ကထိန်အကြောင်း သိကောင်းစရာ – နွယ်သာကီ(ယူအက်စ်အေ)


အချိန်အခါနှင့်အညီ ကထိန်ရာသီရောက်လေတိုင်း ကထိန်ပွဲများသို့ အရောက်သွားခဲ့ပါသည်။
သို့သော်လည်း မိတ်ဆွေများနှင့် စားသောက် ရယ်မော စကားပြော၍သာ ပြန်ခဲ့တာ များပါသည်။ အချိန်မရ၍ ဟူသော အကြောင်းပြချက်နှင့် ကထိန်တရားကို ကောင်းစွာ မနာယူခဲ့သဖြင့် ကထိန်အကြောင်းကို ကောင်းစွာ မသိခဲ့။
ထို့ကြောင့် ကထိန်အကြောင်း တစေ့တစောင်း သိလို၍ နီးစပ်ရာ ဆရာတော်အား မေးမြန်း လျှောက်ထားရာ –

မေး။ ။ အရှင်ဘုရား .. ကထိန်ဆိုတာ ဘာလဲဘုရာ့၊ တန်ဆောင်မုန်းလမှာ ပျော်ပွဲရွှင်ပွဲ ကခုန်ပွဲတွေ ကျင်းပတဲ့အခါ ဆီမီးထိန်ထိန်ထွန်းတာကို ကထိန်လို့ ခေါ်တာလား။

ဖြေ။ ။ အေး .. ကောင်းသကွာ၊ ဒကာလေး မေးလိုက်တော့မှပဲ ကထိန်ရဲ့ အဓိပ္ပာယ် ပျက်စီးတော့တယ်။ ကထိန်ဆိုတဲ့ အဓိပ္ပာယ်က ဒီလို ဒကာလေးရ။ ကထိန်ခင်းပြီးတဲ့အခါ ကထိန်ခင်းတဲ့ ကျောင်းက ပထမဝါ သီတင်းသုံးကြတဲ့ ရဟန်းတွေအားလုံး ကထိန်ရဲ့ အကျိုးငါးမျိုး ရကြတယ်။ အဲဒီ အကျိုးငါးမျိုးရရှိမှုကို ခိုင်မြဲစေတာကို ကထိန်လို့ ခေါ်တယ်။

မေး။ ။ ကထိန်ခင်းတယ်ဆိုတာကကော ဘာလဲဘုရာ့။ သင်္ကန်းတွေ စောင်တွေ တိုင်ကပ်နာရီတွေ တခြားအသုံးအဆောင်ပစ္စည်းတွေကို ပဒေသာပင်သီးပြီး ခင်းကျင်းပြသထားတာကို ကထိန်ခင်းတယ်လို့ ခေါ်တာလား။

