အကုသိုလ်ကာယကံ ၃-ပါး

အကုသိုလ်ကံ ၁၀-ပါးကိုတော့ အဘိဓမ္မာမတတ်တောင်မှ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သေသေချာချာ နားလည်ထားထိုက်တယ်။

ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေလည်း အလွန်များတယ်။ ပြဿနာတွေလည်း အလွန်များတယ်။
ခုခေတ်အနေနဲ့ ကြည့်မယ်ဆိုရင်လည်း တချို့ဟာတွေက ဘာဖြစ်မယ် မသိဘူး။

ဒါပေမယ်လို့ တို့ဘာသာမှာ တို့ကျမ်းဂန်တွေမှာ ဒီလို ဆိုထားတယ်ဆိုတာကိုတော့ နားလည်ထားရမယ်။
သူများကို ပြောတဲ့အခါမှာတော့ သူတို့ ကြိုက်ချင်မှ ကြိုက်မယ်။ မကြိုက်ရင် မကြိုက်ဘူး။
ဒါကတော့ မတတ်နိုင်ဘူး။
ဦးဇင်းတို့လည်း မေးရင်တော့ မှန်တဲ့အတိုင်းတော့ ပြောရတော့တာပဲ။
သူတို့ မကြိုက်မှာစိုးလို့ ကိုယ်က လျှော့ပြောလိုက်မယ်၊ ပြင်ပြောလိုက်မယ်ဆိုရင် ဘုရားတရားကို ကိုယ်က မတော်တရော် အမှားပြောရာ လုပ်ရာ ရောက်တယ်လေ။

သူတို့ကြိုက်တာ မကြိုက်တာ တခြားဘဲ။ စာရှိတဲ့အတိုင်း ပြောရမှာပဲ။ မေးရင်တော့ ဦးဇင်းတို့က အဲဒီလိုပဲ ပြောတယ်။
ဒါကတော့ မရှောင်နိုင်ဘူးလေ။ ကြိုက်တာ မကြိုက်တာ၊ လိုက်နာတာ မလိုက်နာတာကတော့ သူ့သဘောပေါ့။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် မေလ ၁ ရက် စနေနေ့၊ လောကချမ်းသာဘုရားကျောင်း အဘိဓမ္မာသင်တန်း၊ ၃၀-ပတ်မြောက် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များကို ညနေ ၄း၀၀ နာရီမှ ၅း၃၀ နာရီထိ သင်ကြားပို့ချရာ ပထမနာရီဝက်တွင် လောကချမ်းသာဆရာတော်က သင်တန်းပို့ချချက်များကို ပြန်လည် လေ့ကျင့် သင်ကြားပေးပြီးနောက်၊ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်းပို့ချချက်များကို နာကြား သင်ယူကြရ၏။

+++++

အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံလေးမျိုး

(၁) အကုသိုလ်ကံ – အပါယ်ဘုံတွင် အကျိုးပေး၏။ လူ့ဘုံ၌လည်း နည်းနည်းပါးပါး အကျိုးပေးသေး၏။
(၂) ကာမာဝစရကုသိုလ်ကံ – ကာမာဝစရဘုံတွင် အကျိုးပေး၏။
(၃) ရူပါဝစရကုသိုလ်ကံ – ရူပါဝစရဘုံမှာ အကျိုးပေး၏။
(၄) အရူပါဝစရကုသိုလ်ကံ – အရူပါဝစရဘုံမှာ အကျိုးပေး၏။

ဤကံလေးမျိုးမှာ အဘိဓမ္မာနှင့် သက်ဆိုင်သော ကံလေးမျိုးဖြစ်၍ ကျမ်းဆရာက အကျယ်ရှင်းပြ၏။

