ဖရဏာပီတိ ဂွမ်းဆီထိ – အရှင်ပညာသီဟ
ဖြစ်လေ့ဖြစ်ထ ရှိမှု၊ မှန်ကန်မှုတို့အပေါ် အခြေခံ၍ ယဉ်ကျေးမှု ဓလေ့ထုံးစံအလိုက် လူမျိုးအသီးသီးတွင် လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် နယ်ပယ်အသီးသီးအတွက် ဆိုရိုးစကားပုံ ဆိုရိုးစကား အမျိုးမျိုး ထားရှိကြသည်။ ဥပမာအားဖြင့် – ဘဝတိုးတက်ရေးအတွက် ရှာဖွေရာတွင် အောင်မြင်မှု မအောင်မြင်မှုအပေါ် မူတည်၍ “တရွာမပြောင်း သူကောင်းမဖြစ်”၊ “ရေကြည်ရာ မြက်နုရာ”၊ “သေချင်တဲ့ကျား တောပြောင်း” စသည်တို့ကို ဆိုရိုး ပြုထားသည်။
စာရေးသူသည် အသက် ၁၁-နှစ်အရွယ်တွင် မိမိမွေးဖွားရာ ဒေသက ထွက်ခွာခဲ့သည်။
ရွာဦးကျောင်းတွင် ကျောင်းထိုင်ဆရာတော် အပြောင်းအလဲ ကြားကာလ၌ ဆရာတော် လစ်လပ်နေစဉ် ဦးလေးတော်သူ ဆရာတော်ရှိရာ အခြားရွာကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဆင့် ၁၂-နှစ်အရွယ်တွင် မြို့တွင် စာသင်နေကြသည့် ထိုကျောင်းမှ ဆရာတော်များ၏ အကူအညီဖြင့် ချောက်မြို့ အနောက်ငွေတောင် စာသင်တိုက်သို့ ပြောင်းရွှေ့ စာသင်ခဲ့သည်။
ကျေးရွာမှ မြို့ပြသို့ ရောက်သောအခါ တောရွာတွင် မမြင်ဖူးသည့် အသစ်အဆန်းများကို စတင် ခံစားရတော့၏။
ရေနံဆီမီးခွက် အလင်းရောင် မှိတ်တုတ်မှိတ်တုတ်ဖြင့် နေခဲ့ရသည့်ဘဝမှ လက်ညှိုးနှင့် တွန်းဖိလိုက် နှိပ်လိုက်ရုံဖြင့် ဖျတ်ခနဲ မီးလင်းလာသည်ကို တွေ့ရသောအခါ တအံ့တသြ ဖြစ်ရ၏။
သောက်သုံးရေအတွက် လက်အံသေလောက်အောင် အားစိုက်ဆွဲငင်ယူမှ ရေရရှိခဲ့သည့် ဘဝမှ ရေပိုက်ခေါင်းပေါ်က ဘီးဝိုင်းကလေးကို လှည့်လိုက်ရုံဖြင့် ရေအလိုလို ထွက်ကျလာသည်ကို တွေ့ရသောအခါ အလွန်သဘောကျ၏။
ဖုန်တထောင်းထောင်းထနေသည့် မြေလမ်းတွင် လှည်းကြမ်းစီး၍ ခရီးနှင်ခဲ့ရသည့် ဘဝမှ ပြောင်ပြောင်မည်းမည်း ကတ္တရာလမ်းမည်းပေါ်တွင် တဝီဝီ ပြေးသွားနေသည့် ကားများကို တွေ့ရသောအခါ ရင်သပ်ရှုမော တအံ့တသြ ဖြစ်ရ၏။
အဆင့်ဆင့် တရွာပြောင်းခဲ့သဖြင့် မြို့ပြ၏ တိုးတက်မှုကို စတင် ခံစားရခြင်း ဖြစ်၏။
ရဟန်းလောက၏ အထက်တန်းပညာစနစ်တွင် စတင်ဖြေရသည့် ပထမငယ်တန်းကို အသက် ၁၄-နှစ် အရွယ်တွင် အောင်မြင်ခဲ့သည်။
