ဗုဒ္ဓဘွဲ့တော်ရထိုက်သော ပုဂ္ဂိုလ်
(ကျက်မှတ်ရန်လင်္ကာ)
လက္ခဏာတော်ကြီးငယ် … အသွယ်သွယ်ဖြင့် သပ္ပာယ်လှစွာ
ကိုယ်အင်္ဂါဝယ်၊ ပါရမီတော်အဟုန်
ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ
သယမ္ဘူဟု၊ ဉာဏ်တူကင်းလတ် … အရဟတ်ဖြင့်
သတ်ဖြတ်ခပင်း၊ ကိလေရှင်းသား
ဉာဏ်ရင်းမဟာ၊ ကရုဏာနှင့်
သမ္မာသမ္ဗောဓိ၊ အစရှိလတ်၊ ဉာဏ်တော်မြတ်၏
ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်
ဘွဲ့တော်ဗုဒ္ဓ၊ တင်ပါရသည်
လောကထွတ်ထား … မြတ်ဘုရား။
+++++
“မမှန်သော ဘွဲ့နာမည်”
“ဗုဒ္ဓ”ဟူသော ပါဠိသည် သိစရာအားလုံးကို အကုန်သိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အပေါ်၌သာ တင်ထားရသော ဘွဲ့တော် နာမည်တော် ဖြစ်၏။
ထိုဘွဲ့တော် နာမည်တော်ကို နောက်လိုက်နောက်ပါ တပည့်ပရိသတ်များသော ဆရာတိုင်း၌ မတင်နိုင်။
မိမိတို့၏ တပည့်များက မိမိတို့ဆရာကြီးကို အမွှန်းတင်ကာ ဗုဒ္ဓ ဗုဒ္ဓဟု ခေါ်နေကြစေကာမူ၊ ဆရာကြီးတို့ ကိုယ်တိုင်ကလည်း ဗုဒ္ဓ ဗုဒ္ဓဟု ဝန်ခံနေကြစေကာမူ ဗုဒ္ဓအစစ် မဖြစ်နိုင်ပါ။
“မှန်သော ဘွဲ့နာမည်”
ဗုဒ္ဓအမည်တော်ကို အမှန်အတိုင်း ရထိုက်သော ပုဂ္ဂိုလ်သည် လင်္ကာ၌ပါသော ဂုဏ်တော်အားလုံးနှင့် ပြည့်စုံရပါသည်။
ဘုန်းကြီးနှင့်တကွ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ကိုးစား အားထားအပ်သော ဘုရားရှင်သည် ထိုဂုဏ်တော်များနှင့် ပြည့်စုံ မပြည့်စုံကို လေးလေးနက်နက် အာရုံပြု၍ ကြည့်တတ်ဖို့ရန် ဘုန်းကြီးရေးပြအပ်သော စကားအစဉ်ကို ကြည့်ရုံဖတ်ရုံမျှမကဘဲ စိတ်ထဲ၌ စွဲနေအောင် သတိစိုက်လိုက်ပါ။
မိမိစိတ်၌ ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်း (ဖြစ်မှန်းမသိ) ဖြစ်နေပါလိမ့်မည်။
“သီလကို အခြေခံပါ”
ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်း ဖြစ်သည့်တိုင်အောင် ဤစာကို ကြည့်ရင်း ကြိုးစားလိုသော သူတော်စင်သည် လူဝတ်ကြောင်ဖြစ်၍ အနည်းဆုံး အသက်မွေးမှုနှင့်ဆိုင်သော အာဇီဝဋ္ဌမကသီလကို စင်ကြယ်ပါစေ။ သီလရှင် ရဟန်း သာမဏေဖြစ်လျှင်လည်း အသက်မွေးမှု စင်ကြယ်ဖို့နှင့်တကွ မိမိသီလကို စင်ကြယ်ကြပါစေ။
“သီလအကျိုး”
သီလစင်ကြယ်လျှင် စိတ်နှလုံး ကြည်ရွှင်၏။
စိတ်ကြည်ရွှင်လျှင် ဝမ်းမြောက်နှစ်သက်မှု နုသောပီတိ ဖြစ်၏။