အကုသလကမ္မပထ (အကုသိုလ်ကံ၏အကြောင်း) ၁၀-ပါး

အကုသိုလ်ကံ ၁၀-ပါး ရှိ၏။

၎င်းတို့မှာ –
(၁) ကာယကံ ၃-ပါး
(၂) ဝစီကံ ၄-ပါးနှင့်
(၃) မနောကံ ၃-ပါး တို့ဖြစ်သည်။

+++++

(၁) ကာယကံ ၃-ပါး

မြန်မာလို ရိုးရိုးပြောလျှင် ခန္ဓာကိုယ်နှင့်ပြုလုပ်သော ကံ ၃-ပါး ဖြစ်၏။

(က) သူ့အသက်သတ်ခြင်း၊
(ခ) သူ့ဥစ္စာကို ခိုးဝှက် တိုက်ခိုက် လှည့်ပတ်၍ ယူခြင်း၊
(ဂ) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း တို့မှာ အကုသိုလ်ကာယကံ ၃-ပါး ဖြစ်၏။

(က) သူ့အသက်သတ်ခြင်း။

ပါဠိလို ငါးပါးသီလထဲက ‘ပါဏာတိပါတ’ (ဖြစ်ပြီး) = ‘သတ္တဝါ၏ ဇီဝိတိနြေ္ဒကို လျင်စွာ ချခြင်း’ဟု အဓိပ္ပာယ်ရ၏။

ဇီဝိတိနြေ္ဒမှာ ‘အသက်’ပင် ဖြစ်ပြီး၊ ရုပ်ဇီဝိတိနြေ္ဒ, နာမ်ဇီဝိတိနြေ္ဒဟု ရှိ၏။ ဇီဝိတိနြေ္ဒ ဆက်လက် မဖြစ်ပွားအောင် လုပ်ခြင်းကိုပင် လျင်စွာ ချသည်ဟု ဆိုလို၏။

သူ့အသက်သတ်ခြင်း၌ အပါယ်ပဋိသန္ဓေအကျိုးကို ပေးနိုင်သော အကုသိုလ်ကံ သေသေချာချာ ဖြစ်ခြင်း(ကမ္မပထမြောက်ခြင်း)၊ မသေမချာ မရေမရာဖြစ်ခြင်း (ကမ္မပထမမြောက်ခြင်း)ဟု နှစ်မျိုး ရှိ၏။

ကမ္မပထ မြောက်,မမြောက် သိရန် ပါဏာတိပါတ အင်္ဂါငါးရပ်နှင့် ပြည့်စုံ မပြည့်စုံ ကြည့်ရ၏။

ပါဏာတိပါတဖြစ်ကြောင်း အင်္ဂါငါးရပ်

(၁) သက်ရှိသတ္တဝါလည်း ဖြစ်ခြင်း။
(၂) သတ္တဝါမှန်း သိသည်လည်း ဖြစ်ခြင်း။
(၃) သတ်လိုသော စေတနာလည်း ရှိခြင်း။
(၄) သတ်ဖြတ်မှု လုံ့လတစ်ခုခု ပြုသည်လည်း ဖြစ်ခြင်း။
(၅) ထိုလုံ့လကြောင့် သတ္တဝါသေသည်လည်း ဖြစ်ခြင်း။

ဤအင်္ဂါငါးရပ်ပြည့်စုံလျှင် ကမ္မပထမြောက်၍ အပြစ်လည်း ကြီး၏။

အဘိဓမ္မာတွင် –

* သတ္တဝါ၏အရွယ်ပမာဏ အကြီးအငယ်
* သတ္တဝါ၏ အကျင့်သိက္ခာ ရှိမှု မရှိမှု
* သတ်ရာတွင် ပယောဂ လုံ့လစိုက်မှု အနည်းအများပေါ် မူတည်၍ အပြစ် အကြီးအသေး ကွာခြားပြန်၏။