အသက် ၁၆-နှစ် အရွယ်တွင် ချောက်မြို့မှ ပြည်မြို့သို့ ပြောင်းရွှေ့နေထိုင်၍ စာသင်ခဲ့သည်။
ဆယ်နှစ်ကြာသောအခါ မန္တလေးသို့ ပြောင်းရွှေ့ နေထိုင် စာသင်ခဲ့ပြန်သည်။
မန္တလေးတွင် ဆယ်နှစ်နေပြီးသောအခါ ရဟန်းလောကတွင် အခက်ဆုံးဟု ဆိုရသည့် တိပိဋကစာမေးပွဲမှ သုတ် ၃-ကျမ်းကို အောင်မြင်ကာ အစိုးရဆက်ကပ်သည့် ရထားနှင့် သဘောင်္ခရီးတွင် အထက်တန်းခန်းမှ အချိန်မရွေး ဒေသမရွေး အခမဲ့ စီးနင်းသွားလာခွင့် လက်မှတ်ကို ရယူနိုင်ခဲ့သည်။
လူ့လောကတွင် သင်ကြားရယူရသည့် တက္ကသိုလ်ဘွဲ့တခုကိုလည်း ရယူနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မြို့တွင် ကျင်းပသည့် နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ဆရာဖြစ် ခြောက်လသင်တန်းတွင် တက်ရောက် သင်ယူအပြီး ကျန်ရှိနေသည့် မိမိဘဝအစိတ်အပိုင်းအတွက် မရှိမဖြစ် လိုအပ်သော တရားရှုမှတ်နည်းကို အခြေခံကျကျ စနစ်တကျ ရှုမှတ်နိုင်ရန် မဟာစည်ရိပ်သာကြီးတွင် ဝါတွင်းသုံးလ တရားထိုင်သည်။ မဟာစည်ရိပ်သာကြီးတွင် ယောဂီဟောင်းအဖြစ် နှစ်နှစ်ခန့် နေပြီး အင်္ဂလန်နိုင်ငံတွင် သာသနာဖြန့်ဝေရန် ရိပ်သာကြီးမှ စေလွှတ်ခံခဲ့ရသည်။
လန်ဒန်မြို့တွင် ဆယ်နှစ်ခန့် သီတင်းသုံးနေထိုင်ပြီး ဆရာတော်ဦးဣန္ဒကနှင့် အေဘီဘီအေအသင်းတို့၏ ပင့်ဖိတ်မှုအရ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ နယူးဂျာစီပြည်နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
မိတ်ဆွေကြီး ဦးအဘယာသည် စာရေးသူကို အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်း ကူညီခဲ့သူ ဖြစ်သည်။
အမေရိကန်နိုင်ငံ နယူးဂျာစီသို့ ရောက်သောအခါ ဆရာတော် ဦးအဘယာနှင့် အတူ နေရ၏။
အမေရိကန်နိုင်ငံရှိ ရဟန်းတော် အများစုသည် မြန်မာနိုင်ငံမှာလို အကူအညီ ကပ္ပိယ မထားနိုင်သဖြင့် ကျောင်းရှိ လုပ်ဆောင်စရာများကို အစစ အရာရာ ကိုယ်တိုင် လုပ်ကြရ၏။
ထို့ကြောင့် ဆရာတော်ဦးအဘယာက စက်ဘီးစီး သင်ပေး၏။ ခြေဖဝါးသာ ကွဲသွားသည်။ မတတ်မြောက်ခဲ့၊ မစီးတတ်ခဲ့။
ထိုအချိန်တွင် ဦးဟန်ကြူက ကားအဟောင်းတစီးကို ကျောင်းပို့ထားသဖြင့် ဆရာတော်ဦးအဘယာမှာ မောင်ဖေဝင်းနှင့် ကားမောင်းသင်နေ၏။
