ပြင်စမ်းစေချင် စိတ်အစဉ်
ဆရာစော။ ။ ကဲ … ဆရာဇေ တက်နေတဲ့ အဘိဓမ္မာသင်တန်းမှာ စိတ်ပိုင်းပို့ချချက် ပြီးသွားပြီလို့ ကြားတယ်။
ဆရာဇေ။ ။ ဟုတ်တယ်ဗျ … အမှန်ဆို ဒီဇင်ဘာ ၁၉ ကတည်းက ပြီးရမှာ။ အဲဒီနေ့က နှင်းမုန်တိုင်းကျပြီး ရာသီဥတု မကောင်းတာကြောင့် သင်တန်းနဲ့ စနေနေ့တရားပွဲ ပျက်သွားတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှပဲ စိတ်ပိုင်းပို့ချချက် အဆုံးသတ်တာပေါ့။
ကဖိုးထိန်။ ။ ဆရာဇေ မှတ်လာ သင်လာတာလေးတွေ ကြားချင်ပါသေးတယ်။ ‘စာ’နာပွဲပေါ့ ဆရာဇေ။
ဆားပုလင်းခင်မောင်ဝင်း။ ။ နာပါရစေမယ် ကဖိုးထိန်။ ဆရာဇေတင်မကဘူး … ဒီနေ့တော့ ကျွန်တော်ပါ စာဖတ်သူအနေနဲ့ ဖတ်ပြဖို့ စာတစ်အုပ် ယူလာပါသေးတယ်။
ကဖိုးထိန်။ ။ ဘာစာအုပ်များလဲ?
ဆားပုလင်း။ ။ အားလုံး ဖတ်ပြီးသား ဖြစ်မယ့် စာအုပ်ပါ။ တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ‘ကိုယ်ကျင့်အဘိဓမ္မာ’လေ ဗျာ။
ဆရာဇေ။ ။ အတိုင်းထက် အလွန် ကောင်းတဲ့ အစီအစဉ်ပေါ့ဗျာ။ ၂၆ ရက်နေ့ သင်တန်းမှာတော့ လောကုတ္တရာစိတ်အကျယ် ၄၀ ကို ထပ်ပြီး ရှင်းပြတယ်။ စိတ် အကျဉ်း ၈၉ ပါး, အကျယ် ၁၂၁ ပါးကို အကျဉ်းချုပ် ပြန်ရှင်းတယ်။ ဆိုရိုးလေးတွေ ဆိုတယ်။ သရုပ်ခွဲတယ်။ ဒီတော့ ဆားပုလင်း ဖတ်ကြားမယ့် ‘စာ’နာပွဲကိုပဲ စလိုက်ကြရအောင်။
ဆရာစော။ ။ ကောင်းတာပေါ့ ဗျာ။ ဒီကျမ်းစာကို ကိုယ်နေ့စဉ် ကြည့်ရှုတဲ့ ‘မှန်’လို သဘောထားပြီး ကိုယ်အဖြစ်တွေနဲ့ ဆင်ခြင်ကြည့်ဖို့ ဖတ်ရှုကြဖို့ ဆရာတော်တိုက်တွန်းထားတာ မှတ်မိတယ်။
ဆားပုလင်း။ ။ “ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုမှု၊ နေ့စဉ်ရှုသို့၊ ယခုဤကျမ်း၊ မှန်လိုမှန်း၍၊ ရှုစမ်းစေချင်၊ ကိုယ့်ဖြစ်အင်ကို၊ ဆင်ခြင်လေကွဲ့ နေ့စဉ်တဲ့” …. ဒါ ဆရာစော မှတ်မိနေတဲ့ လင်္ကာလေး။ အချီနိဒါန်းမှာ ပါတယ်။
ဒီအချီနိဒါန်းလေးထဲက နည်းနည်း ကောက်နုတ် ဖတ်ပြမယ်။ ဒီကျမ်းစာအုပ်ကို ဘာကြောင့်ရေးရတယ်ဆိုတာ ဆရာတော်က ပြောပြထားတာ မဟုတ်လား။
ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တဝါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။
ထိုသူတို့၏ ခြောက်သွေ့သွေ့ အပူဓာတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟပ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ … တဲ့။
အပူဓာတ်ဆိုတာ ဘာလဲ?