နုသော ပီတိဖြစ်လျှင် သာ၍ နှစ်သက်မှုဟူသော ရင့်သောပီတိ ဖြစ်၏။
ပီတိဖြစ်လောက်အောင် ဝမ်းမြောက်သောအခါ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးလာ၏။
ချမ်းသာသုခဖြစ်သောအခါ၌ တောင်တောင်အီအီ မကြံစည်တော့ဘဲ စိတ်တည်ကြည်မှု သမာဓိ ဖြစ်၏။
ထိုသို့ စိတ်တည်နေမှသာ ဗုဒ္ဓမြတ်စွာကို ဉာဏ်ဖြင့် ထင်ထင် မြင်နိုင်ပါသည်။
“သာမညအကျိုး မဟုတ်”
ထို့ကြောင့် ငါးပါးသီလစသော မိမိသီလ စင်ကြယ်မှုကြောင့် ရနိုင်သောအကျိုးကို သာမညအကျိုးကလေးဟု မယူဆပါနှင့်။
ဤဘဝ၌ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်မှုမှ စ၍ နောက်ဘဝအတွက် အပါယ်လေးပါးမှ လွတ်မြောက်၍ ကောင်းရာသုဂတိသို့ ရောက်စေနိုင်လောက်သော အကျိုးကိုပင် ရစေနိုင်၏။
ကမ္မဋ္ဌာန်းအားထုတ်သူဖြစ်လျှင် ဤဘဝ၌ပင် တရားပေါက်နိုင်သော အကျိုးထူးကို ရစေနိုင်ပါသည်။
ထို့ကြောင့် ဗုဒ္ဓါနုဿတိဘာဝနာအထိ အကျိုးရှိအောင် ဤစာကို ကြည့်ရှုလို (သူတပါးဖတ်သည်ကို) နားထောင်လိုသော သူတော်စင်သည် မိမိစောင့်ထိန်းနေကျ သီလကို စင်ကြယ်အောင် ကြိုးစားပါ။
ထိုအခါ စာဖတ်ရင်း စာနာရင်း ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်တို့ကို အာရုံပြုနေရသည်မှာ လွန်စွာ အရသာရှိပါလိမ့်မည်။
“အရသာပေါ်အောင် ကြည့်ရှုပါ”
ဤနေရာမှ စ၍ ဗုဒ္ဓမြတ်စွာ၏ ပုံတော် ဂုဏ်တော်များကို ဖူးမြော်ရ ကြည်ညိုကြရပါတော့မည်။
ကိစ္စတစ်စုံတစ်ခု ရှိနေသော်လည်းကောင်း, အိပ်ချင်နေသော်လည်းကောင်း, မျက်လုံးညောင်းနေသော်လည်းကောင်း, ပျင်းနေသော်လည်းကောင်း ဤစာကို မကြည့်ရှုသေးဘဲ ထိုကိစ္စပြီးမှ (သို့မဟုတ်) အိပ်ချင်ပြေ, အညောင်းပြေ, အပျင်းပြေမှ ဤစာကို ကြည့်ရှုပါ။
ပေါ့ပေါ့ဆဆ ကြည့်ရှု ကြားနာလျှင် အရသာပေါ်မည် မဟုတ်ပါ။
+++++
လင်္ကာ၏ အဓိပ္ပာယ်
“လက္ခဏာတော်ကြီးငယ်”
‘လက္ခဏ’ဟူသော ပါဠိစကားသည် မြန်မာလို ‘အမှတ်အသား’ဟု အနက်အဓိပ္ပာယ် ပြ၏။
ထိုအမှတ်အသားသည် ရှေးရှေးဘဝက ပြုအပ်ခဲ့သော ကံနှင့် ဆိုင်၏။
မျက်လုံး မျက်ခုံး လက် ခြေ စသော ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် ကိုယ်လုံးကိုယ်ပေါက်တို့ဝယ် ရှေးကံအားလျော်စွာ ကောင်း,မကောင်း အမှတ်လက္ခဏာများ ပါရှိကြ၏။