“တရွာမပြောင်း သူကောင်းမဖြစ်”ဆိုရိုးနှင့်အညီ သူကောင်းဖြစ်အောင်ဆိုသည့် ရည်ရွယ်ချက် မပါခဲ့သော်လည်း အခြေအနေအရ ကျေးလက်တောရွာတရွာမှ မြန်မာနိုင်ငံမြို့ပြကြီးများ၊ မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံ၊ အင်္ဂလန်မှ အမေရိကန်သို့ အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ရာ ၁၅-နှစ်သားအရွယ်အထိ ကားမစီးခဲ့ဖူးသော စာရေးသူမှာ ဆရာတော်ဦးအဘယာ နောက်ပြောင်ပြောလေ့ရှိသည့် ငယ်သက်၏ ဂဏန်းပြောင်းပြန် ၅၁-နှစ်အရွယ်တွင် ကိုယ်တိုင် ကားမောင်းရသည့် ဘဝသို့ ရောက်ရတော့၏။
ကားမောင်းရသည်ကို အမေရိကန်ရောက်ရသည်ကို ဂုဏ်ယူ ဝင့်ကြွားလို၍ ရေးပြသည် မဟုတ်။
တောနေဒေသမှ ပြောင်းရွှေ့ပြီး တစတစ တိုးတက်မှု ရလာသည်ကို ဖော်ပြကာ မြန်မာတို့၏ ဆိုရိုးစကား မမှားသည်ကို ထောက်ပြလိုခြင်းသာ ဖြစ်ပါသည်။
စာဖတ်သူတို့လည်း “ရေကြည်ရာ မြက်နုရာ” ဆိုသည့်အတိုင်း မိမိတို့မွေးရာ ဇာတိထက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တွင် အဖက်ဖက်က သာလွန်သည့် ရေ၊ မီး၊ တယ်လီဖုန်း စသည် အခြေခံလိုအပ်ချက်များအတွက် မတောင့်မတ မကြောင့်မကြ အေးချမ်းစွာ နေထိုင်ရသည့် အမေရိကန်တွင် အခြေချ နေထိုင်ကြရာ အပြည့်စုံကြီး အပျော်ကြီး ဟုတ်ချင်မှ ဟုတ်ပေမည်။
သို့သော်လည်း “ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ” ဆိုသည့်အတိုင်း မိမိမွေးရာဇာတိထက် အစစ အရာရာ အနေသာသဖြင့် ဆက်လက် နေထိုင်နေကြခြင်းပင် ဖြစ်ပါလိမ့်မည်။
စကားစပ်မိ၍ ထွေရာလေးပါး ပြောကြရာ တချို့က “အမေရိကန်ကို အထင်မကြီးပါဘူး၊ ပျော်လည်း မပျော်ပါဘူး” ဟု ပြောကြသည်။
“အထင်လည်း မကြီးဘူး၊ ပျော်လည်း မပျော်ဘူး” ဆိုရင် ဘယ်သူက ဆွဲထားလို့ ဘာကြောင့် အမေရိကန်မှာ နေသလဲ၊ ပြန်ပါလား လို့ ပြောသောအခါ အသံမထွက်တော့။
မပြန်နိုင်ခြင်း၊ ဆက်လက်ပြီး အမေရိကန်တွင် ရှိနေခြင်းကပင် အမေရိကန်သည် ထိုသူတို့အတွက် “ရေကြည်ရာ၊ မြက်နုရာ” ဖြစ်နေသည် မဟုတ်ပါလော။
ပီတိကို စား အားရှိပါ၏
“———–၊ ———–၊ ပီတိကို စား အားရှိပါ၏” ဟု ဆိုရိုးစကား တခု နှောင်းခေတ်ကာလတွင် ပေါ်ထွက်လာ၏။
