သံသရာကူးမြောက်ရေးတရားတော် (၁) – မဟာစည်ဆရာတော်ဘုရားကြီး
၁၃၃၉ ခုနှစ် တပေါင်းလပြည့်အဖိတ်နေ့ ဖြစ်တယ်။
နာရီအားဖြင့် ညဦး ၇ နာရီခွဲခါနီးပါပြီ။ ၂ မိနစ်လောက်ပဲ လိုပါတော့တယ်။
အခုအချိန်က စပြီး ဘုန်းကြီးက တရားပွဲ ဖွင့်တဲ့အနေနဲ့ ၄၅ မိနစ်လောက် ဟောဖို့ပါပဲ။
နောက်ပိုင်းကတော့ သလ္လာဝတီ ဦးသူရိယ ဟောပါလိမ့်မယ်။ အဲဒီ နောက်ပိုင်းပုဂ္ဂိုလ်လဲ အချိန် ပြည့်ပြည့်စုံစုံ ရအောင် ဘုန်းကြီးက နာရီဝက်လောက် သို့မဟုတ် ၄၅ မိနစ်လောက် တရားပွဲ ဖွင့်တဲ့အနေနဲ့ ဟောရမယ်။
နက်ဖြန်ခါကျတော့ နေ့ပိုင်း ဟောရမယ်။
ရေစက်ချရင်း အနုမောဒနာတရား မနေ့က ဟောထားပြီမို့ နက်ဖြန်ခါ ညပိုင်းကျတော့ ဟောဖို့ မလိုပါဘူး။
မြတ်စွာဘုရား လက်ထက်တော်အခါ ကာလတုန်းက သာဝတ္ထိပြည်၊ သာဝတ္ထိပြည်ဆိုတာ မြို့ပါပဲ။ ဒါပေမယ့်လို့ ရှေးတုန်းကတော့ အဲဒီ အိန္ဒိယမြို့တွေကို ပြည်လို့ ဘာသာပြန်လေ့ ရှိကြပါတယ်။ မင်းနေပြည်တော်ကို ရည်ရွယ်ပြီးတော့ ပြန်တယ်လို့ အဲဒီလို မှတ်ယူရမှာပဲ။ အမှန်ကတော့ မြို့တော်ပါပဲ။
အဲဒီ သာဝတ္ထိမြို့ လမ်းမတစ်ခုမှာ ရှိတဲ့ ဒကာ ဒကာမတွေက သံဃာတော်တွေကို ဆွမ်းများ လှူဒါန်းကြတယ်။ ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်ပြီးတော့ ညတွင် တရားနာကြတယ်။ တရားပွဲ ကျင်းပကြတယ်။
တရားပွဲ ကျင်းပတဲ့အခါ ရှေးတုန်းက တစ်ညလုံးဟောတဲ့တရား နာရတဲ့ အလေ့ ရှိတယ်။ အဲဒါဟာ သူတို့ အလေ့အထပဲ။
ခုကာလဆိုရင်တော့ ဒီလောက်ဟောဖို့ ဒီလောက်နာဖို့ မလွယ်ပါဘူး။
အဲဒီလို ညလုံးပေါက်ဟောနေတော့ တချို့က တစ်ညလုံး မနာနိုင်လို့ ပြန်တဲ့ ပုဂ္ဂိုလ်က ပြန်သွား၊ အိပ်တဲ့ ပုဂ္ဂိုလ်က အိပ်၊ ငိုက်တဲ့ ပုဂ္ဂိုလ်က ငိုက်။ ဒီလို အခြေအနေတွေ တွေ့ရတယ်။
အဲဒီတော့ ရဟန်းတော်တွေက တရားနာတဲ့ ပုဂ္ဂိုလ်တွေ အချိုးမကျဘူးဆိုတဲ့အနေနဲ့ ဝေဖန် ပြောဆိုနေကြတယ်။
အဲဒီအခါ မြတ်စွာဘုရား ကြွလာပြီးတော့ ဘာအကြောင်းတွေ ပြောနေကြသလဲလို့ မေးတယ်။
အဲဒီတော့ အခု ပြောတဲ့ အကြောင်းတွေကို ပြောနေကြကြောင်း လျှောက်ထားကြတယ်။