ဖြေ။ ။ ကထိန်ခင်းတယ်ဆိုတာ သံဃာတွေ လုပ်ရတဲ့အလုပ် ဒကာလေးရ။ ကထိန်အကျိုးငါးမျိုးကို ကျောင်းတိုက်အတွင်းမှာ ဖြန့်ခင်းထားသလို ပြန့်နှံ့အောင် လုပ်တာကို တနည်းအားဖြင့် ဝိနည်းစည်းကမ်းအရ စီစဉ်တာကို ကထိန်ခင်းတယ်လို့ ခေါ်တယ်။ ဒကာ ဒကာမတွေက ကထိန်ခင်းလို့ မရဘူး ဒကာလေးရ။ ကထိန်သင်္ကန်းနဲ့ ကထိန်ပွဲဖြစ်အောင် လှူဒါန်းထောက်ပံ့တာကိုပဲ လုပ်နိုင်တယ်။ အဲဒီလို သင်္ကန်းစတဲ့ လှူဖွယ်ပစ္စည်းတွေ လှူပြီး ကထိန်ပွဲဖြစ်အောင် ဆောင်ရွက်ပေးတာကိုပဲ ကျွန်တော်ကျွန်မတို့ ဘယ်ကျောင်းမှာ ဒီနှစ် ကထိန်ခင်းတယ်လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဒကာ ဒကာမတွေက ကထိန်ခင်းလို့ မရဘူး။ သံဃာတော်တွေကပဲ ကထိန်ခင်းလို့ ရတယ်။ သံဃာတော်တွေ ကထိန်ခင်းနိုင်အောင်လို့ ဒကာ ဒကာမတွေက သင်္ကန်းလှူဒါန်းရတာမို့ ဒကာ ဒကာမတွေ ကထိန်ခင်းတယ်လို့လဲ ပရိယာယ်အနေနဲ့ ဆိုနိုင်ပါတယ်။ ဒါကြောင့် “ကျွန်တော် ကျွန်မတို့ ဘယ်ကျောင်းမှာ ဒီနှစ် ကထိန်ခင်းတယ်”လို့ ပြောတဲ့ စကားဟာ တနည်းအားဖြင့် သင့်လျော်တယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ အရှင်ဘုရား ညပ်မကြီး ညပ်မကြီးဆိုတာကကော ဘာလဲဘုရာ့။ ပဒေသာပင်မှာ ကပ်,ညှပ်ထားတဲ့ အဖိုးတန်ဆုံးအရာကို ညပ်မကြီးလို့ ခေါ်တာလား။

ဖြေ။ ။ ညပ်မကြီးဆိုတာ ဒကာလေးပြောသလို မဟုတ်ဘူး။ အသံထွက်တူပေမယ့် သတ်ပုံ စာလုံးပေါင်း မတူ၊ အဓိပ္ပာယ်မတူတဲ့ စကားလုံး ဝေါဟာရတမျိုးဖြစ်နေတယ် ဒကာလေးရ။ ကထိန်နဲ့ ပတ်သက်တဲ့ စကားလုံးက “ဉတ်”ဖြစ်တယ်။ “ဉတ္တိ”ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတယ်။ “ဉတ္တိဒုတိယကမ္မဝါစာ” ရွတ်ဖတ်ပြီး ကထိန်ခင်းထိုက်တဲ့ရဟန်းကို ကထိန်သင်္ကန်းပေးရတယ်။ ဒါကြောင့် အဲဒီ ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း”လို့ ခေါ်ရတယ်။ ဉတ်သင်္ကန်းဟာ ရဟန်းတွေ အသုံးပြုနေကြ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ ခြုံသင်္ကန်း (နှစ်ထပ်သင်္ကန်းကြီး) ဆိုတဲ့ သင်္ကန်းသုံးထည်ထဲက တစ်ထည်ထည် ဖြစ်နိုင်တယ်။

မေး။ ။ အရှင်ဘုရား ပြောရင်း ပြောရင်းနဲ့ ရှုပ်သွားပြန်ပြီ။ “ဉတ္တိဒုတိယကမ္မဝါစာ” ရွတ်ဖတ်ပြီး သင်္ကန်းပေးရတယ်ဆိုတာမှာ ဉတ်ဆိုတာက ဘာလဲဘုရာ့။ နောက်ပြီး ကမ္မဝါစာဆိုတာကြီးကကော။

ဖြေ။ ။ ဉတ်ဆိုတာက ‘သံဃာတော်ဟာ ယခု သံဃာ့ကိစ္စကို ပြုကြပါမယ်’လို့ သံဃာတော်တွေကို သိစေဖို့ ပြောကြားတာပဲ။ ကမ္မဝါစာဆိုတာကတော့ ‘သံဃာက ဒီကိစ္စကို ဒီလိုပြုလုပ်ပါတယ်၊ သဘောတူကြပါသလား၊ သဘောမတူရင် ပြောကြပါ၊ သဘောတူရင် ငြိမ်ငြိမ်နေတော်မူပါ’လို့ အဆိုပြု တင်ပြတဲ့စကားရပ်ပဲ။ နားလည်အောင် ပြောရရင်တော့ သံဃာနဲ့ပတ်သက်တဲ့ ကိစ္စတခုခုကို ပြုတဲ့အခါ သဘောတူ,မတူ မေးမြန်းပြီး သံဃာရဲ့ အတည်ပြုချက်ရဖို့ မေးမြန်းပြောဆိုတဲ့ စကားကို ကမ္မဝါစာလို့ ခေါ်တယ်။