ထိုလက္ခဏာကို ကြည့်၍ ဗေဒင်ပညာရှိတို့သည် ယောက်ျားကောင်း ယောက်ျားမြတ်၊ မိန်းမကောင်း မိန်းမမြတ်ဟု အတပ် သိနိုင်ကြသည်။
အချုပ်မှတ်ဖွယ်ကား ဗုဒ္ဓမြတ်စွာ၌ လက္ခဏာတော်ကြီး ၃၂-ပါး၊ လက္ခဏာတော်ငယ် ရှစ်ဆယ် ရှိ၏။
“အရပ်အမောင်း”
ဗုဒ္ဓမြတ်စွာသည် မြင့်သော အရပ်တော်နှင့် လိုက်လျောသော ကိုယ်လုံးတော်၊ ထိုကိုယ်လုံးတော်မှ ပေါ်ထွက်သောကြောင့် ‘ကိုယ်ပေါက်’ဟု ခေါ်ဝေါ်ရသော လက်မောင်းတော်, ခြေတော်, လက်ချောင်းတော်, ခြေချောင်းတော်တို့ဖြင့် အင်္ဂါတိုင်းမှာ လွန်စွာ တင့်တယ် သပ္ပာယ်တော်မူ၏။ အသားအရေတော်ကား ရွှေအဆင်းကဲ့သို့ ဝါဝင်းနေ၏။
“မျက်နှာတော်”
မျက်နှာတော်သည် ဖူးမြော်၍ မဝနိုင်အောင် လှပ တင့်တယ် သပ္ပာယ်တော်မူ၏။
မျက်နှာတော်ဝယ် မျက်လုံးတော်အစုံသည် ညိုသင့်ရာအရပ်၍ ညို၍ ဖြူသင့်ရာအရပ်၌ ဖြူ၏။ ထိုမျက်လုံးတော်သည် ကြီးကြီးမားမား အလျားရှည်၍ ခပ်ကော့ကော့ စီရရီ ပေါက်နေသော မျက်တောင်မွေးများဖြင့် ထူးခြားစွာ တင့်တယ်တော်မူ၏။
မျက်ခုံးတော်သည် မျက်လုံးတော်နှင့် လိုက်လျောအောင် ကြီးကြီးမားမား ရှည်လျား၍ မျက်ခုံး၏ အမွေးတော်များလည်း မကြမ်းတမ်းဘဲ သိမ်မွေ့လျက် သုံးရက်လ အရေးကဲ့သိုပ ညွတ်ကွေးတော်မူ၏။
နှာတံတော်သည် များစွာသော မြန်မာလူမျိုးများ၏ နှာတံကဲ့သို့ ပိပိပြားပြား မဟုတ်ဘဲ ခပ်မြင့်မြင့် တင့်တယ်တော်မူ၏။
“နဖူးတော်”
လက်ယာဘက် နားတော်၏ အစွန်မှ စ၍ အထက်သို့ တက်သွားသော အသားပြင်သည် အထက်တက်ပြီးလျှင် နဖူးတော်အပြင်ကို ပြည့်စေလျက် လက်ဝဲနား၏ အစွန်တိုင်အောင် တည်တော်မူ၏။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ နဖူးတော်သည် သင်းကျစ်ပြားဖြင့် ရစ်ပတ်ထားသကဲ့သို့ အလွန်တင့်တယ်တော်မူ၏။
ထိုနဖူးတော်ကို အတုလိုက်၍ ယခုအခါ အချို့ဆင်းတုတော်၏ နဖူးတော်၌လည်းကောင်း၊ ရှင်ဘုရင်တို့၏ နဖူး၌လည်းကောင်း သင်းကျစ်ပြားကို ဖွဲ့ကပ်ထားကြလေသည်။
“ဥဏ္ဏလုံ (မွေးရှင်တော်)”
မျက်ခုံးတော်နှစ်သွယ်၏ အလယ်ဗဟိုဝယ် နှာတံတော်၏ အဆုံးအထက်၌ ပေါ်ပေါက်၍ အထက်သို့ တက်ပြီးလျှင် နဖူးတော်၏ အလယ်မှာ လဲဝါဂွမ်းအစုကဲ့သို့ အလွန် ဖြူဖွေးစွာ တည်နေ၏။