အဲဒီအခါ မြတ်စွာဘုရားက သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်တဲ့ နိဗ္ဗာန်သွားဖို့ရာ တရားမနာနိုင်တဲ့ ပုဂ္ဂိုလ်၊ ကျင့်ကြံ အားမထုတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ များတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဂါထာကလေးနှစ်ပုဒ်နဲ့ ဟောထားပါတယ်။
ဟိုတုန်းကတော့ အကျယ်ကြီး ဟောထားတာ ဖြစ်ချင်လဲ ဖြစ်မှာပေါ့လေ။ မှတ်တမ်းတင်ထားတာကတော့ ဂါထာလေး နှစ်ပုဒ်ပဲ။
ယခင် ရှေးက ဆိပ်ခွန်တရားပွဲ
ဘုန်းကြီးတို့ ပထမ စပြီးတော့ ဒီမှာ ၁၃၀၀ ပြည့်နှစ်က သတိပဋ္ဌာန် ကမ္မဋ္ဌာန်းတရားကို ဟောခဲ့ပါတယ်။
ခုနစ်လတိုင်တိုင် ဒီဆိပ်ခွန်မှာ နေပြီးတော့ ဟောခဲ့တယ်။
အဲဒီတုန်းက တရားနာတဲ့ ပုဂ္ဂိုလ် နည်းပါတယ်။
ပထမကဆိုရင် အစိတ် သုံးဆယ်လောက်ပဲ ရှိပါတယ်။ အဲဒီတုန်းက ဦးဖေရင်ဆိုတဲ့ ခေါင်းဆောင်ကြီးက တရားနာပုဂ္ဂိုလ်တွေကို ခေါင်းဆောင်ပြီးတော့ ခေါ်လာတယ်။ ဘုန်းကြီးကလဲ နေ့စဉ် ဟောနေတာပဲ။ သီတင်းနေ့ရယ်လို့ မဟုတ်ဘူး။
အဲဒီတုန်းက တဖြည်းဖြည်းတော့ တရားနာတွေ နည်းနည်းချင်း တိုး,တိုးလာပါတယ်။ ဒါပေမယ်လို့ သိပ်မများလှပါဘူး။
ရွာထဲရပ်ထဲမှာ တစ်ခါတရံ တရားပွဲကျင်းပရင်တော့ များပါတယ်။ အဲဒီတုန်းက ဒီကျောင်းမှာ ကမ္မဋ္ဌာန်းအားထုတ်ဖို့ရာအတွက် ဟောနေတဲ့ တရားတော်ကို နာနိုင်တဲ့ ပုဂ္ဂိုလ်က နည်းပါတယ်။
နောက်ကျတော့ တရားတွေ ကျင့်ကြံ အားထုတ်လို့ တရားအရသာတွေ တွေ့လာတော့ သူတို့ တွေ့တဲ့ တရားအရသာတွေကို ပြောကြလို့ စိတ်ဝင်စားပြီး တရားနာကြ တရားအားထုတ်ကြသူတွေ များလာတယ်။
ဒီဌာနမှာတော့ ဘုန်းကြီးတို့ စပြီး ဒီမှာ နေတုန်းကတည်းက တရားနာကြ တရားကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်။ ဒီပြင် နေရာမှာတော့ ဟိုတုန်းက ဒီလောက် မများသေးဘူး။
ယခုအခါ တရားပွဲများ
အခုတော့ အထူး ပြောစရာ မလိုဘူး။ အခုတော့ တရားနာတွေ အရပ်ရပ် အနယ်နယ်မှာ များပါတယ်။
တရားကျင့်တဲ့ ပုဂ္ဂိုလ်တွေလဲ ရှေးကထက် အခု တိုးပြီးတော့ များလာပါတယ်။
အင်မတန် ချီးမွမ်းစရာပါပဲ။ ဝမ်းသာစရာပါပဲ။
ယခင် ဖွင့်ခါစ ရန်ကုန်သာသနာ့ရိပ်သာ တရားပွဲ
ရန်ကုန်ရောက်တော့လဲ ဘုန်းကြီးတို့ တရားဟောခါစက ရန်ကုန်မှာ ပရိသတ် မများသေးဘူး။