ကဖိုးထိန်။ ။ ဘာလဲဗျ … အပူဓာတ်ဆိုတာ။
ဆားပုလင်း။ ။ စာထဲက စာပိုဒ်ရဲ့ ခေါင်းစဉ်ငယ်ကို ဖတ်လိုက်တာပါဗျ ကဖိုးထိန်။ အပူဓာတ်ဆိုတာကို ဆရာတော်က ရှင်းပြထားပါတယ်။ ကဲ … နားထောင်။
ထိုအပူဓာတ်ဟူသည်လည်း တစ်ယောက်နှင့်တစ်ယောက် မညှာတာနိုင်လောက်အောင် ဖြစ်နေသော လောဘ၊ ဒေါသ၊ မာန်မာနနှင့် ဣဿာ၊ မစ္ဆရိယ စသည်တို့ပင်တည်း။
ဣဿာဆိုတာ ဘာလဲ၊ မစ္ဆရိယဆိုတာ ဘာလဲ ထပ်မမေးနဲ့အုန်းနော် ကဖိုးထိန်။ သိချင်ရင်တော့ ဆရာဇေတို့နဲ့ အဘိဓမ္မာသင်တန်း လိုက်တက်ချေတော့။
ကဖိုးထိန်။ ။ ဟုတ်ပါပြီ ဗျာ … ဆက်သာဖတ်ပါ။
ဆားပုလင်း။ ။ ထိုအပူဓာတ်သည် ယခုဘဝတွင်သာ ခြောက်ကပ်စေသည် မဟုတ်။ သံသရာတလျှောက် နောက်နောင်ဘဝ၌လည်း ခြောက်ကပ်စေလိမ့်မည်သာ။
ထို့ကြောင့် ထိုအပူဓာတ်တွေကို ယခုဘဝက စွမ်းနိုင်သမျှ ငြိမ်းသတ်လျက် မြင့်မြတ်သော စိတ်ထားဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်အအေးဓာတ် မပြတ် စိမ့်စိုအောင် ကြိုးစားသင့်ကြပေသည်။
ကဲ … လာပြန်ပြီ။ သံသရာဆိုတာ ဘာလဲ? တဲ့။
သံသရာဆိုတာ ဘာလဲ
“သံသရာတလျှောက်”ဟူသော စကားအရ “သံသရာဆိုတာ ဘာလဲ”ဟု စဉ်းစားဖွယ် ရှိ၏။
သတ္တဝါတို့တည်နေရာ ဤကမ္ဘာလောကကြီးကို “သံသရာ”ဟု ခေါ်မည် မဟုတ်။
စိတ် စေတသိက် ရုပ်တရားတို့ တစ်ခုပြီး တစ်ခု ဆက်ကာ ဆက်ကာ ဖြစ်နေမှုကိုသာ “သံသရာ”ဟု ခေါ်သည်။
သံ = ဆက်စပ်လျက်
သရ = ဖြစ်ခြင်း
ဆရာစော။ ။ “သံသရာ”ကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တစ်ပုဒ်ထဲမှာ ရှင်းပြထားတာ ဖတ်ဖူးသလိုလိုပဲဗျ။
ဆရာဇေ။ ။ ဘယ်တရားတော်ထဲမှာလဲ ဆရာစော။
ဆရာစော။ ။ သေချာတော့ မမှတ်မိဘူးဗျ။ ရှာတွေ့ရင် ပြောပြပါ့မယ်။
ကဖိုးထိန်။ ။ ကဲ သံသရာဆိုတာ ဘာလဲ အမေးခေါင်းစဉ်လေး ပြပြီးတော့ ရှင်းပြပြီးတော့ နောက်ထပ် ဘာအမေးခေါင်းစဉ်လေး ပြသလဲဗျ။
ဆားပုလင်း။ ။ လူ နတ် ဗြဟ္မာဆိုတာ ဘာလဲ? တဲ့။
‘လူ’ ‘နတ်’ ‘ဗြဟ္မာ’ ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူ’ ‘ယောက်ျား’ ‘မိန်းမ’ ဆိုတာ ရုပ်တရားနှင့် နာမ်တရားတို့ ပေါင်းစပ်၍ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေသော အစဉ်အတန်း တဲ့။
အဲဒီလို ရုပ်နာမ်တရားအစုတို့၏ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေခြင်းသည် အကြောင်းနှစ်မျိုးကြောင့် တဲ့။
၁။ မိမိတို့၏ အပြင်ဘက်မှာ အမြဲတွေ့ကြုံနေရသော အာရုံများ
၂။ မိမိတို့ သန္တာန်ဝယ် ရှေးရှေးက ဖြစ်နှင့်သော ကံများ
ဒီအကြောင်း နှစ်ခုကြောင့်လို့ ဆိုတယ်။
နံပါတ်တစ်ဖြစ်တဲ့ ကောင်းကောင်း ဆိုးဆိုး အပြင်အာရုံ တစ်မျိုးမျိုးနဲ့ တွေ့ရာဝယ် မိမိတို့၏ အတွင်းစိတ်ဓာတ် ကောင်းမွန်ဖို့သာ အရေးကြီးပေသည်။
အတွင်းစိတ်ဓာတ် ကောင်းမွန်ဖို့ ဆိုတာလည်း တွေ့ရာကြုံရာ ကိစ္စ၌ ‘သင့်တော်အောင် နှလုံးသွင်းမှု’ (ယောနိသော မနသိကာရ) ရှိမှ စိတ်ကောင်း နှလုံးကောင်း ရရှိနိုင်ကြသည် တဲ့။
ယောနိသော မနသိကာရ ဆိုတဲ့ သင့်တော်အောင် နှလုံးသွင်းမှု ရှိဖို့ဆိုတာကလည်း –