မေး။ ။ ဘာကြောင့် ကထိန်ခင်းရတာလဲဘုရာ့။

ဖြေ။ ။ ရဟန်းတော်တွေ လိုက်နာဖို့ ဘုရားရှင်ချမှတ်ထားတဲ့ စည်းကမ်းချက် (ဝိနည်းသိက္ခာပုဒ်) အချို့ကို အချိန်ကာလ အတိုင်းအတာတခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကထိန်ခင်းရတာပဲ ဒကာလေးရ။

မေး။ ။ ဘယ်လို စည်းကမ်းချက်တွေက ကင်းလွတ်ခွင့်ရတာလဲ ဘုရာ့။

ဖြေ။ ။ ရဟန်းတပါးဟာ အိမ်တအိမ်က ဆွမ်းစားပင့်ထားပြီး ဖြစ်ပါလျက်နဲ့ အဲဒီအိမ်မှာ ဆွမ်းမစားမီဖြစ်စေ၊ ဆွမ်းစားပြီးမှ ဖြစ်စေ တခြားအိမ်ကို ကိစ္စတခုခုကြောင့် သွားချင်ရင် ရဟန်းတပါးပါးကို ပြောပြီးမှ သွားရတယ်။ မပြောဘဲ သွားရင် အာပတ်သင့်စေလို့ ဘုရားရှင်က စည်းကမ်းချမှတ်ထားတယ်။ ဒါပေမယ့် မကျန်းမာတဲ့အခါ သင်္ကန်းလှူတဲ့အခါ သင်္ကန်းချုပ်တဲ့အခါမျိုးတွေမှာတော့ ဘယ်သူ့မှ မပြောဘဲ သွားနိုင်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းကတော့ ကထိန်ခင်းပြီးတဲ့ အချိန်က စပြီး တပေါင်းလပြည့်နေ့အထိ အဲဒီ စည်းကမ်းကို မလိုက်နာဘဲ နေနိုင်တယ်။ မြို့ထဲရွာထဲ သွားတဲ့အခါမှာလဲ ဘယ်သူ့ကိုမှ မပြောဘဲ သွားနိုင်တယ်။

ရဟန်းတော်တွေမှာ ခါးဝတ်(သင်းပိုင်)၊ အပေါ်ရုံ(ဧကသီ)၊ ခြုံထည်(သင်္ကန်းကြီး)ဆိုတဲ့ သင်္ကန်းသုံးထည်ကို ဝတ်ရုံ သုံးဆောင်ပုံ နှစ်မျိုးရှိတယ် ဒကာလေးရ။
ဒီသင်္ကန်းသုံးထည်ကို သာမန် အဝတ်သင်္ကန်းအနေနဲ့ သဘောထားပြီးတော့ ဝတ်ရုံသုံးဆောင်တာနဲ့ အဲဒီသင်္ကန်းသုံးထည်ကိုပဲ သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံးဆောင်တာ ဖြစ်တယ်။

တကယ်လို့ ရဟန်းတပါးဟာ သင်္ကန်းသုံးထည်ကို သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံးဆောင်ရင် အဲဒီသင်္ကန်းသုံးထည်စလုံးနဲ့ အရုဏ်တက်ချိန်အထိ အတူ ရှိနေရမယ်။ ဝတ်ရင်လဲ ဝတ်ထား၊ ဝတ်မထားရင်လဲ သူ့ရဲ့နှစ်တောင့်ထွာ အကွာအဝေးအတွင်းမှာ ရှိနေစေရတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် အပြစ်ရှိတယ်။
ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။ ဥပမာ-ခရီးသွားရင် သင်္ကန်းတထည်ထည်ကို ယူသွားစရာ မလိုတော့လို့ ပေါ့ပေါ့ပါးပါး ခရီးသွားနိုင်တယ်။