သာသနာ့ရိပ်သာမှာ ပထမ စပြီး ဖွင့်တဲ့အနေနဲ့ ဟောတုန်းကတော့ တော်တော် များပါတယ်။ နောက်ရက်တွေဆိုလို့ရှိရင် သီတင်းနေ့တောင်မှ သုံး,လေးဆယ် ငါးဆယ်လောက်ပဲ ရှိမယ်။ တစ်ရာတောင် ပြည့်ပုံ မရပါဘူး။
ဒါပေမယ့် ဘုန်းကြီးတို့က သင့်လျော်အောင် နှလုံးသွင်းလာတယ်။ ရွှေတိဂုံဘုရားနီးတဲ့ အဲဒီဘုရားကုန်းတော်ပေါ်က တရားပွဲတွေမှာ ပရိတ်သတ်တွေ များပါတယ်။
ဒီသာသနာ့ရိပ်သာ တည်ရာဌာနက ရွှေတိဂုံဘုရားနဲ့ မနီးဘူး။ ဒီတော့ ဒီနေရာလာဖို့ မလွယ်ဘူး။ တရားနာပရိတ်သတ်တွေ များများဖြစ်ဖို့ရာ နောက်လဲ တယ်လွယ်မှာ မဟုတ်ဘူးလို့ ဘုန်းကြီးက နှလုံးသွင်းပါတယ်။
အဲဒီလို ယောနိသော မနသိကာရဖြင့် နှလုံးသွင်းပြီးတော့လဲ ဟောရမှာပဲ။ တရားကို တကယ် လိုလားပြီး လာတဲ့ ပုဂ္ဂိုလ်တွေ ဟောရမှာပဲလို့ နှလုံးသွင်းပြီး ဟောမြဲ ဟောနေပါတယ်။ လိုလိုလားလား ပုဂ္ဂိုလ်တွေကလဲ အတော် ရှိပါတယ်။
ယခု ရန်ကုန်မဟာစည်ရိပ်သာ တရားပွဲ
အဲဒီလို ဟောပြောနေရာက အခုတော့ ရန်ကုန်သာသနာ့ရိပ်သာမှာလဲ သိပ်များနေပါပြီ။
ပထမတုန်းက ဓမ္မာရုံကြီး အကြီးကြီးလို့ ထင်ရတယ်။ အခုတော့ အဲဒီ ဓမ္မာရုံကြီးနဲ့ မဆန့်ဘူး။ ဝါဆိုလပြည့် သီတင်းကျွတ်လပြည့်တို့ အဲဒီလိုအခါမှာ သာပြီး များတာပဲ။ ဓမ္မာရုံကြီး နှစ်ခုစာတောင် မကဘူး။ ဒီတော့ အများကြီး ဖြစ်နေတာပဲ။
ဘုရားလက်ထက်တော်က တရားပွဲ
အခု ဆိပ်ခွန်မှလဲ အင်မတန် များနေပါပြီ။
အဲဒီ မြတ်စွာဘုရားလက်ထက်ကလဲ တရားနာများတဲ့အခါတွေ ရှိပါတယ်။ ဒါပေမယ်လို့ အဲဒီ ဘုရားလက်ထက်အခါတုန်းကတော့ နည်းတာကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက တရားနာတဲ့ ပုဂ္ဂိုလ်၊ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်အောင် ကျင့်တဲ့ ပုဂ္ဂိုလ် နည်းတဲ့အကြောင်း ဖော်ပြပြီးတော့ ဂါထာနှစ်ပုဒ်ကို ဒီလို ဟောထားပါတယ်။
“အပ္ပကာ တေ မနုေဿသု
ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရေ ပဇာ
တီရမေဝါ နုဓာဝတိ။
ယေဇနာ – အကြင်ပုဂ္ဂိုလ်တို့သည်
ပါရဂါမိနော – ဟိုဘက်ကမ်းသို့ သွားလေ့ရှိကုန်၏။
ဒီဘက်ကမ်းတဲ့ … ဟိုဘက်ကမ်းတဲ့။ မြစ်တွေ ချောင်းတွေမှာ ဒီလိုပဲ ခေါ်ဝေါ်ကြပါတယ်။ ပင်လယ်မှာလဲ မိမိတို့နေရာက ဒီဘက်ကမ်း၊ အခြားအရပ်က ဟိုဘက်ကမ်း ဒီလိုပဲ ခေါ်ဝေါ် ပြောဆိုလေ့ ရှိကြတယ်။