– စာကောင်းပေကောင်း ကြည့်ရှုခြင်း
– ပညာရှိ သူတော်ကောင်းထံ နည်းခံလေ့ရှိခြင်း (ပညာရှိ သူတော်ကောင်းနှင့် ပေါင်းလေ့ရှိခြင်း)
– “ငါ့သန္တာန်၌ အမြဲ စိတ်ကောင်း ဖြစ်စေမည်”ဟု ခိုင်မြဲသော စိတ် ထားရှိခြင်း ရှိဖို့ လိုပြန်သတဲ့။
ဒီအခြေခံအကြောင်းတွေပေါ် မူတည်ပြီး ဆရာတော်က အချက်သုံးချက်နဲ့ “ကိုယ်ကျင့်အဘိဓမ္မာ”ကျမ်းစာအုပ်ကို ပြုစု ရေးသားပါသတဲ့။
၁။ တွေ့ရာကြုံရာ ကိစ္စ၌ ယောနိသော ရှိသဖြင့် သင့်လျော်အောင် နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလျက် ကြီးမားသော စိတ်သဘောရှိသူ အပေါင်းအသင်းဆံ့သူ ဖြစ်စေလိုခြင်း။
၂။ ချမ်းသာရွှင်မြူး ရာထူးဂုဏ်သိန် စည်းစိမ်တိုးတက်နေသည်ဖြစ်စေ၊ တစ်စုံတစ်ခု ပျက်စီးမှုကြောင့် ဆင်းရဲဒုက္ခရောက်နေရသည်ဖြစ်စေ၊ စိတ်နေမပြောင်း စိတ်ကောင်းမပျက် စိတ်စက်ကြည်ကြည် တည်တည်တံ့တံ့ ခံ့ခံ့ကြီး နေထိုင်စေလိုခြင်း။
၃။ နောက်ဘဝမှ စ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ပြောင်ပြောင်လက်လက်နှင့် အဆက်ဆက် တန်းမြင့်ဖို့ရာ ယခုဘဝ၌ပင် ဒါန သီလ စသော လက်လှမ်းမီရာ ပါရမီကောင်းမှု ကုသိုလ်စုကို ကြိုးစားနေသူ ဖြစ်စေလိုခြင်း – ဤ ၃ ချက်ကို အရင်းထား၍ များစွာသော လူအပေါင်းတို့ ကိုယ်ကျင့်ကောင်းဖို့ရာ “ကိုယ်ကျင့်အဘိဓမ္မာ”ဟူသော နာမည်ဖြင့် ကျမ်းသစ်တစ်စောင် တည်ထောင် ဖန်တီးရပေသတည်း။
ပြီးတော့ စောစောက ဆရာစော မှတ်မိတဲ့ “ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုမှု၊ နေ့စဉ်ရှုသို့၊ ယခုဤကျမ်း၊ မှန်လိုမှန်း၍၊ ရှုစမ်းစေချင်၊ ကိုယ့်ဖြစ်အင်ကို၊ ဆင်ခြင်လေကွဲ့ နေ့စဉ်တဲ့” ဆိုတဲ့ လင်္ကာလေးနဲ့ အချီနိဒါန်းကို အဆုံးသတ်သပေါ့ဗျာ။
ကဲ … ပရမတ်အကြောင်းနဲ့ စိတ်အကြောင်း ပါဝင်တဲ့ ပထမအခန်းလေးကို ဖတ်ပြမယ်။
ဖြည်းဖြည်းလေး ဖတ်ပြသွားမယ်။ ကဖိုးထိန်က မေးစရာတွေ ရှိလာရင် မှတ်သားထားပေါ့။ အားလုံး ပြီးသွားမှ မေးတာပေါ့။ ခုတော့ ဆရာစောရဲ့လက်ရာ ဝက်ခေါင်းသုတ်လေးနဲ့ ရေနွေးကြမ်းလေး စားသောက်ရင်း နာလည်းနာ … စားလည်းစားပေါ့။
+++++
ပရမတ္ထတရား ၄ ပါး
‘ပရမတ္ထ’ဆိုသည်မှာ ပါဠိစကားတည်း။
မြန်မာလို “မြတ်သော အနက်သဘော”ဟု ဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း ‘မွန်မြတ်’ ‘မြင့်မြတ်’ ‘ကောင်းမြတ်’ ဆိုသော အမြတ် မဟုတ်။
ပင်ကိုယ်သဘောအတိုင်း မဖောက်ပြန် မပြောင်းလဲဘဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။
ထိုပရမတ္ထတရားကား – စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် အားဖြင့် ၄ ပါး ရှိသည်။
မဖောက်ပြန်ပုံ
စေတသိက်တရားတို့၌ လောဘ ဒေါသများ ပါရှိ၏။
လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်းသဘောပင်တည်း။
လောဘသည် ပညာရှိသူတော်ကောင်း၏ သန္တာန်မှာဖြစ်ဖြစ်၊ သူယုတ်မာသန္တာန်မှာဖြစ်ဖြစ်၊ ခွေးသန္တာန်မှာဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။