ထိုအမွေးတော်သည် ဆွဲ၍ ဆန့်လိုက်သောအခါ လက်မောင်းတစ်ဝက်မျှ ရှည်လျား၍ လက်မှ လွှတ်လိုက်သောအခါ လက်ယာရစ်လည်၍ စုသွားပြီးလျှင် အထက်သို့ အဖျားလှည့်လျက် တည်နေတော်မူသောကြောင့် အသက်ရှင်နေသကဲ့သို့ ထင်ရကား ‘ဥဏ္ဏလုံမွေးရှင်တော်’ဟု ခေါ်ဝေါ်ကြရသည်။
ရွှေအဆင်းရှိသော နဖူးတော်အပြင်၌ တည်သော ထိုမွေးရှင်တော်သည် ကောင်းကင်၏ အရုဏ်ရောင်လာခိုက်ဝယ် သောကြာကြယ်ကဲ့သို့ အလွန်တင့်တယ်တော်မူသည်။
“နှုတ်ခမ်းတော် စသည်”
ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အသားအရေတော်ဖြင့် တင့်တယ်နေသော မျက်နှာတော်ဝယ် နီမြန်းသော နှုတ်ခမ်းတော်၊ နီမြန်းသော သွားဖုံးတော်၊ ဖြူစင်သော သွားတော် စွယ်တော်၊ ပြည့်သော အထက်မေး အောက်မေးတော်တို့သည် မျက်နှာတော်ကို ဖူးမြော်ချင်ဖွယ် သာ၍ တင့်တယ်အောင် တန်ဆာဆင်သကဲ့သို့ ဖြစ်ကြသည်။
ဤနည်းအားဖြင့် ဦးခေါင်းတော် မျက်နှာတော်မှ စ၍ ခြေဖဝါးတော်တိုင်အောင် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် သပ္ပာယ်တော်မူသော ဘုရားရှင်ကို တွေ့မြင်ရသောအခါ ရုပ်လက္ခဏာ၌ ကျွမ်းကျင်သော ဝေဒပါရဂူတို့သည် ဘုရားအလောင်းတော်ကို လူ့ဘောင်၌ နေလျှင် စကြာမင်း၊ တောထွက်တော်မူလျှင် ဗုဒ္ဓစင်စစ် ဧကန်ဖြစ်မည်ဟု အတတ်ဟောကြပါသည်။
+++++
(ဤနေရာ၌ ‘ပစ္ဆိမံဖလဒါနေန’စသော ရတနာ့ဂုဏ်ရည်ဂါထာကို ရပြီးသူတို့က ရွတ်ဆို၍ အာရုံပြုကြပါလေ။)
“ရုပ်ပုံတော်ဖွင့်”
ပစ္ဆိမံ ဖလဒါနေန
ဗဟုံ ပစိတပါရမိ။
ယဿ ဝေသံ သုမာပေန္တိ
ကေနာပိ အသမံ သမံ။
+++++
“ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍”
ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၌ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ဖြည့်ကျင့်တော်မူအပ်ခဲ့သော ဒါန သီလ စသော ပါရမီတော်တို့သည် တစ်ကိုယ်လုံး လွှမ်းခြုံထားသကဲ့သို့ ဖြစ်၏။
ပါရမီတော် အမွှေးအကြိုင်တို့ဖြင့် တစ်ကိုယ်တော်လုံးကို မွှမ်းထုံ၍ ထားသကကဲ့သို့ ဖြစ်၏။
“အမျက်မထွက် အဝတ်ကောင်းလှူ”
ဗုဒ္ဓမြတ်စွာသည် ပါရမီဖြည့်တော်မူစဉ်အခါဝယ် သတ္တဝါတို့အပေါ်၌ အမျက်ဒေါသ မထွက်ရအောင် မေတ္တာဖြင့် စောင့်စည်းတော်မူခဲ့၏။
သိမ်မွေ့နူးညံ့သော အဝတ်တို့ကိုလည်း ပေးလှူခဲ့၏။
ထို့ကြောင့် ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းတော်ကို ရတော်မူ၏။