သံသရာမှာလဲ ရုပ်နာမ် ခန္ဓာတွေ မပြတ်ဖြစ်နေတဲ့ သံသရာက ဒီဘက်ကမ်း။
ရုပ်နာမ် ခန္ဓာတွေ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်က ဟိုဘက်ကမ်း။
အဲဒီလို ဝေါဟာရနဲ့ တင်စားပြီး မြတ်စွာဘုရားက ဟိုဘက်ကမ်းဆိုတာ ဘာတုန်းလို့ဆိုရင် ကိလေသာတွေ ရုပ်နာမ် သင်္ခါရတွေ ဆင်းရဲတွေ လုံးဝ ငြိမ်းတဲ့ နိဗ္ဗာန်ပဲ။
အဲဒီ ရုပ်နာမ် သင်္ခါရတွေ ငြိမ်းတဲ့ နိဗ္ဗာန် ဟိုဘက်ကမ်းကို သွားတဲ့ ပုဂ္ဂိုလ် နည်းတယ်။ သွားချင်တဲ့ ပုဂ္ဂိုလ်က နည်းတယ်။
ဒီဘက်ကမ်းမှာပဲ ပျော်မွေ့နေတဲ့ ပုဂ္ဂိုလ်တွေက များတယ်။ ဒီလို ဆိုလိုပါတယ်။
ယေ ဇနာ – အကြင်ပုဂ္ဂိုလ်တို့သည်
ပါရဂါမိနော – နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့ သွားလေ့ရှိကုန်၏။
တေ ဇနာ – ထိုပုဂ္ဂိုလ်တို့သည်
မနုေဿသု – လူတို့၌
အပ္ပကာ – နည်းလှစွာကုန်၏။
လူတွေထဲမှာ ဟိုဘက်ကမ်း သွားတဲ့ ပုဂ္ဂိုလ်က နည်းတယ်။ လူသာ မဟုတ်ဘူး။ နတ်တွေလဲ နည်းမှာပဲ။ ဟိုဘက်ကမ်း သွားတဲ့ ပုဂ္ဂိုလ်က နည်းတယ်။
အထ – စင်စစ်အားဖြင့်သော်ကား
အယံ ဣတရာပဇာ – ထိုမှတပါးသော ဤပုဂ္ဂိုလ်တို့သည်
တီရမေဝ – ရုပ်နာမ်အစဉ် သံသရာတည်းဟူသော ဤဘက်ကမ်းသို့သာလျှင်
အနုဓာဝတိ – ပြေးဝင်လျက်ရှိလေတော့သတည်း တဲ့။
သံသရာဆိုတာ
ဟိုဘက်ကမ်း မသွားဘဲနဲ့ ဒီဘက်ကမ်းမှာပဲ ပြန်,ပြန်ပြီးတော့ ဝင်တယ်တဲ့။
‘သံသရာ’ဆိုတာ ဘာတုန်းဆိုရင် အမှတ်တမဲ့နဲ့ ‘သံသရာ’အကြောင်းကို တစ်ချို့က မသိကြဘူး။
စာပေကျမ်းဂန်တွေ ပြည့်ပြည့်စုံစုံ သင်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့ သိကြပါတယ်။
ပြည့်ပြည့်စုံစုံ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေက သံသရာအကြောင်း မသိကြဘူး။
တော်ရုံ တန်ရုံ စာသင်ထားရုံနဲ့လည်း မသိကြဘူး။
‘သံသရာ’ဆိုတာ ဒီလို လူ့ဘုံ နတ်ဘုံတွေပဲလို့ အောက်မေ့နေကြတယ်။
ဒီလို မဟုတ်ဘူး။
‘သံသရာ’ဆိုတာ ‘ရုပ်နာမ်တို့၏ အစဉ်’ပဲတဲ့။
ခန္ဓာနဉ္စ ပတိပါတိ၊ ဓာတုအာယတနာနံစ။
အဗ္ဘောစ္ဆိန္နံ ဝတ္တမာနံ၊ သံသာရောတိ ပဝုစ္စတိ။
