ရှေ့စိတ်ကို နောက်စိတ်ဖြင့် လိုက်၍ သိခြင်း အကျိုး (မင်းကွန်းဝိပဿနာ)


စိတ်၏ကျရာ ဌာန ၄-ပါး

အားလုံးသော သတ္တဝါတို့၌ ‘ကိုယ်’ဟူသော ပစ္စည်းတစ်ခု၊ ‘စိတ်’ဟူသော ပစ္စည်းတစ်ခု ဟူ၍ နှစ်ခုသာ ရှိ၏။
ထိုနှစ်ခုမှာလည်း ‘ကိုယ်’ဟူသော ပစ္စည်းကို လက်ညှိုးထိုး၍ ပြပါက အကြမ်းဖျင်းအားဖြင့် သိမြင်နိုင်၏။
‘စိတ်’ဟူသော ပစ္စည်းကို လက်ညှိုးထိုး၍လည်း မပြနိုင်၊ မရှိဟုလည်း မပြောဆိုနိုင်ကြောင်းကို သိကြပါ၏။

မပြနိုင်သော ‘စိတ်ကို ဆုံးမရန် ခဲယဉ်းကြောင်း’၊ ‘တလောကလုံးကို စိတ်က ဆွဲဆောင်နေကြောင်း’၊ ‘တလောကလုံးကို စိတ်က ပြုပြင်နေကြောင်း’ ဘုရားကလည်း ဟောတော်မူ၏။

ဆုံးမရန် ခဲယဉ်းသော ‘စိတ်၏ နေထိုင်ရာ’ကို ရှာဖွေရန်မှာ စိတ်ရှိသော သတ္တဝါတိုင်း၏ တာဝန် ဖြစ်သည်။

စိတ်၏ နေထိုင်ရာကား တစုံတခုသော အလုပ်ကိစ္စကို ပြုလုပ်သောအခါ ပြုလုပ်ရာဌာန၌ ပြုလုပ်သည့် အမူအရာတွေကို အစဉ်တစိုက် လိုက်၍ သိနေသော သဘောတွေ ရှိနေ၏။
ထိုသဘောတွေသည် စိတ်ပင် မဟုတ်ပါလော။

သိနေသော သဘောတွေသည် သင်တို့ ပြုလုပ်ရာ ကိစ္စအဝဝတို့၏ အပေါ်၌ ကျရောက်၍နေသော သိမှုစိတ်တွေပင် ဖြစ်ပေ၏။
ဤသိမှု စိတ်ကို အဖြူအနီဟု မခွဲခြားသေးဘဲ သိမှုစိတ်၏ ကျရာဌာနကို ခွဲခြား၍ ပြပါအံ့။

၁။ အကောင်းအပေါ်၌ သိမှုစိတ် ကျတာ တစ်မျိုး။
၂။ အဆိုးအပေါ်၌ သိမှုစိတ် ကျတာ တစ်မျိုး။
၃။ အကောင်းနှင့်အဆိုး ရောသောအပေါ်၌ သိမှုစိတ် ကျတာ တစ်မျိုး။
၎။ အကောင်းအဆိုးနှင့် ဘာမျှ မသက်ဆိုင်သော အပေါ်၌ သိမှုစိတ် ကျတာ တစ်မျိုး ဟု လေးမျိုး ရှိ၏။

ထိုလေးမျိုးတို့တွင် အကောင်းအပေါ်၌ သိမှုစိတ် ကျပုံမှာ – ဒါန၊ သီလ၊ ဘာဝနာ၊ သမထ၊ ဝိပဿနာကို ပြုလုပ်သော ကိစ္စတို့၌ ကျနေဆဲသော စိတ်ကို ဆိုသည်။

အဆိုးအပေါ်၌ သိမှုစိတ် ကျပုံမှာ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ သူတပါးအိမ်ရာကို ပြစ်မှားခြင်း၊ မုသားကို ဆိုခြင်း၊ သူရာကို သောက်ခြင်း စသော မကောင်းမှုတို့ကို ပြုလုပ်သော ကိစ္စတို့၌ စိတ်ကျဆဲကို ဆိုသည်။