ဤသို့ အမျက်ဒေါသမထွက်ရအောင် ချုပ်တည်းခဲ့သော ကောင်းမှု၊ နူးညံ့သော အဝတ်ကို ပေးလှူခဲ့သော ကောင်းမှုတော်အဟုန်သည် ဝါဝင်းသော အဆင်းတော်ဖြင့် တစ်ကိုယ်လုံး လွှမ်းခြုံ၍ မွှမ်းထုံထားသကဲ့သို့ ဖြစ်ပေသည်။
“ဂုဏ်နှင့်လိုက်အောင် ချီးမြှောက်”
ဗုဒ္ဓမြတ်စွာသည် ပါရမီဖြည့်တော်မူစဉ်အခါ၌ ချီးမြှောက်ထိုက်သူကို ချီးမြှောက်သောအခါ သူ၏ဂုဏ်နှင့်လိုက်အောင် ချီးမြှောက်လေ့ရှိ၏။
ပို၍လည်း မချီးမြှောက်၊ လျော့၍လည်း မချီးမြှောက်။
ထိုသို့ ချီးမြှောက်ခြင်းအားဖြင့် အကဲ့ရဲ့ မခံရဘဲ လူအများကို နှစ်သိမ့်စေခဲ့၏။
ထို့ကြောင့် ဗုဒ္ဓဖြစ်မည့်ဘဝ၌ အရပ်တော်အမြင့်နှင့် ကိုယ်လုံးကိုယ်ပေါက်တို့ လိုက်လျောသော ကိုယ်တော်ကို ရတော်မူ၏။
ဤသို့ ရှေးရှေးဘဝ၌ သူ၏ဂုဏ်နှင့် လိုက်လျောအောင် ချီးမြှောက်ခဲ့သော ကောင်းမှု ပါရမီတို့က အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တို့ကို လိုက်လျောအောင် လွှမ်းခြုံ၍ မွှမ်းထုံထားသကဲ့သို့ ဖြစ်ပါပေသည်။
“ပိယစက္ခုဖြင့် ကြည့်ရှုခဲ့”
ဗုဒ္ဓမြတ်စွာသည် ဘဝများစွာ ရှေးရှေးအခါတို့၌ သူတပါး၏ ကောင်းကျိုးကိုသာ လိုလားသဖြင့် ချစ်ကြည်သော ပိယစက္ခုဖြင့် ကြည့်ရှုတော်မူလေ့ ရှိ၏။
ထို့ကြောင့် ဘုရားဖြစ်မည့် ဘဝ၌ အများ၏ ချစ်စရာ, ကြည်ညိုစရာ ကောင်းသော မျက်လုံး, မျက်ခုံး, မျက်တောင်မွေးတော်တို့ကို ရတော်မူ၏။
ဤသို့ မေတ္တာရှေးရှု၍ ချစ်ကြည်သော စက္ခုဖြင့် ကြည့်ခဲ့သော ကောင်းမှုပါရမီတော်က မျက်လုံး, မျက်ခုံး, မျက်တောင်မွေးတော်များကို လွှမ်းခြုံ၍ မွှမ်းထုံထားသကဲ့သို့ ဖြစ်ပါပေသည်။
“ကျက်သရေရှိတော်မူခြင်း”
ဤပြအပ်ခဲ့သော နည်းအားဖြင့် ဗုဒ္ဓမြတ်စွာ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတိုင်းဝယ် ယောက်ျားထူး ယောက်ျားမြတ်ဖြစ်ကြောင်း သိဖို့ရာ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့ဖြင့် အမှတ်တံဆိပ် ခပ်နှိပ်ပါရှိရကား ထိုလက္ခဏာတော်တို့ကိုလည်း ရှေးရှေးကောင်းမှု ပါရမီတော်တို့က တစ်ကိုယ်လုံး လွှမ်းခြုံ၍ မွှမ်းထုံနေသကဲ့သို့ ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာသည် လူမင်း နတ်မင်း ဗြဟ္မာမင်း ပရိသတ်တို့အလယ်၌ သီတင်းသုံး၍ တရားဓမ္မ သြဝါဒပေးတော်မူသောအခါ အမင်းမင်းတို့ကို လွှမ်း၍ ကျက်သရေမင်္ဂလာဖြင့် လွန်စွာ သပ္ပာယ် တင့်တယ်တော်မူပါသည်။