ခန္ဓာနဉ္စ – ခန္ဓာတို့၏လည်းကောင်း
ဓာတုအာယတနာနံစ – ဓာတ် အာယတနတို့၏လည်းကောင်း
အဗ္ဘောစ္ဆိန္နံ ဝတ္တမာနံ – မပြတ်ဖြစ်လျက်ရှိသော
ပတိပါတိ – အစဉ်ကို
သံသာရောတိ – သံသရာဟူ၍
ပဝုစ္စတိ – ခေါ်ဆိုအပ်၏။
သံသရာဆိုတာ ‘သံသာရ’ – ‘ပြောင်းရွှေ့ ကျင်လည်နေတယ်’လို့ အဓိပ္ပာယ် ရှိတယ်။
ပြောင်းရွှေ့ ကျင်လည်ရာပေါ့ လေ။ အဲဒါ ဘာတုန်းဆိုရင် ခန္ဓာတို့၏ အစဉ်ပဲ။
တစ်နည်းအားဖြင့် အာယတနတို့၏ အစဉ်ပဲ။
တစ်နည်းအားဖြင့် ဓာတ်တို့၏ အစဉ်ပဲ။
ခန္ဓာ အာယတန ဓာတ်ဆိုတာ နာမည်သာ ကွဲတာပဲ။
ခန္ဓာငါးပါးသည်ပင်လျှင် အာယတန ၁၂ ပါးပါပဲ။ အာယတန ၁၂ ပါးသည်ပင်လျှင်၊ ဓာတ် ၁၈ ပါးပဲ။
ရုပ်နာမ်နဲ့ ပြောမယ်ဆိုရင် ရုပ်နဲ့နာမ် နှစ်ပါးပဲ။
အဲဒါတွေက ဘာတွေတုန်းလို့ဆိုရင် မိမိတို့ သန္တာန်မှာ တကယ်ဖြစ်ပျက်နေတဲ့ တရားတွေ၊ မျက်စိက မြင်တိုင်း မြင်တိုင်း ရုပ်နာမ်တွေ မပြတ် ဖြစ်နေတယ်။ နားက ကြားတိုင်း၊ နှာခေါင်းက နံတိုင်း၊ လျှာက အရသာ စားသိတိုင်း၊ ကိုယ်က တွေ့ထိတိုင်း၊ စိတ်ကူး စဉ်းစား ကြံစည်တိုင်း ရုပ်နာမ်တွေ မပြတ် ဖြစ်နေတယ်။
အဲဒီ မပြတ် ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်ကို ‘သံသရာ’လို့ ခေါ်တယ်။
ပဋိသန္ဓေစိတ်က စပြီးတော့ ရုပ်နာမ်တွေ စပြီး ဖြစ်လာတယ်။
ပဋိသန္ဓေစိတ် ချုပ်သွားရင် ‘ဘဝင်’ဆိုတဲ့ စိတ် ဆက်ပြီး ဖြစ်တယ်။
စိတ်ဆိုတာ ကြာတာ မဟုတ်ဘူး။ တခဏလေးပဲ။ ဖြစ်လာပြီး ချက်ချင်း ပျောက်သွားတာ။ အဲဒါကို တရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုယ်တိုင် တွေ့ရတယ်။
အဲဒီ ပဋိသန္ဓေစိတ်ကလေး ချုပ်သွားလို့ ပျောက်သွားလို့ရှိရင် သူနဲ့ အလားတူဖြစ်တဲ့ စိတ်တွေ ဆက်ဖြစ်တယ်။ အဲဒါကို ‘ဘဝင်စိတ်’တွေလို့ ခေါ်တယ်။ ဘဝင်စိတ်တွေကလဲ တစ်စိတ်ပြီး တစ်စိတ် ဘာမှ မကြာပါဘူး။ ဖြစ်ပြီးပျောက် ဖြစ်ပြီးပျောက်ပဲ။
အဲဒီလို ဘဝင်စိတ်တွေ ဖြစ်နေရာက မြင်စရာရှိရင် မြင်တဲ့စိတ် ဖြစ်တယ်။
မြင်တဲ့စိတ် ပြီးရင်လဲ စဉ်းစားတဲ့စိတ်တွေ ဖြစ်တယ်။
ကြားစရာရှိရင် ကြားတဲ့စိတ်၊ နောက် စဉ်းစားတဲ့စိတ်တွေ ဖြစ်တယ်။