ထို့အတူ ဒေါသ၏ ခက်ထန်ခြင်းသဘောလည်း မည်သူ့သန္တာန်မှာဖြစ်ဖြစ် မဖောက်ပြန် မပြောင်းလဲချေ။
အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်း သိပါ။
(ဆောင်)
၁။ သဘောအမှန်၊ မဖောက်ပြန်သဖြင့်၊ မှန်ကန်တည့်မတ်၊ ဂုဏ်အမြတ်၊ ပရမတ္ထခေါ်။
၂။ စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါးပြားဘိသော်။
+++++
စိတ်အကြောင်း
အာရုံကို သိတတ်သော သဘောသည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။
ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို “စိတ်”ဟု ခေါ်သည်။
“သိ”ဆိုသော်လည်း ဉာဏ်ဖြင့် သိသော အသိမဟုတ်။ အာရုံကို ရအောင် ယူနိုင်ခြင်းပင် “အသိ”ဟု ခေါ်သည်။
အာရုံ ၆ ပါး၊ အသိ ၆ မျိုး
၁။ အဆင်း အရောင်ဟူသမျှ = ရူပါရုံ
၂။ အသံဟူသမျှ = သဒ္ဒါရုံ
၃။ အနံ့ဟူသမျှ = ဂန္ဓာရုံ
၎။ အရသာဟူသမျှ = ရသာရုံ
၅။ အတွေ့ဟူသမျှ = ဖောဋ္ဌဗ္ဗာရုံ
၆။ ကြွင်းသော သိဖွယ်ဟူသမျှ = ဓမ္မာရုံ
ရူပါရုံကို မြင်သောအခါ မြင်သိ သိသောစိတ် ဖြစ်၏။
သဒ္ဒါရုံကို ကြားသောအခါ ကြားသိ သိသောစိတ်၊
ဂန္ဓာရုံကို နံသော မွှေးသောအခါ နံသိ မွှေးသိ သိသောစိတ်၊
ရသာရုံကို အရသာခံသောအခါ အရသာသိ သိသောစိတ်၊
တစ်စုံတစ်ခုကို တွေ့ထိရသောအခါ အတွေ့အထိသိ သိသောစိတ်၊
ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုရာကို သိသောစိတ်များ ဖြစ်ကြလေသည်။
ဤသို့ ဆိုင်ရာအာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။
စိတ်၏ အခြင်းအရာ
စိတ်သည် အဝေးသို့လည်း သွားနိုင်၏။
တစ်ပါးတည်းသာ လှည့်လည်လေ့ ရှိ၏။
ခန္ဓာကိုယ် အထည်ဒြပ်လည်း မရှိ။
ခန္ဓာကိုယ်ဝယ် ဟဒယလိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ ဟု ဓမ္မပဒပါဠိတော်၌ ဟောတော်မူသည်။
အဝေးလည်း သွား
စိတ်သည် ခြေဖြင့် လျှောက်သွားနိုင်သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည် မဟုတ်။
သို့သော် အလွန်ဝေးသော အရပ်ကို လှမ်း၍ အာရုံပြုနိုင်ရကား အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။
ဥပမာ – မန္တလေးမှ နေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည် မဟုတ်။ မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သို့ လှမ်း၍ အာရုံပြုနိုင်သည်။
ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “အဝေးလည်းသွား”ဟု ဆိုရပေသည်။
တစ်ပါးတည်း လည်
စိတ်သည် အလွန် အဖြစ်အပျက် မြန်၏။
လက်ဖျစ်တစ်ချက်တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။
ထိုမျှလောက် အဖြစ်အပျက် မြန်သည့်အတွက် စိတ် ၂-မျိုး ၃-မျိုး တစ်ပြိုင်နက် ဖြစ်၍ အာရုံ ၂-ခု ၃-ခုကို တစ်ခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်။
စင်စစ်မှာ ၂-စိတ် ၃-စိတ် ပြိုင်၍ ဖြစ်ရိုး မရှိ။
တစ်စိတ်ပြီးမှ တစ်စိတ် ဖြစ်၍ အာရုံတစ်ခုကို ယူပြီးမှ တခြား အာရုံတစ်ခုကို ဆက်၍ ယူရသည်။
မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွေ့ရာပေါ်မှာ ထိုင်လျက် ချိုချဉ်စားရင်း က၍ သီဆိုနေသူကို ကြည့်ရှု နားထောင်ရာ၌ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံ ၅ မျိုးလုံးပင် အနီးအပါးတွင် ရှိ၏။
ထိုအခါ စိတ်သည် ထိုအာရုံ ၅ မျိုးလုံးကို တစ်ပြိုင်နက် မသိ။
မိမိအနှစ်သက်ဆုံး အာရုံတစ်ခုခုကို စိတ်တစ်မျိုးဖြင့် ရှေးဦးစွာ သိပြီးမှ အခြား အခြားသော အာရုံများကို တစ်ခုပြီး တစ်ခု ဆက်၍ ဆက်၍ သိသည်။
ဤသို့လျှင် စိတ်သည် ၂-ပါး၊ ၃-ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုး မရှိ။ တစ်ခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “တစ်ပါးတည်း လည်”ဟု ဆိုရပေသည်။
“လည်” ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ်။
အဝေးအာရုံကို ယူနိုင်သောကြောင့် “လည် = လှည့်လည်”ဟု ဆိုရပေသည်။
အာရုံတစ်ခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစ်စိတ်တည်းက အပြီးအစီး သိအောင် မယူနိုင်။
အာရုံတစ်ခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ရသည်။
ထိုသို့ ဆက်၍ ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တစ်ချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူအပေါင်းတို့က မြင်,မြင်ချင်း၊ ကြား,ကြားချင်း၊ မွှေး,မွှေးချင်း၊ ထိ,ထိချင်း သိသည်ဟု မှတ်ထင်ကြသည်။
ကိုယ်ထည် မရှိ
စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှား မရှိ။
ထို့ကြောင့် စိတ်ကို ဖြူသည် မည်းသည် ပိန်သည် ဝသည်ဟု မဆိုနိုင်။
အာရုံကို သိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။
ဂူအောင်းဘိ
မြင်သိ သိသောစိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏။
ကြားသိ သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏။
နံသိ သိသောစိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏။
အရသာသိ သိသောစိတ်သည် လျှာအတွင်းမှာ ဖြစ်၏။
အတွေ့သိ သိသောစိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာ ဖြစ်၏။
ဤသို့လျှင် အချို့ အချို့ စိတ်များ မျက်လုံး စသော အရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တို့ကား ရင်ချိုင့်အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်။
ဤသို့ လိုဏ်ဂူနှင့်တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို “ဂူအောင်းသည်”ဟု ဆိုရပေသည်။
အချုပ်မှာ – စိတ်ဟူသည် ပုံသဏ္ဌာန် မရှိ။ အာရုံကို ရအောင် ယူခြင်း၊ အာရုံကို သိခြင်း သဘောသတ္တိသာတည်း။
ထိုကဲ့သို့ အာရုံယူရာ၌ မိမိဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တစ်ဆံခြည်မျှ အပြင်မထွက်ကြဘဲ အလွန်ဝေးသော အာရုံကို လှမ်း၍ ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂-စိတ် ၃-စိတ် ပြိုင်တူ ပူးပေါင်း၍ မဖြစ်။ တစ်စိတ်ပြီး တစ်စိတ် စီကာ စဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။