“အရှင်ဘုရား၊ တပည့်တော်အိမ်ကို ထမင်းစားကြွပါဘုရား၊ ထမင်းဘုဉ်းပေးကြွပါဘုရား၊ မုန့်စားကြွပါဘုရား”လို့ လူသုံးစကားနဲ့ (သာသနာသုံးစကားနဲ့ မဟုတ်ဘဲ) ဆွမ်းစားပင့်ရင် လေးပါးထက်များတဲ့ ရဟန်းတွေဟာ အတူတူ တချိန်ထဲ ကြွသွားပြီး အဲဒီဆွမ်းကို မဘုဉ်းပေးကောင်းဘူး။ အပြစ်ဖြစ်တယ်။ လေးပါးအောက် နည်းတဲ့ ရဟန်းတွေကတော့ အတူတူ တချိန်ထဲ ကြွသွားပြီး အဲဒီဆွမ်းကို ဘုဉ်းပေးနိုင်တယ်။ ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။
မှတ်ထား ဒကာလေးရ .. ဘုန်းကြီးတွေကို ဆွမ်းစားပင့်ရင် ‘မုန့်ဟင်းခါးစား ကြွပါဘုရား၊ ခေါက်ဆွဲစား ကြွပါဘုရား၊ ထမင်းစား ကြွပါဘုရား’လို့ မပင့်ရဘူး။
‘အရှင်ဘုရား၊ တပည့်တော်အိမ်ကို ဆွမ်းဘုဉ်းပေးကြွပါဘုရား၊ မုန့်ဆွမ်းဘုဉ်းပေးကြွပါဘုရား’လို့ သာသနာသုံးစကားနဲ့ ဆွမ်းစားပင့်ရတယ်။

မေး။ ။ အရှင်ဘုရား .. ဒီလိုဆို နိုင်ငံခြားသားတွေက ဆွမ်းစားပင့်ရင် ဘယ်လိုလုပ်မလဲ ဘုရာ့။ သူတို့က ဆွမ်းဆိုတဲ့ စကားလုံးကို သုံးမှ မသုံးတတ်ပဲ။

ဖြေ။ ။ တော်တော် ကပ်ကပ်သပ်သပ်နိုင်တဲ့ ဒကာလေးပဲ။ ဆွမ်းဆိုတဲ့ စကားလုံးကို မသုံးတတ်ရင် breakfast နဲ့ lunch ဆိုတဲ့ စကားလုံးကိုပဲ သုံးပြီး ဆွမ်းစားပင့်ပေါ့ ဒကာလေးရ။ Pizza, Fried noodle, KFC စတဲ့ စကားလုံးတွေကို မသုံးနဲ့ပေါ့။

မေး။ ။ ကပ်သပ်တယ်တော့ မဟုတ်ပါဘူးဘုရား။ စဉ်းစားမိလို့ မေးတာပါ။ နောက်ကော ဘယ်လို စည်းကမ်းချက်တွေက ကင်းလွတ်ခွင့်ရသေးပါသလဲ။

ဖြေ။ ။ ရဟန်းတော်တွေဟာ သင်္ကန်းကိုးထည်ထဲက တထည်ထည်ရလာရင် အဲဒီသင်္ကန်းကို (၁၀)ရက်မပြည့်မီ အဓိဋ္ဌာန်တင်ရင်လဲတင်၊ ဝိကပ္ပာပြုရင်လဲပြု တခုခုလုပ်ပြီး သိမ်းထားရတယ်။ မလုပ်ဘဲ သိမ်းထားရင် အဲဒီသင်္ကန်းကို မသုံးဆောင်ကောင်းတော့ဘူး။ ရလာတဲ့သင်္ကန်းကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ သိမ်းထားမိတဲ့အတွက် အပြစ်ဖြစ်ပြီး အဲဒီသင်္ကန်းကိုလဲ စွန့်လွှတ်လိုက်ရတော့တယ်။ ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။