နံစရာရှိရင် နံတဲ့စိတ် ဖြစ်တယ်။ အရသာစားသိတဲ့ အခါကာလ စားသိတဲ့စိတ် ဖြစ်တယ်။ အဲဒီနောက် စဉ်းစားစိတ်တွေ လိုက်ပြီး ဖြစ်တယ်။ ဒီလို ဖြစ်နေတာ။ ကိုယ်က တွေ့ထိတော့ အတွေ့အထိတွေ ဖြစ်တိုင်း ဖြစ်တိုင်း တွေ့ထိသိတဲ့စိတ် ဖြစ်တယ်။ တွေ့ထိသိတဲ့စိတ်ကလေး ပျောက်သွားလို့ရှိရင် နောက်က စဉ်းစားစိတ်တွေက လိုက်ပြီး ဖြစ်နေတယ်။ စိတ်ကူး စဉ်းစား ကြံစည်တဲ့စိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း နောက်လဲ စိတ်ကူး စဉ်းစား ကြံစည်တဲ့စိတ်တွေ ဆက်ကာ ဆက်ကာ ဖြစ်နေတယ်။
ဘဝင်စိတ်ဆိုတာ
ပစ္စုပ္ပန်လောလောဆယ် အသိစိတ်တွေ ပြတ်စဲတဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ဘဝင်စိတ်ဆိုတာ ဖြစ်တယ်။
ဘဝင်ဆိုတာ ဘဝ၏ အစိတ်အပိုင်းတဲ့။ ဘဝ၏ အစိတ်အပိုင်း ‘ဘဝင်္ဂ’ကနေ ဘဝင်ဆိုပြီးတော့ ဘာသာပြန်ထားတာ။
ဗမာတွေကတော့ ဘဝင်ဆိုတာ ရင်ချိုင့်လို့ အောက်မေ့တယ်။ အဲဒါ မဟုတ်ဘူး။ ဘဝင်ဆိုတာ ပဋိသန္ဓေက စပြီးတော့ ဖြစ်လာတဲ့ ပဋိသန္ဓေစိတ်နဲ့ အလားတူစိတ်ပဲ။ ရှေးဘဝကံကြောင့် ဆက်ကာ ဆက်ကာ မပြတ် ဖြစ်နေတဲ့ စိတ်ပဲ။
အပါယ်လေးပါးမှာဆိုရင် ‘အကုသိုလ်’ကြောင့် မပြတ် ဖြစ်နေတယ်။
လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတွေမှာဆိုရင် ရှေးဘဝက ပြုစု ပွားများခဲ့တဲ့ ‘ကုသိုလ်’ကြောင့် ပဋိသန္ဓေက စပြီး မပြတ် ဖြစ်နေတယ်။
အဲဒီ ဘဝင်စိတ်တွေ မပြတ် ဖြစ်နေသမျှ ကာလပတ်လုံး အသက်ရှင်နေတာပဲ။ အနှစ်တစ်ရာတမ်းဆိုရင် အနှစ်တစ်ရာတိုင်အောင် မပြတ် ဖြစ်နေတယ်။ တစ်ထောင်တမ်းဆိုရင် အနှစ်တစ်ထောင်တိုင်အောင် မပြတ် ဖြစ်နေတယ်။ ဒီလိုပါပဲ။ အဲဒီလို မပြတ် ဖြစ်နေရာက မြင်စရာရှိရင် မြင်တယ်၊ ကြားစရာရှိရင် ကြားတယ် စသည်ဖြင့် ဒါက အလွတ်စိတ်တွေပဲ။ ဒါကတော့ ဘဝင်စိတ်မျိုး မဟုတ်ဘူး။ သို့သော် ဘဝင်စိတ်ကနေပြီးတော့ ဆက်ဖြစ်နေတာတွေပဲ။
အဲဒီတော့ ပဋိသန္ဓေက စပြီး သေသည့်တိုင်အောင် တစ်စိတ်ပြီး တစ်စိတ် ရှေ့စိတ်ပျောက် နောက်စိတ်ဖြစ်၊ ရှေ့စိတ်ပျောက် နောက်စိတ်ဖြစ် အဲဒီလို ဆက်ပြီးတော့ ဖြစ်နေတဲ့ စိတ်အစဉ်တွေပေါ့။
‘စေတသိက်’တွေလဲ ပါတယ်။ နာမ်တရားတွေပါပဲ။
အဲဒီ ‘စိတ်’ ‘စေတသိက်’ နာမ်တရားတွေဖြစ်ရင် တည်ရာဖြစ်တဲ့ ရုပ်တရားတွေကလဲ ပါတာပဲ။