ဖြစ်နိုင်ပါ့မလားဟု မေးစရာ ရှိ၏။
မေးငေါ့စရာ မဲ့စရာ ရှိ၏။
ရှေးစာနှစ်ပိုက်ဒ်ကို ဘေးဖယ်ထားပြီး “ပီတိကို စား၊ အားရှိပါ၏”ဟု ဆိုလျှင် မှားမည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် ပီတိကို စား၍ အားရှိခဲ့သည့် သာဓကများ ဘုရားရှင်သာသနာတွင် ရှိခဲ့သည်။
ဖြစ်ပေါ်လာသည့် ပီတိကို အခြေခံ၍ ထိုပီတိကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာသုံးပါး မြင်အောင် ဝိပဿနာရှုလိုက်ရာမှ ရဟန္တာဖြစ်သွားသူများ ရှိခဲ့ဖူးပါ၏။
ဤသည်မှာ ပီတိကို စား၍ အားရှိသည် မဟုတ်ပါလော။
ဤနေရာတွင် ဗဟုသုတအဖြစ် ပီတိအမျိုးအစားများကို ဖော်ပြရသော် ဖြစ်မှုအနုအရင့်အလိုက် –
(၁) ခုဒ္ဒိကာ ပီတိ=အနည်းငယ် ဝမ်းမြောက်မှု၊
(၂) ခဏိကာ ပီတိ=ခဏ ခဏ ဆင့်၍ဖြစ်သော ဝမ်းမြောက်မှု၊
(၃) သြက္ကန္တိကာ ပီတိ=လှိုက်လှိုက်လှဲလှဲဖြစ်သော ဝမ်းမြောက်မှု၊
(၄) ဥဗ္ဗေဂါ ပီတိ=ကိုယ်မြောက်ကြွစေအောင်ဖြစ်သော ဝမ်းမြောက်မှု၊
(၅) ဖရဏာ ပီတိ=တကိုယ်လုံး ပျံ့နှံ့စေလျက်ဖြစ်သော ဝမ်းမြောက်မှု ဟု ပီတိ ငါးမျိုး ရှိသည်။
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း တည်ထားကိုးကွယ်သည့် စေတီတော်နှင့် ကျောင်းဆောင် ဖြစ်မြောက်ရေးအတွက် အလှူငွေလိုအပ်နေသဖြင့် အလှူငွေရရှိရေးအတွက် ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲကို ၂၀၀၈-ခှုနှစ် ဇွန်လ ၂၂-ရက်နေ့တွင် စတင် စမ်းသပ် ကျင်းပရာ အလှူငွေ ဒေါ်လာ ၈,၀၀၀ ကျော် အလှူရရှိခဲ့သည်။ ပထမအကြိမ်ဖြစ်၍ ပင်ပန်းသော်လည်း အောင်မြင်မှုကို အကြောင်းပြုကာ စီစဉ်သူ၊ လုပ်အားပေးသူ၊ ရောင်းချသူ၊ ဝယ်သူ၊ အားပေးသူ၊ သတင်းစကားကြားရသူတို့ ပျော်ကြသည်။ ဝမ်းသာ ပီတိ ဖြစ်ကြသည်။
ဝမ်းသာပီတိ ဖြစ်ရသည့် အားကြောင့် ပင်ပန်းရသည်ကို မေ့ကာ ပွဲပြီးပြီးချင်း ပျော်စရာကောင်းလိုက်တာ “နောက်တပွဲ လုပ်ကြရအောင်၊ နောက်တပွဲ လုပ်ကြရအောင်”ဟု တောင်းဆိုကြသည်။
ထို့ကြောင့် တနှစ်ထဲတွင်ပင် ဒုတိယအကြိမ် နိဗ္ဗာန်ဈေးပွဲကို စက်တင်ဘာလ ၂၁-ရက်နေ့တွင် ကျင်းပခဲ့သည်။
ဤပွဲတွင် ပါဝင်ရောင်းချသူ လူဦးရေများလာသလို အစားအစာလည်း စုံလှသည်။