သတ္တဝါကို သတ်ရာ၌ ပယောဂ လုံ့လအားထုတ်မှု အမျိုးမျိုး ရှိပြန်၏။

* ကိုယ်ထိလက်ရောက် ကိုယ်တိုင်သတ်ခြင်း (သာဟတ္ထိကပယောဂ)
* နှုတ်, စာ, အရိပ်အယောင်ပြ၍ ဖြစ်ဖြစ် သူများကို အသတ်ခိုင်းခြင်း (အာဏတ္ထိကပယောဂ)
* အဝေးမှ လှမ်း၍ ပစ်ရသော လေးမြား လက်နက်စသည်ဖြင့် သတ်ခြင်း (နိဿဂ္ဂိယပယောဂ)
* အမြဲထာဝရတည်ရှိနိုင်သော ပစ္စည်းတစ်မျိုးမျိုး (ဗုံးထောင်ခြင်းမျိုး)ဖြင့် သတ်ခြင်း (ထာဝရပယောဂ)
* အတတ်ပညာဖြင့် (ပြုစားခြင်း၊ အင်းချခြင်း စသည်) သတ်ခြင်း (ဝိဇ္ဇာမယပယောဂ)
* ကံအစွမ်းကြောင့် တန်ခိုးရှိသူက တန်ခိုးဖြင့် သတ်ခြင်း (ဣဒ္ဓိမယပယောဂ)

ဗုဒ္ဓဘာသာတွင် သနားသဖြင့် သတ်ခြင်း (Mercy Killing) မရှိ။
သူ့ကံနှင့်သူ ခံစားနေရသော သတ္တဝါ၊ ခံစားနေရမှု သက်သာနိုင်သမျှ သက်သာအောင်သာ ပြုလုပ်ပေးရ၏။ သတ္တဝါ၏ ဇီဝိတချုပ်သွားအောင် ပြုလုပ်မိက ပါဏာတိပါတနှင့် မလွတ်နိုင်သောကြောင့် သတိကြီးစွာ ထားရ၏။

(ခ) သူ့ဥစ္စာကို ခိုးဝှက် တိုက်ခိုက် လှည့်ပတ်၍ ယူခြင်း။

ပါဠိလို ငါးပါးသီလမှ အဒိန္နာဒါန (အဒိန္န-မပေးအပ်သောဥစ္စာ + အာဒါန-ယူခြင်း) ဖြစ်၏။

အဒိန္နာဒါန အင်္ဂါ ငါးရပ်

(၁) သူတပါး၏ဥစ္စာလည်း ဖြစ်ခြင်း။
(၂) သူတပါး၏ဥစ္စာဟုလည်း သိခြင်း။
(၃) ခိုးချင်သော စိတ်လည်း ရှိခြင်း။
(၄) ခိုးခြင်း၌ လုံ့လပြုခြင်း။
(၅) တရားဝင် လက်တွေ့ ခိုးယူခြင်း အင်္ဂါ ငါးရပ်နှင့် ပြည့်စုံက ခိုးခြင်း ကမ္မပထမြောက်၏။

တဖန် အပြစ် အကြီးအသေးနှင့်စပ်၍

* ဥစ္စာ၏တန်ဖိုး အနည်းအများ
* ဥစ္စာရှင်၏ သီလ ရှိမှု,မရှိမှု
* ခိုးခြင်း၌ လုံ့လစိုက်ထုတ်မှု အနည်းအများ ပေါ်မူတည်၍ ဖြစ်၏။

(ဂ) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။

ကာမေသုမိစ္ဆာစာရ – မိမိ တရားဝင်ဆက်ဆံကောင်းသော ပုဂ္ဂိုလ်မှတပါး တခြားပုဂ္ဂိုလ်များနှင့် ကာမဂုဏ်ဆက်ဆံခြင်း။

ကာမေသုမိစ္ဆာစာရ ကမ္မပထမြောက်ကြောင်း အင်္ဂါ လေးရပ်

(၁) မသွားလာထိုက်သော ဝတ္ထု(ပုဂ္ဂိုလ်)လည်း ဖြစ်ခြင်း။
(၂) မသွားလာထိုက်သော ဝတ္ထု၌ မှီဝဲချင်စိတ်လည်း ရှိခြင်း။
(၃) လုံ့လ ပယောဂလည်း ပြုခြင်း။
(၄) မဂ်အချင်းချင်းကျင့်ခြင်းကို သာယာခြင်း။