ရုပ်နဲ့နာမ်တွေ အဆက်မပြတ် ရှေ့စိတ်နာမ်နဲ့ရုပ်က ချုပ်သွား နောက်စိတ်နာမ်နဲ့ရုပ်က ဖြစ်လာတယ်။
အဲဒီလို ရှေ့နောက်အစဉ်တွေ ဆက်ပြီးတော့ မပြတ် ဖြစ်နေတဲ့အစဉ်ဟာ တစ်ဘဝလုံးမှာ မပြတ် ဖြစ်နေတာပဲ။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါ ကိုယ်တိုင် တွေ့ရတယ်။
ရှေ့စိတ်ကလေးတွေ ရှုလိုက်ရင် ပျောက်သွား၊ နောက်စိတ်ကလေးတွေ ပေါ်လာ၊ အဲဒါလေး ရှုလိုက်ရင် ပျောက်သွား၊ နောက်စိတ်ကလေးတွေ ပေါ်လာ စသည်ဖြင့် မပြတ် ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်တဲ့။
အဲဒီ ရုပ်နာမ်အစဉ်ကို သံသရာလို့ ခေါ်တယ်။
သေတယ်ဆိုတာ
အဲဒီ ဘဝက နောက်ဆုံးစိတ်ကို စုတိစိတ်လို့ ခေါ်တယ်။
စုတိစိတ်ဆိုတာလဲ တခြား မဟုတ်ဘူး။ နောက်ဆုံး ဘဝင်စိတ်ပါပဲ။ အဲဒီစိတ်ပြီးရင် အလားတူစိတ်တွေ ဆက်မဖြစ်ဘူး။ ရုပ်တွေလဲ ဆက်မဖြစ်ဘူး။ ဒါကြောင့် သေတယ်လို့ ခေါ်ရတယ်။
သေတယ်ဆိုတဲ့စိတ်က ဘာမှ အထူးအဆန်းတော့ မဟုတ်ဘူး။ အခု မြင်တိုင်း ကြားတိုင်း စိတ်တွေဟာ ပျောက် ပျောက်သွားတယ်။ အဲဒီစိတ်တွေနဲ့ အတူတူပါပဲ။
သို့သော်လည်း အခု မသေသေးခင်တော့ ရှေ့စိတ်က ပျောက်သွားရင် နောက်စိတ်က ဆက်ပြီး ဖြစ်လာတယ်။ ရှေ့ရုပ်တွေ ပျောက်သွားရင် နောက်ရုပ်တွေက ဆက်ပြီး ဖြစ်လာတယ်။ ဒါကြောင့် မသေသေးဘူးလို့ ဆိုရတယ်။
နောက်ဆုံး စုတိစိတ်ပျောက်သွားတဲ့အခါကျတော့ စိတ်လဲ အသစ် မဖြစ်လာတော့ဘူး။ ရုပ်လဲ အသစ် မဖြစ်လာတော့ဘူး။ ဒါကြောင့် သေတယ်လို့ ခေါ်ရတယ်။
နိမိတ်သုံးပါး
ဒါနဲ့ ပြီးရောလားလို့ဆိုတော့ ဒီလိုနဲ့ ပြီးတာ မဟုတ်သေးဘူး။ ပြုထားတဲ့ ကံရှိရင် … ကံကလဲ ရှိနေတာပါပဲ။ ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ ပြုထားတဲ့ ကံအားလျော်စွာ သေခါနီး အာရုံနိမိတ်ထင်ရင် မိမိပြုထားတဲ့ အမှုကံကလေးရင်လဲ ပေါ်လာတယ်။
အဲဒီ ကံပြုစဉ်က အခြေအနေရင်လဲ ပေါ်လာတယ်။ အဲဒါကို ကမ္မနိမိတ် ခေါ်တယ်။
ဖြစ်ရမယ့် ဘဝက အခြေအနေရင်လဲ ပေါ်လာတယ်။ ဂတိနိမိတ် … အဲဒါက ဂတိနိမိတ် ခေါ်တယ်။
‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’။ ဒီသုံးခုက သေခါနီးမှာ ထင်ပေါ်လာတယ်။ ကံဆိုတာကတော့ ကိုယ်ပြုထားပြီးမို့ ပြန်ပြီး သတိရတာပါပဲ။ မသေခင်လဲ ကိုယ်ပြုထားတဲ့ အမှုလေးတွေ ပြန်,ပြန်ပြီး သတိရနေတာပါပဲ။