ကြိုတင် စီစဉ်ထားသဖြင့် အစားအသောက် မလောက်မင ပြတ်လပ်မှု မဖြစ်ခဲ့။
ပထမပွဲမှ အတွေ့အကြုံပေါ် မူတည်၍ ကလေးများအတွက် အစီအစဉ်တခု ထည့်ပေးထားရာ ကလေးများလည်း ပျော်ကြသည်။
ဤဒုတိယပွဲတွင် အသားတင် အလှူငွေ ၁၁,၂၂၅ ဒေါ်လာ ရရှိသည်။
ဆုမဲလက်မှတ် ရောင်းရငွေမှာ ဒေါ်လာ ၂,၈၆၈ ဖြစ်ပြီး၊ အစားအစာ ရောင်းရငွေမှာ ဒေါ်လာ ၉,၂၅၁ ဖြစ်ပါသည်။
ကုန်ကျစရိတ် ၁,၅၉၄ ဒေါ်လာကိုပါ ပေါင်းထည့်ပါက အလှူငွေ စုစုပေါင်း ၁၂,၈၁၉ ဒေါ်လာ ဖြစ်ပါသည်။
ထို့ကြောင့် စီစဉ်သူ၊ လုပ်အားပေးသူ၊ ရောင်းချသူ၊ ဝယ်ယူအားပေးသူ၊ သတင်းစကားကြားရသူတို့ ပျော်ကြသည်။ ဝမ်းသာပီတိ ဖြစ်ကြသည်။
အလှူပွဲပြီး၍ မိမိတို့ ပြုသမျှ ကုသိုလ်ကို သီလပေး ရေစက်ချသောအခါ ခါတိုင်းဘာသာရေးပွဲများတွင် ဆုပေး၊ သီလတောင်း၊ သရဏဂုံဆောက်တည်၊ ငါးပါးသီလခံယူသည့်အခါ ကြားရသည့်အသံနှင့်မတူ တမူထူးခြားနေသည်ကို စာရေးသူ သတိထားမိသည်။
အလှူရှင်အချို့ ပြန်သွားသည့်အတွက် တရားနာပရိသတ် နည်းသော်လည်း သာမန်ပွဲများထက် အဆပေါင်းများစွာ ပရိတ်သတ်၏ သာယာနာပျော်ဖွယ်အသံက ဟိန်းထွက်နေသည်။ ပင်ပန်းပေမယ့် ရွှင်လန်းတဲ့စိတ်၊ ကြည်နူးတဲ့စိတ်(ပီတိ) အဟုန်ကြောင့် အသံမှာ အားမာန်အပြည့် ပါနေသည်။
ရေစက်ချ၊ အမျှဝေပြီးသည့်အခါ ကြားရသည့်အသံမှာ “အမလေး၊ ခုမှပဲ ဗိုက်ဆာတော့တယ်၊ ဈေးရောင်းနေတုန်းက ဆာရမှန်းတောင် မသိဘူး” ဟု ဖြစ်သည်။
ကုသိုလ်ရေးကို အားပေးလုပ်ဆောင်နေစဉ် ဆာရမှန်း မသိခြင်းသည် အမှန်တကယ်ပင် ပီတိကို စားပြီး အားရှိနေကြခြင်းပါလားဟု မှတ်ချက်ချမိပါသည်။
အနုမောဒနာတရား ဟောကြားရာတွင် –
အပြစ်မရှိသော ကောင်းမှုသည် —– စိတ်နှလုံး ရွှင်လန်းမှုကို ဖြစ်စေကြောင်း။
စိတ်နှလုံး ရွှင်လန်းမှုသည် —– ဝမ်းမြောက်မှုကို ဖြစ်စေကြောင်း။
ဝမ်းမြောက်မှုသည် —– နှစ်သက်မှု(ပီတိ)ကို ဖြစ်စေကြောင်း။
နှစ်သက်မှု(ပီတိ)သည် —– ငြိမ်းချမ်းမှု(ပဿဒ္ဓိ)ကို ဖြစ်စေကြောင်း။
ငြိမ်းချမ်းမှု(ပဿဒ္ဓိ)သည် —– ချမ်းသာမှု(သုခ)ကို ဖြစ်စေကြောင်း။
ချမ်းသာမှု(သုခ)သည် —– တည်ကြည်မှု(သမာဓိ)ကို ဖြစ်စေကြောင်း။
တည်ကြည်မှု(သမာဓိ)သည် —– ဟုတ်တိုင်းမှန်စွာ သိမြင်မှု(ယထာဘူတဉာဏ်အမြင်)ကို ဖြစ်စေကြောင်း။