“စိတ်တော်အရည်အချင်း”
ဗုဒ္ဓမြတ်စွာ၏ လူ့လောကဝယ် ရုပ်လက္ခဏာအားဖြင့် အသာဆုံး ယောက်ျားမြတ်ဖြစ်ပုံကို ပြပြီးပါပြီ။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဟူသည် လူ၌ ဖွား၍ လူသားတစ်ယောက်ဖြစ်ကြောင်း (ရှေးခေတ်က ကပ္ပိလဝတ်နေပြည်တော်၊ ယခု နီပေါပြည် လုမ္ဗိနီဥယျာဉ်ဝယ် မယ်တော် မာယာဒေဝီမှ ဖွားမြင်သော သာကီဝင်မင်းသားဖြစ်ကြောင်း) ကောင်းကောင်း သတိပြုခဲ့ပါ။
ယခုအခါ ထိုလူသားဖြစ်သော ဘုရားအလောင်း၏ စိတ်ဓာတ်တော် အရည်အချင်းကို ပြပါမည်။
“သယမ္ဘူဟု”
ဗုဒ္ဓမြတ်စွာသည် လူ့ဘဝ၌ နန်းပြာသာဒ် သုံးဆောင်ဝယ် ယသော်ဓရာ အမှူးရှိသော မောင်းမမိဿံ အခြွေအရံတို့နှင့်အတူ ထုံးစံအတိုင်း စံစားတော်မူစဉ် မင်္ဂလာဥယျာဉ်သို့ ထွက်လာသောအခါ သုဒ္ဓါဝါသဗြဟ္မာမင်းတို့ ဆောင်ပြအပ်သော သူအို သူနာ သူသေတို့ကို မမြင်စဖူး မြင်ရသဖြင့် လူ့စည်းစိမ်၌ ငြီးငွေ့သော သံဝေဂဉာဏ် ဖြစ်တော်မူသည်။
ထို့နောက် အလွန်တည်ငြိမ်စွာ တရားကျင့်နေသော ရဟန်းတော်ကို မြင်ရသောအခါ ထိုရဟန်းတော်၏ ကျင့်ပုံကို နှစ်သက်၍ တောထွက်တော်မူ၏။
တောသို့ ရောက်သောအခါ အခြားယောဂီပုဂ္ဂိုလ်တို့ ကျင့်ဖို့ ခဲယဉ်းလှသော အကျင့်ကို ၆ နှစ်ပတ်လုံး ကျင့်တော်မူ၍ အလွန် ထူးခြားသော ဉာဏ်တော်ကို ရတော်မူသည်။
ထိုဉာဏ်တော်သည် ဆရာတစ်ပါးပါး၏ နည်းပြခြင်းကြောင့် ရအပ်သော ဉာဏ်မဟုတ်။ ဘုရားလောင်းကိုယ်တိုင် ကျင့်၍ ဖြစ်ပေါ်လာသော ဉာဏ်တော် ဖြစ်၏။ ထို့ကြောင့် “သယမ္ဘူဉာဏ်” မည်၏။
(သယံ = ဆရာမရှိ မိမိဘာသာ + ဘူ = ဖြစ်ပေါ်လာသော ဉာဏ်တော်)
“ဉာဏ်တူကင်းလတ် အရဟတ်”
ထိုဉာဏ်တော်ဖြစ်ပေါ်လာသောအခါ ရာဂစသော ကိလေသာအညစ်အကြေးဟူသမျှတို့ လုံးဝဥဿုံ အကုန်သန့်ရှင်းသွား၏။
ထို့ကြောင့် ထိုဉာဏ်တော်ကို “အရဟတ္တမဂ်ဉာဏ်”ဟု ခေါ်၏။ မြန်မာလို “ကိလေသာတို့ကို အလုံးစုံ သတ်တတ်သော ရဟန္တာ၏ဖြစ်ကြောင်း ဉာဏ်”ဟု ဆိုလိုသည်။
အခြားရဟန္တာတို့၏ ကိလေသာကို ပယ်ရာ၌ အထုံဝါသနာ ကျန်သေး၏။ ဘုရားရှင်တော်၌ကား အထုံဝါသနာမျှ မကျန်တော့။
ထို့ကြောင့် “ဉာဏ်တူကင်းလတ် အရဟတ္တမဂ်ဉာဏ်”ဟု ဆိုသည်။
“ဉာဏ်ရင်းမဟာ ကရုဏာနှင့်”
