင်း လည်နေနိုင်တာဟာ ထောက်(ဒေါက်)တွေ အကန့်တွေကြောင့် လည်နေနိုင်တာ ဖြစ်တယ်။
ပကတိ လှည်းဘီးကြီး ရထားဘီးကြီးကို မလည်နိုင်အောင် ဘယ့်နှယ်လုပ်မလဲ။
အဲဒီ ထောက်တွေ အကန့်တွေကို ရိုက်ချိုးပစ်လိုက်ရင် မလည်နိုင်တော့ဘူး။
ထို့အတူပဲ မြတ်စွာဘုရားရှင်သည် သံသရာတည်းဟူသော လှည်းဘီးကြီး ရထားဘီးကြီး မလည်နိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို အဦးမူ၍ ကုဋေပေါင်း သုံးသန်းခြောက်သိန်း အရေအတွက်ရှိတဲ့ မဟာဝဇိရ ဝိပဿနာဉာဏ်တော်ဖြင့် ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ ခေါ်တဲ့ သင်္ခါရတည်းဟူသော သံသရာစက်ရဲ့ အကန့်တွေ ထောက်တွေကို ဖျက်ဆီးပြီးသော အကြောင်းကြောင့်လည်းပဲ မြတ်စွာဘုရားဟာ အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူပါတယ်။
“ဟတသံသာရစက္ကာရော”ဆိုတဲ့ ပါဠိနဲ့အညီ ဖြစ်ပါတယ်။
“ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တယ်”ဆိုတာက သံသရာမှာ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်တာကို ခေါ်တယ်။
(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်၊
ဒါက ငါးခုမြောက်အကြောင်း။
မြတ်စွာဘုရားမှာ ကြီးကဲလွန်မြတ်တဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဉာဏဒဿနဂုဏ် ကျေးဇူးတော်တွေ ရှိတယ်။
ရှိတဲ့အတွက် လူနတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် အရဟံဂုဏ်ရှင် ဖြစ်တော်မူပါတယ်။
“ပစ္စယာဒီန စာရဟော”ဆိုတဲ့ ပါဠိနဲ့အညီ ဖြစ်ပါတယ်။
ဒီငါးချက်ကို စိပ်စိပ်စေးစေး နှလုံးသွင်းလျှင် မြတ်စွာဘုရား၏ အရဟံဂုဏ်တော်ကို အပြည့်အစုံ နှလုံးသွင်းခြင်း ဖြစ်ပါတယ်။
(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်) တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ အရဟံ အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ပြန့်လှိုင် ကျော်စောတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။
ဆိတ်ငြိမ်ရာမှာ တယောက်တည်း အေးအေးဖြည်းဖြည်း စဉ်းစားပြီး ဆိုပါ။
ဆိုပြီးမှ … “သော ဘဂဝါ ဣတိပိ အရဟံ”လို့ ဆိုလိုက်လျှင် ”သြော် .. ယခု ငါဆိုခဲ့တဲ့ အနက်အဓိပ္ပာယ်တွေကို ရည်စူးပြီးတော့ “သော ဘဂဝါ ဣတိပိ အရဟံ”လို့ ငါဆိုတာပါတကား၊
ငါဆိုခဲ့တဲ့ “သော ဘဂဝါ ဣတိပိ အရဟံ”သည် ယခု ဆိုခဲ့ပြီးတဲ့ အနက်အဓိပ္ပာယ်နဲ့ ပြည့်စုံတဲ့ ပါဠိပါတကား”လို့ ခြုံပြီးတော့ သိသွားမယ်။
အဲဒါကို သမာဓိဘာဝနာလို့ ခေါ်တယ်။
ဒါနရယ်၊ သီလရယ်၊ သမာဓိရယ်၊ ပညာရယ် လေးမျိုးရှိရာမှာ သမာဓိဆိုတဲ့ အနုဂါမိက ဥစ္စာရတနာ ဖြစ်ပါတယ်။
အဲဒီအတိုင်း မပြတ် မပြတ် ရွတ်ဆို ပွားများကြပါ သူတော်ကောင်းတို့ .. ။
အရဟံဂုဏ်တော် ပုတီးစိပ်နည်း
(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း
မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို
အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊
(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ
ထိုတစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ဝေးကွာ၊
(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊
(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော
သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊
(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့်
လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက် –
(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်)
တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ
အရဟံ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့်
အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင်
ပြန့်လှိုင်ကျော်စောတော်မူသော မြတ်စွာဘုရား … မြတ်စွာဘုရား … ။
သော ဘဂဝါ ဣတိပိ အရဟံ
(တစ်ခေါက်ဆုံးမှ ပုတီးတစ်လုံးချ။)
(သာသနာသက္ကရာဇ် ၂၅၁၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅-ရက်နေ့တွင် မန္တလေးမြို့ အနောက်ပြင် အောင်တော်မူကျောင်းကြီး စေတီတော် အာရာမ်အတွင်း ဆိပ်ကမ်းအလုပ်သမားများ၏ ကုသိုလ်ကောင်းမှုဖြစ်သော ‘နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံ’၌ စတင် ဟောကြားအပ်သော ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’ မှ။)