(ဆောင်)
၁။ အာရုံတစ်ခုခု၊ ရအောင်ပြု၊ မှတ်ရှုစိတ်သိပုံ။
၂။ အဝေးလည်းသွား၊ တစ်ပါးတည်းလည်၊ ကိုယ်ထည်မရှိ၊ ဂူအောင်းဘိ၊ စိတ်၏ခြင်းရာစုံ။
+++++
စိတ်ကောင်းစိတ်ဆိုး ရောနေပုံ
စိတ်တို့သည် အလွန် အဖြစ်အပျက် မြန်သောကြောင့် ၅-မိနစ်လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး (ကုသိုလ် အကုသိုလ် စိတ်) ရောနှောလျက် ဖြစ်တတ်သည်။
နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ် ဖြစ်ရ၏။
ဘုရားအာရုံပြုနေစဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။
ရောင်းမှု ဝယ်မှု လောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (လှူမည်တန်းမည်ဟု ကြံမိသည့်အခါ) သဒ္ဓါစိတ် “ကုသိုလ်စိတ်” ဖြစ်၏။
တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို သတိရ၍ သတိစိတ် “ကုသိုလ်စိတ်” ဖြစ်ပြန်၏။
တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်း စကားပြောနေစဉ် စကားပြောမတည့်၍ ဒေါသစိတ်ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်အောင် ချော့သဖြင့် စိတ်ပျော့၍ လာသောအခါ လောဘစိတ် ဖြစ်ပြန်၏။
ဤသို့ စသည်ဖြင့် စိတ်တို့၏ ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မိမိစိတ်ကို “စိတ်ကောင်းလား၊ စိတ်ဆိုးလား” ဟု ခွဲခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်းများများဖြစ်အောင် ပြုပြင်ကြပါကုန်။
ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ
လူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ရုပ်ချင်း မတူကြသကဲ့သို့ ထို့အတူ စိတ်ချင်းလည်း မတူကြချေ။
ထုံထိုင်းသော ရုပ်၊ သွက်လက်သော ရုပ် ကွဲပြားသကဲ့သို့ ထုံထိုင်းရိုးအသော စိတ်၊ သွက်သွက်လက်လက် ထက်မြက်သောစိတ် ဟုလည်း ကွဲပြားလျက် ရှိ၏။
ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက် အသွက်ဘက်မှာ အဆင့်ဆင့် သာ၍ ပြိုင်ဘက်ကင်းလောက်အောင် လှသူ၊ သွက်သူများလည်း ရှိ၏။
အဆိုးဘက် အထိုင်းဘက်မှာလည်း အဆက်ဆက် အောက်ကျလျက် တစ္ဆေပြိတ္တာတမျှ ဆိုးဝါးသူများလည်း ရှိကြလေသည်။
ထို့အတူ စိတ်ချင်း ကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက်ဆက် တန်းတက်ကာ ပြိုင်ဘက်ကင်းလောက်အောင် စိတ်ကောင်းသူ၊ ထက်မြက်သူများ ရှိကြ၍ စိတ်ယုတ်မာဘက်၊ စိတ်ထိုင်းဘက်၌လည်း ဆက်ဆက်ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ် ကောင်းအောင် ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်းမှိုင်းသူများလည်း ရှိကြလေသည်။
ပြင်၍ ရနိုင်ပုံ