ဗုဒ္ဓမြတ်စွာသည် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်းမှာပင် အရဟတ္တမဂ်ဉာဏ်ကို ရ၍ ရဟန္တာဖြစ်နိုင်ပါ၏။
သို့သော် အိုနာသေရေး အပါယ်ဘေးတို့နှင့် ရောထွေး၍ နေပါလျက် ထိုဘေးတို့ကို မတွေးမရှုနိုင်လောက်အောင် မေ့နေကြသော သတ္တဝါတို့ကို သနားတော်မူသော မဟာကရုဏာတော်ကြောင့် ဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ သတ္တဝါအများကိုပင် ကယ်နိုင်သော ဘုရားတစ်ဆူဖြစ်အောင် ပါရမီတော်တို့ကို ဖြည့်တော်မူခဲ့သည်။
ထို့ကြောင့် မဟာကရုဏာဉာဏ်ကို “ဉာဏ်အားလုံး၏ အရင်းခံဉာဏ်တော်”ဟု ခေါ်ရပေသည်။
“သမ္မာသမ္ဗောဓိ အစရှိလတ်”
အမှန်အတိုင်းလည်း သိ၊ (ဆရာမရှိဘဲ) ကိုယ့်ဘာသာလည်း သိနိုင်သောဉာဏ်တော်ကို “သမ္မာသမ္ဗောဓိဉာဏ်”ဟု ခေါ်၏။
ထိုဉာဏ်သည် ပြအပ်ပြီးသော အရဟတ္တမဂ်ဉာဏ် အရင်းခံသော သဗ္ဗညုတဉာဏ်တော်ပင်တည်း။
(သမ္မာ = အမှန် + သံ = ကိုယ်တိုင် + ဗောဓိ = သိသောဉာဏ်)
“လောကထွတ်ထား မြတ်ဘုရား”
ပြအပ်ပြီးသော စကားကို ပြန်၍ စဉ်းစားပါ။
(၁) လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် အသပ္ပာယ်ဆုံးလည်း ဖြစ်ခြင်း၊
(၂) ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၌ ကောင်းမှု ပါရမီတော်တို့က လွှမ်းခြုံ၍ မွှမ်းထုံထားခြင်း၊
(၃) ရာဂ ဒေါသ မောဟစသော ကိလေသာတို့ကို သတ်ဖြတ်နိုင်သော အရဟတ္တမဂ်ဉာဏ်ကို ရခြင်း၊
(၄) သတ္တဝါတို့၏အပေါ်၌ သနားကြင်နာ ကရုဏာ ကြီးမားခြင်း၊
(၅) အလုံးစုံကို အကုန်သိနိုင်သော သဗ္ဗညုတဉာဏ်တော်ကို ရခြင်း၊
ဤဂုဏ်တို့၏ ကိန်းဝပ်စံပျော်ရာ ခန္ဓာကိုယ်တော်၌သာ “ဗုဒ္ဓ”ဟု ဘွဲ့နာမည်တော်ကို တင်ထိုက်သည်။
ထိုသို့ တင်ထိုက်သော ယောက်ျားမြတ်သည်သာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အထွတ်အထိပ် ထားရသော ဘုရား ဖြစ်ပါသည်။
“တိုက်တွန်းချက်”
ပြအပ်ပြီးသော ဤအဓိပ္ပာယ်ကို ကြည့်ရှု၍ ပြီးသောအခါ သက်တော်ထင်ရှား မြတ်ဘုရားကို မှန်းနိုင်လောက်ပါပြီ။
ထိုဘုရားရှင်ကို မှန်း၍ လက်အုပ်ချီကာ “လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ” စသော လင်္ကာကို ပြန်၍ ဖတ်လိုက်ပါ။
အရသာ ပို၍ ရှိပါလိမ့်မည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ “ပဉ္စမတန်း ဗုဒ္ဓဘာသာသင်ခန်းစာ” မှ)