ဟုတ်တိုင်းမှန်စွာ သိမြင်မှု(ယထာဘူတဉာဏ်အမြင်)သည် —–ငြီးငွေ့မှုကို ဖြစ်စေကြောင်း။
ငြီးငွေ့မှုသည် —– တပ်စွန်းခြင်း ကင်းမှုကို ဖြစ်စေကြောင်း။
တပ်စွန်းခြင်း ကင်းမှုသည် —– လွတ်မြောက်မှု(ဝိမုတ္တိ)နှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်(ဝိမုတ္တိဉာဏဒဿန)ရမှုကို ဖြစ်စေကြောင်း။
ဤသို့လျှင် အပြစ်မရှိသော ကောင်းမှုသည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်စေနိုင်ကြောင်း။ ထို့ပြင် ဝမ်းမြောက်မှု(ပီတိ)ကို အခြေခံ၍ တရားရှုမှတ် ပွားများပါက တရားလျင်မြန်စွာရသည့် သာဓကများ ရှိ၍ မိမိတို့၏ ဝမ်းမြောက်မှု ပီတိကို တရားရှုမှတ်ရန်၊ ယခုနှစ်တွင် ရရှိသည့် အတွေ့အကြုံများကို လေ့လာ၍ နောင်နှစ်များတွင်လည်း ဆက်လက်၍ ပူးပေါင်း ဆောင်ရွက် သာသနာပြုကုသိုလ် ပြုလုပ်ကြရန် တိုက်တွန်း အားပေးလိုက်သည်။
ဤကုသိုလ်တွင် အစဉ်အမြဲ သင်လဲ ပါဝင်
ပထမအကြိမ် နိဗ္ဗာန်ဈေးမှ ရရှိသော အလှူငွေ ရှစ်ထောင်သည်လည်းကောင်း၊ ဒုတိယအကြိမ် နိဗ္ဗာန်ဈေးမှ ရရှိသော အလှူငွေ တစ်သောင်းကျော်သည်လည်းကောင်း ဈေးရောင်းသူတို့၏ အလှူဒါနချည်းသက်သက် မဟုတ်ပါ။
ဝယ်ယူ စားသောက်သူ၊
တဲထိုး တဲဖျက်၊ စားပွဲ ကုလားထိုင်ခင်း၊ ပြန်သိမ်းသူ၊
ကားနေရာချသူ၊
ဆုမဲလက်မှတ် ရောင်းပေးသူ၊ ဝယ်ယူသူ၊
ဆုမဲအလှူရှင်၊
ပွဲဖြစ်မြောက်ရေး စီစဉ်သူ၊
အိုးခွက်ပန်းကန်ဆေးခြင်း စသည့် သန့်ရှင်းရေး ဆောင်ရွက်ပေးသူတို့၏ အလှူဒါနလည်း ဖြစ်ပါ၍ နိဗ္ဗာန်ဈေးတွင် အဖက်ဖက်မှ ပါဝင်ဆင်နွှဲကြသူတိုင်း၏ ကုသိုလ်စေတနာကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကာ မှတ်တမ်းတင်ကြောင်း သတင်းကောင်း ပြောကြားပါရစေ။
၂၀၀၈-ခုနှစ် စက်တင်ဘာလ (၂၁)ရက် တနင်္ဂနွေနေ့တွင် ကျင်းပသည့်
ဒုတိယအကြိမ်မြောက် ဈေးရောင်းပွဲတွင် ရောင်းချ လှူဒါန်းသည့် အလှူငွေစာရင်း
၁ ဒေါ်ခင်မေပြုံး နှင့် စုသက် – ရွှေရင်အေး – ၂၈၅ ဒေါ်လာ
၂ အေဘီဘီအေ – မုန့်ဟင်းခါး၊ မုန့်ဖက်ထုပ်၊ ငါးပိကြော်၊ ဘူးသီးကြော် – ၁,၃၆၀ ဒေါ်လာ
၃ ကိုသက်ဝင်း-မမိုးစံအောင် – ရေနှင့် အချိုရည် – ၂၀၆ ဒေါ်လာ