ကမ္မနိမိတ်ဆိုတာကတော့ ကိုယ်ပြုထားတဲ့အခါကာလ အခြေအနေကိုး။ ဒါလဲ ပြန်ပေါ်နေတာပါပဲ။ ဒါတော့ အထူးအဆန်း မဟုတ်ပါဘူး။
ဖြစ်ရမယ့် ဘဝအသစ်က အခြေအနေက ဂတိနိမိတ်ပဲ။ အဲဒါကတော့ သေခါနီးမှာ ကံအားလျော်စွာ ကံကြောင့် ပေါ်လာတဲ့ အာရုံပါပဲ။
ဘဝသစ် မွေးဖွားတယ် ဆိုတာ
အိပ်မက်များ မက်သလိုပဲတဲ့။
အိပ်မက်များဟာ ရှေးက မြင်ဖူး တွေ့ဖူးတဲ့ အာရုံတွေ ပြန်ပေါ်လာတာလဲ ရှိတယ်။ အဲဒါက ရှေးက တွေ့ဖူး သိဖူးတာတွေ အိပ်မက်ထဲမှာ ပြန်ပြီး ပေါ်လာတာပဲ။ ဒီလို အိပ်မက်လဲ ရှိတယ်။
ဘာမှ မတွေ့ဖူးဘဲနဲ့ အသစ်အဆန်း အိပ်မက်ထဲ ပေါ်ပြီးတော့ အိပ်မက်တာလဲ ရှိတယ်။
အဲဒီလိုပဲ သေခါနီးကျတော့ ကံအားလျော်စွာ မမြင်ဖူး မတွေ့ဖူးတဲ့ အခြေအနေ အာရုံနိမိတ်တွေလဲ ပေါ်လာတယ်။ ဖျောက်ပစ်လို့လဲ မရဘူး။ အဲဒါကလေး စွဲပြီးတော့ နောက်ဆုံး စုတိစိတ်ကျသွားတဲ့အခါ ဘဝဟောင်းမှာ ရုပ်နာမ်အသစ်လဲ မဖြစ်ဘူး။ အဲဒီ အာရုံကလေးကို စွဲပြီးတော့ ဘဝသစ်မှာ စိတ်အသစ်ကလေး ဖြစ်တယ်။
အဲဒါ အိပ်မက်,မက်ရာကနေပြီး နိုးလာလို့ရှိရင် အိပ်မက်ထဲက အာရုံကို ပြန်ပြီး သတိရတဲ့စိတ်မျိုးနဲ့ တူပါတယ်။ အဲဒါမျိုးပါပဲ။
ဘဝဟောင်းက သေခါနီး စွဲလမ်းခဲ့တဲ့ အာရုံကလေးကို ပြန်ပြီးတော့ အာရုံပြုတဲ့ စိတ်ကလေး ဘဝသစ်ဖြစ်တယ်။
အဲဒီစိတ်ကလေးကို ပဋိသန္ဓေစိတ် ခေါ်တယ်။ အဲဒီပဋိသန္ဓေစိတ်က ပျောက်သွားရင် ဘဝင်စိတ်တွေ ဆက်ကာ ဆက်ကာ ခုနကလို တစ်ဘဝလုံး ဖြစ်သွားပြန်ပြီ။
နောက်ဆုံး စုတိစိတ်ရောက်ခါနီး သေခါနီးကျတော့ ကိလေသာမကင်းသေးရင် ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံတွေ ထင်တယ်။ အဲဒီ အာရုံစွဲလမ်းပြီးတော့ သေသွားပြန်ပြီဆိုရင် အဲဒီစွဲလမ်းတဲ့ အာရုံကလေး အာရုံပြုပြီးတော့ ဘဝအသစ်တွေ ဖြစ်ပြန်တယ်။
ဘဝအသစ်ဆိုတာ တခြား မဟုတ်ဘူး။ စွဲလမ်းတဲ့ အာရုံကလေး အာရုံပြုပြီးတော့ ပဋိသန္ဓေစိတ်ဖြစ်တာပဲ။
အဲဒီစိတ်ကလေး ဖြစ်လို့ရှိရင် အဲဒီစိတ်၏ တည်မှီရာ ရုပ်ကလဲ ရှိတယ်။ ရုပ်နာမ်အစုပါပဲ။
အဲဒီ ပဋိသန္ဓေစိတ် ချုပ်သွားလို့ရှိရင် ဘဝင်စိတ်တွေလဲ ဆက်ကာ ဆက်ကာ ဖြစ်သွားတယ်။