ယောက်ျားတို့ မသွားလာထိုက်သော အမျိုးသမီး ၂၀

အုပ်ထိန်းမှု မကင်းသော အပျိုမိန်းမ ၈-မျိုး

(၁) မာ = မိခင်အုပ်ထိန်းသော မိန်းမ (မာတုရက္ခိတာ)
(၂) ပိ = ဖခင်အုပ်ထိန်းသော မိန်းမ (ပိတုရက္ခိတာ)
(၃) မာပိ = မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ (မာတာပိတုရက္ခိတာ)
(၄) ဘ = အစ်မ, ညီမအုပ်ထိန်းသော မိန်းမ (ဘဂိနိရက္ခိတာ)
(၅) ဘာ = မောင်ကြီး, မောင်ငယ်အုပ်ထိန်းသော မိန်းမ (ဘာတုရက္ခိတာ)
(၆) ဉာ = ဆွေမျိုးအုပ်ထိန်းသော မိန်းမ (ဉာတိရက္ခိတာ)
(၇) ဂေါ = အမျိုးအနွယ်အုပ်ထိန်းသော မိန်းမ (ဂေါတ္တရက္ခိတာ)
(၈) ဓမ် = တရားကျင့်ဖော်ချင်းအုပ်ထိန်းသော မိန်းမ (ဓမ္မရက္ခိတာ)

အုပ်ထိန်းမှု မကင်းသော အအိုမိန်းမ ၁၂-မျိုး

(၁) သ = မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ (သပရိဒဏ္ဍာ)
(၂) သာ = ကြောင်းလမ်းစေ့စပ်ထားသော မိန်းမ (သာရက္ခာ)
(၃) ဓ = ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ (ဓနက္ကီတာ)
(၄) ဆန် = အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ (ဆန္ဒဝါသိနီ)
(၅) ဘော = ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းနေသော မိန်းမ (ဘောဂဝါသိနီ)
(၆) ပ = အဝတ်တန်ဆာဆင်ပေး၍ ပေါင်းသင်းနေသော မိန်းမ (ပဋဝါသိနီ)
(၇) သြ = လူကြီးစုံရာ လက်ထပ်ပေါင်းသင်းသော မိန်းမ (သြဒပတ္တကိနီ)
(၈) သြ = ဆင်းရဲသူမကို ဆင်းရဲသားအလုပ် မလုပ်စေတော့ဘဲ မယားအဖြစ်ပေါင်းသင်းသော မိန်းမ (သြဘတစုမ္ဗဋာ)
(၉) ဓ = မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ (ဓဇာဟဋာ)
(၁၀) ကမ္မ = အစေခံလည်းဟုတ်, မယားလည်းဟုတ်သော မိန်းမ (ကမ္မကာရီဘရိယာ)
(၁၁) ဒါ = ကျွန်မယား (ဒါသီဘရိယာ)
(၁၂) မုဟာ = ခေတ္တမယားပြုထားသော မိန်းမ ((မုဟုတ္တိကာ)

+++++

အဘိဓမ္မာသင်တန်းပြီး၍ စနေနေ့တရားပွဲကို အရှင်စက္ကိန္ဒ က ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားတော်ကို အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘွဲ့တော်၊ သဗ္ဗညုတဉာဏ်တော်အစွမ်းသုံးပါး လင်္ကာများဖြင့်လည်းကောင်း၊ ကံလေးမျိုးလေးလီမှ အကျိုးပေးရာအလှည့်အကြိမ်နှင့်စပ်သည့် ကံလေးမျိုးအကြောင်းကိုလည်းကောင်း ဟောကြား ချီးမြှင့် ဓမ္မဒါနပြုသွားပြီး၊

တရားပွဲပြီးသော် ၁၅-မိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

+++++
စာကိုး
အဘိဓမ္မာသင်တန်းပို့ချချက်များ – အရှင်သီလာနန္ဒာဘိဝံသ
ဆုထူးပန်အဘိဓမ္မာ – ဆုထူးပန်ဆရာဟန်

Leave a Reply