၎ ကိုညွန့်ဦး-မတင်တင် – မြန်မာလက်ဖက်ရည် – ၁၈၅ ဒေါ်လာ
၅ ကိုထွန်းအေး-မဒင်ပယ်လ် – ကြက်သားပလာတာ – ၂၃၅ ဒေါ်လာ
၆ ကိုထွန်းတင်-မညိုညိုကြည် – ဒါန်ပေါက် – ၅၀၀ ဒေါ်လာ
၇ ဒေါ်အေး – မန္တလေးပဲကြော် – ၃၅၁ ဒေါ်လာ
၈ မဖြူဖြူမြင့် – ငါးထမင်းချဉ် – ၁၉၀ ဒေါ်လာ
၉ မမာ – ရှမ်းထမင်းချဉ်၊ ငပိကြော်၊ ငါးပိထောင်း – ၂၀၉ ဒေါ်လာ
၁၀ ဒေါ်မွှေး၊ ခင်လေးမြင့် – နန်းကြီးသုတ်၊ အာလူးကက်သလိပ်၊ စာကလေးခွေ၊ အမဲခြောက်ကြော် – ၆၀၂ ဒေါ်လာ
၁၁ ကိုထွန်းမင်း-မအုန်း – ကျောက်ကျောရည် – ၁၅၀ ဒေါ်လာ
၁၂ ဒေါ်ဂရေ့စ် – ကော်ပြန့်ကြော်သုတ် – ၁၁၂ ဒေါ်လာ
၁၃ ကိုဘွန်ဇာ-မချိုတူး – အုန်းနို့ခေါက်ဆွဲ – ၃၅၀ ဒေါ်လာ
၁၄ မအေးအေးသိန်း၊ ဒေါ်မူမူရှိန်၊ မသန်းသန်းရီ – ရခိုင်မုန့်တီ၊ ဆူရှီ – ၁၁၂ ဒေါ်လာ
၁၅ ဒေါ်မေရင်း – မုန်ညှင်းချဉ် – ၃၅၀ ဒေါ်လာ
၁၆ ဒေါ်ဌေးဌေးအောင် – ပုဇွန်ခွက်ကြော် – ၄၁၈ ဒေါ်လာ
၁၇ မီးရှယ်လ် – ပုတီး – ၁၃၁ ဒေါ်လာ
၁၈ ဦးစိုးဝင်း-ဒေါ်ကျင်ဆွေ – ကောက်ညှင်းထုပ် – ၄၀၂ ဒေါ်လာ
၁၉ စတီဗင်ချို – ဆီချက်ခေါက်ဆွဲ – ၄၅ ဒေါ်လာ
၂၀ ဒေါ်ခင်ဝင်းကြည် – ဇီးယို၊ ဂျလေဘီ – ၂၇၃ ဒေါ်လာ
၂၁ ဇင်မေထွန်း – ဖယောင်းတိုင် – ၂၆၅ ဒေါ်လာ
၂၂ ဒေါ်စီစီချို – ပဲပြုတ်၊ ပဲကြော်၊ မြိတ်ကတ်ကြေးကိုက် – ၃၀၈ ဒေါ်လာ
၂၃ ဆဘရီနာမေ – ပုတီးကြိုး – ၃၁ ဒေါ်လာ
၂၄ ဒေါ်ကင်း – မုန့် – ၃၅ ဒေါ်လာ
၂၅ မဥမ္မာဝင်း၊ မမြမြစန်း – ဖွာလူဒါ – ၁၁၃ ဒေါ်လာ
၂၆ ဟင်နရီ-အယ်လီလီး – တို့ဟူး – ၁၂၂ ဒေါ်လာ
၂၇ ကိုကျော်လွင်ထွန်း-မစုစုမော် – အုန်းကျောက်ကျော – ၇၂ ဒေါ်လာ
၂၈ ကိုခင်မောင်ဝင်း-ဒေါ်မာစွမ် – အသုတ်စုံ၊ ငှက်ပျောကောက်ညှင်းထုပ် – ၂၄၂ ဒေါ်လာ
၂၉ မဆွေမာသန်း – ဆနွင်းမကင်း၊ ငှက်ပျောမုန့် – ၈၈ ဒေါ်လာ
၃၀ ဦးဘော်ယုံ – မြိတ်ကောက်ညှင်းထုပ်၊ ဆီထမင်း – ၄၅၀ ဒေါ်လာ
၃၁ ဒေါ်ခင်မလေး – ဝက်သားတုတ်ထိုး – ၃၂၂ ဒေါ်လာ
၃၂ မလှလှရီ – မန္တလေးကြာဆံချက် – ၇၃ ဒေါ်လာ
၃၃ မမြမြခိုင် (ရှင်းရှင်) – ရှမ်းတို့ဟူးသုတ် – ၁၇၇ ဒေါ်လာ
၃၄ မစုစုဌေး- မြီးရှည် – ၁၅၄ ဒေါ်လာ
၃၅ အေဘီဘီအေ – အထွေထွေရောင်းရငွေ – ၃၃၃ ဒေါ်လာ