အကောင်းနှင့်အဆိုး ရောသောအပေါ်၌ သိမှုစိတ် ကျပုံမှာ – ခိုး၍ တိုက်၍ ခိုက်၍ လုယက်၍ ရသော ပစ္စည်းဥစ္စာတို့ဖြင့် လှူဒါန်းခြင်း၊ ပေးကမ်းခြင်းအမှု ပြုလုပ်သော ကိစ္စတို့၌ သိမှုစိတ် ကျဆဲကို ဆိုလိုသည်။

အကောင်းအဆိုးနှင့် ဘာမျှ မသက်ဆိုင်သော အပေါ်၌ သိမှုစိတ် ကျပုံမှာ – ဥပမာ လူတစ်ယောက်သည် ကိစ္စတစ်ခုခုဖြင့် ခရီးသွားသောအခါ လမ်းတွင် တွေ့မြင်ရသော ကျောက်ခဲ၊ သလဲ၊ မြက်မှိုက်၊ ထင်းချောင်း စသည်တို့ကို မတွေ့သည်ကား မဟုတ်၊ တွေ့၏။
တွေ့သော်လည်း ထိုပစ္စည်းတို့၏ အပေါ်၌ အပြစ်မမြင်၊ အချစ်မဝင်သလို၊ ထို့အတူ မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိမှု၊ သိမှုတို့တွင် မြင်မှုအာရုံ၌ စိတ်ရောက်တုန်း၊ ကြားမှု, နံမှု, စားမှု, ထိမှု, သိမှုတို့သည် မရှိသည် မဟုတ်၊ ရှိ၏။
ရှိသော်လည်း ၎င်းတို့အပေါ်၌ အပြစ်လည်း မမြင်၊ အချစ်လည်း မဝင်သဖြင့် အကောင်းအဆိုးနှင့် ဘာမျှ မသက်ဆိုင်ဟု ဆိုသည်။

“ထိုလေးမျိုးတို့၌ ကျရောက်နေသော သိမှုစိတ်အား အလွယ်ဆုံးအားဖြင့် ဆုံးမရန် နည်းမှာ စိတ်သည် တည်ရာမှီရာ ရှိမှသာလျှင် တည်ရာမှီရာတို့၏ အပေါ်၌ ကျရောက်မြဲ ဓမ္မတာ ဖြစ်ပါ၏။”

သို့အတွက် ဤစာကို ဖတ်နေသော သင်၏ စိတ်မှာ စာတစ်လုံး၏ အပေါ်၌ စိတ်တို့သည် တည်၍ တည်၍ နေသည် မဟုတ်ပါလော။

စာ တစ်လုံး တစ်လုံး၏ အပေါ်၌ စိတ်သာ မတည်ခဲ့လျှင် ဘယ်နည်းနှင့်မျှ ဤစာကို ဆုံးအောင် ဖတ်နိုင်မည် မဟုတ်ပါ။

သို့ပါ၍ ယခု စာဖတ်နေသော ခဏတွင် စိတ်သည် စာလုံး၌သာ တည်ရာ ရှိပေသည်။
စာလုံးတွေ၏ အပေါ်မှာသာလျှင် စိတ်ကျနေသည်ဟု ဆိုရပေ၏။

စာလုံးတွေ၏ အပေါ်၌ ဦးစွာ ကျနေသော ရှေ့စိတ်ကို နောက်စိတ်ဖြင့် ငါ၏စိတ်သည် စာလုံးများ အပေါ်၌ ကျရောက်နေသည်ဟု ထပ်၍ သိရမည်။
ဤနည်းအတိုင်း ပြုလုပ်ရန် ဝန်လေးလိမ့်မည် မဟုတ်ပေ။