တော၌ မွေး၍ တောသွေးပါသော တောသူတောသားသည် မြို့ကြီးပြကြီးသူတို့၏ ဝတ်ပုံ စားပုံ နေပုံကို အလုံးစုံ အတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေးကိုပါ လိုက်စားပြီး ပြုပြင်လိုက်က မကြာခင် ရုပ်တစ်မျိုး ပြောင်းကာ တစ်နှစ် နှစ်နှစ်လောက် ကြာလျှင် ရှေးက တွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်း ပြောင်းလာနိုင်၏။
ဤသို့ အပြောင်းအလဲ နှေးသဖြင့် အပြင်ခက်သော ရုပ်အဆင်းသည်ပင် ပြင်တတ်သူ ပြင်ချင်၍ ပြင်ဆင်နေလိုက်က တစ်မျိုးတစ်ဖုံ ပြောင်းနိုင်သေး၏။
အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သော စိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည်နည်း။
နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်မတရား စိတ်တို့ကို နှိမ်နင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူ ဖြစ်ကာ နှစ်နှစ် သုံးနှစ်လောက် ကြာသောအခါ ကိုယ့်စိတ်ကိုပင် ကြည်ညိုချင်လာအောင် စိတ်ကောင်းဖြစ်လာပါလိမ့်မည်။
စိတ်ကို ပြင်သင့်သော အကြောင်းများ
မိမိ၏ စိတ်နေစိတ်ထားကို ကောင်းအောင် ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။
မိမိစိတ်ထား မကောင်းသေးသော အချက်၊ ယုတ်မာနေသော အချက်များကို မိမိသာ အသိဆုံး ဖြစ်၏။
ထိုကဲ့သို့ စိတ်ယုတ်မာ ရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့် အောက်တန်းအစားပင် ဖြစ်သေး၏။
စိတ်နေစိတ်ထား အောက်တန်းစား ဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက်နောင်ဘဝတို့၌ အောက်ကျနောက်ကျ ဖြစ်ရတော့လတ္တံ့။
ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။
စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်။ မိတ်ဆွေချင်း, ညီအစ်ကို မောင်နှမ သားချင်း, သမီးခင်ပွန်းချင်း, ဆရာဒကာချင်း, အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည် မဟုတ်။
ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်။
ထို့ပြင် စိတ်ဆိုး စိတ်ယုတ်မာ ရှိနေသူသည် ဒါနပြုပြု၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း စီးဖြန်း၊ မည်သည့်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသား ဖြူစင်လိမ့်မည်ဟူ၍ မမှတ်ထင်ထိုက်။
ထိုစိတ်ရင်းမကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိတတ်ချေ။
ဤသို့ နောက်နောင်ဘဝ အရေးဝယ် ပြုသမျှ ကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည်စိုးသောကြောင့်လည်း မိမိစိတ်ကို ဖြူစင် ကောင်းမြတ်အောင် ပြုပြင်ထိုက်ကြပေသည်။
ထို့ပြင် စိတ်ဆိုး စိတ်ယုတ်မာ ရှိနေသူသည် ယခု တစ်ဘဝတာ ယုတ်မာမည် မဟုတ်။ ဖြစ်တိုင်း ဖြစ်တိုင်းသော စိတ်ယုတ်မာများက တစ်သန္တာန်လုံး (တစ်ကိုယ်လုံး) ထုံမွှမ်းနေရကား နောက်နောက် ဘဝပေါင်းများစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက် ဓာတ်သတ္တိ ကူးစက်နေသောကြောင့် ထိုသူကို ရင့်မာသော ပါရမီရှင်ဟု ဆိုဖို့ရန် ခဲယဉ်းလေသည်။
ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များစာရင်း မပါဝင်မည် စိုး၍လည်း ယုတ်မာ ဆိုးရွားသော စိတ်များကို အမြန်ဆုံး ပြင်ထိုက်ကြသည်။
ဤသို့လျှင် မိမိ၏ စိတ်နေစိတ်ထားကို မကောင်း,ကောင်းအောင် ပြုပြင်သင့်သော အကြောင်းအရာတွေ များစွာ ရှိပေသည်။
မိလိန္ဒမင်း စိတ်ကို ပြုပြင်ပုံ
မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးဘဲ ခုနစ်ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်း စောင့်စည်းနေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။
စောင့်စည်းပုံကား – နံနက်စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ဝတ်ရိုးဝတ်စဉ် အဝတ်တန်ဆာများကို မဝတ်တော့ဘဲ ဖန်ရည်ဆိုးသော အဝတ်ဝါကို ဝတ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် (ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင် ဝတ်ဆင်ပြီးနောက် ၈-ပါးသော အချက်များကို ခုနစ်ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။
ထို ၈ ပါးကား –
၁။ ခုနစ်ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော် ကျွန်တော် အလုပ်သမား အမှုတော်ထမ်းများအပေါ်၌သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာန မဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ် မဖြစ်အောင် မျက်စိ၊ နား စသော ဣနြေ္ဒများကို စောင့်စည်းမည်။
၈။ အားလုံးသော သတ္တဝါတို့အပေါ်မှာ မေတ္တာစိတ် ထားမည်။
ဤ ရှစ်ပါးသော အချက်ကို ခုနစ်ရက်လုံး စောင့်သုံးလျက် ရှစ်ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစော စား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။
အတုယူဖွယ်
ဤ မိလိန္ဒမင်းကြီး၏ ခုနစ်ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက်တန်းရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့တစ်ရက် တစ်နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။
ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူး နည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။
ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ဘဲ ရှိပါလိမ့်မည်။
“ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တဝါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်။”
(တရားတော်)
“ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ
ပုံတွင်ကျန၊ ရုပ်သွင်လှသို့
မုချမှန်စွာ၊ သံသရာ၏
ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌
စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍
ခေမမြို့နန်း၊ အရောက်လှမ်းဖို့
ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို
ပြင်ဆင်လေကွဲ့ နေ့စဉ်တဲ့။”
ဆားပုလင်း။ ။ ကဲ … ပထမအခန်း ပြီးပါပြီ ဗျာ။
ဆရာစော/ဆရာဇေ/ကဖိုးထိန်။ ။ သာဓု … သာဓု … သာဓု။
+++++
စာကိုး
အရှင်ဇနကာဘိဝံသ၏ “ကိုယ်ကျင့်အဘိဓမ္မာ”