ထို့အတူ စားသောအခါမှာလည်း စားရာ၌ ရှေးဦးစွာ ကျရောက်သော ရှေ့စိတ်ကို နောက်စိတ်ဖြင့် ထပ်၍ သိရန်ကိုလည်း ခဲယဉ်းမည် မဟုတ်ပေ။

လှူဒါန်းပေးကမ်းလိုရာသို့ ကျသော ရှေ့စိတ်ကိုလည်း နောက်စိတ်ဖြင့် ထပ်၍ သိရန်အတွက်မှာလည်း ပို၍ မခဲယဉ်းနိုင်တော့ပါ။

ဤသို့ စိတ်ကျတိုင်း ကျတိုင်း ရှေ့စိတ်ကို နောက်စိတ်ဖြင့် လိုက်၍ သိသောအလုပ်ကို လုပ်သောသူအား အကျိုးခံစားရပုံမှာ –

ပဌမအကျိုး – ကောင်းရာသို့ ညွတ်ပုံ

ကောင်းရာသို့ဖြစ်စေ ဆိုးရာသို့ဖြစ်စေ၊ အကောင်း, အဆိုး, လုံးလုံး မပါရာသို့ဖြစ်စေ၊ ကျရောက်သော ရှေ့စိတ်ကို နောက်စိတ်ဖြင့် လိုက်၍ ကြည့်ရှု သတိပြုနေသောသူမှာ ငါ၏စိတ်သည် ယခု တစ်နာရီအတွင်း၌ မကောင်းရာသို့ များများ ရောက်၍ ကောင်းရာသို့ နည်းနည်းသာ ရောက်ပါတကား … ဟု စိတ်ကို စိတ်ချင်း ပြန်၍ ရှက်ကြောက်သော သဘောအားဖြင့် မကောင်းရာသို့ သွားသော ရှေ့စိတ်ကို နောက်စိတ်က မသွားနှင့်ဟု မပြောသော်လည်း ပြောသကဲ့သို့ မကောင်းဘက်သို့ သွားသော စိတ်သည် အလိုလို တွန့်ဆုတ်သည်ကို ကိုယ်တိုင် တွေ့ကြုံ ခံစားရပါလိမ့်မည်။

အကျိုးမရှိရာသို့ သွားသော စိတ်သည်လည်း အကျိုးမရှိမှန်း သိလာသဖြင့် အကျိုးရှိရာသို့သာ ပြောင်း၍ လာသည်ကိုလည်း ကိုယ်တိုင် တွေ့ကြုံ ခံစားရပါလိမ့်မည်။

‘ဘုရား’, ‘တရား’, ‘သံဃာ’, ‘ဒါန’, ‘သီလ’, ‘ဘာဝနာ’နှင့် မစပ်ရာသို့ သွားသောစိတ်သည်လည်း ‘ဘုရား’, ‘တရား’, ‘သံဃာ’ အစရှိသော ကောင်းမှုကုသိုလ်တို့သို့ ချဉ်းကပ် မှီတွယ်၍ လာသည်ကိုလည်း ကိုယ်တိုင် တွေ့ကြုံ ခံစားရပါလိမ့်မည်။

ဤကား ပဌမ ခံစားရသော အကျိုးတည်း။

+++++
(၁၃၁၁ ခုနှစ် တန်ခူးလအတွင်း၊ အငြိမ်းစား ရာဇဝတ်ဝန်မင်း ဦးဘရီ၊ မင်းကတော် ဒေါ်လှဖူးတို့၏ ဆောက်လုပ်လှူဒါန်းအပ်သော ရန်ကုန်မြို့ ရွှေတိဂုံဘုရားကြီး၏ ခြေတော်ရင်း မင်းကွန်းစံကျောင်းတော်ကြီး၏ အတွင်း၌ “သထုံမြို့ မင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီး အရှင်နာရဒ” ဟောကြားတော်မူအပ်သော မင်းကွန်းဝိပဿနာ “သြဝါဒသူဒနီ နံပါတ်-၁”မှ ကောက်နုတ်ချက်)

Leave a Reply