မေး။ ။ အဓိဋ္ဌာန်တင်တယ်၊ ဝိကပ္ပနာပြုတယ်ဆိုတာက ဘယ်လိုလုပ်တာလဲ ဘုရာ့။

ဖြေ။ ။ အဓိဋ္ဌာန်တင်တယ်ဆိုတာ သင်္ကန်းသုံးထည်ကို သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံးဆောင်မယ်လို့ စွဲမြဲစွာ တည်ဆောက်တာပဲ။ ဝိကပ္ပနာပြုတယ်ဆိုတာကတော့ ရလာတဲ့သင်္ကန်းကို ကိုယ့်ပစ္စည်းဆိုတဲ့ အမှတ်သညာကင်းအောင် ပြုလုပ်ပြီး အခြားရဟန်းတပါးပါးအား ခေတ္တအပ်နှံထားတာပါပဲ။

မေး။ ။ စောစောက ပြောတဲ့အထဲမှာ သင်္ကန်းကိုးထည်ဆိုတာ ပါတယ်။ အဲဒီ သင်္ကန်းကိုးထည်ဆိုတာ ဘာပါလဲဘုရာ့။

ဖြေ။ ။ သင်္ကန်းကိုးထည်ဆိုတာ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ နှစ်ထပ်သင်္ကန်းကြီး၊ အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊ သင်္ကန်းမချုပ်ရသေးတဲ့ အဝတ်အထည် အတိုအစ၊ ထိုင်စရာအခင်း၊ မိုးရေခံ ရေလဲသင်္ကန်းနဲ့ အမာလွှမ်းသင်္ကန်းတွေ ဖြစ်တယ်။

မေး။ ။ ကထိန်ခင်းတဲ့အတွက် နောက်ထပ် ဘယ်လို အကျိုးရနိုင်သေးသလဲ ဘုရာ့။

ဖြေ။ ။ ကထိန်ခင်းတဲ့ရဟန်းဟာ ကျောင်းတိုက်အတွင်းမှာ ကထိန်ခင်းတဲ့ လက စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်း ဖြစ်ပေါ်လာတဲ့ အများဆိုင်သင်္ကန်းစတဲ့ ပစ္စည်းတွေကို ဝေစုအနေနဲ့ ပိုင်ဆိုင်ခွင့် ရတယ်။

မေး။ ။ ဒီလိုဆို ကထိန်ပွဲမှာ လှူတဲ့ သင်္ကန်းတွေ ဘုန်းဘုန်းတို့အားလုံး ပိုင်ဆိုင်တာပေါ့နော်။ သင်္ကန်းလှူတဲ့ ဒကာ ဒကာမတွေကလဲ အများကြီး၊ သင်္ကန်းကပ်တဲ့အခါ သင်္ကန်းမလောက်လို့ ကပ်ပြီးသား သင်္ကန်းတွေကိုပဲ ထပ်ထပ်ပြီး ကပ်နေရတယ်။ သင်္ကန်းတွေတောင် Recylce ဖြစ်နေပြီ။

ဖြေ။ ။ ဒကာလေးပြောသလို သင်္ကန်းလှူတာ Recycle ဖြစ်နေတယ်ဆိုတာ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် အဲဒီသင်္ကန်းတွေအတွက် လှူတဲ့ အလှူငွေတွေနဲ့ ရေ, မီး, ဓာတ်ငွေ့, တယ်လီဖုန်းခ စတဲ့ ကျောင်းရဲ့ကုန်ကျစရိတ်တွေကို အသုံးပြုရတယ်။ ရေ, မီး, ဓာတ်ငွေ့, တယ်လီဖုန်းစတာတွေကို သံဃာတော်တွေပဲ အသုံးပြုကြတာမို့ ဒီအလှူငွေတွေကို သံဃာတော်လှူတာနဲ့ အတူတူပါပဲ ဒကာလေးရ။ နောက်ပြီး ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ (ဗုဒ္ဓနေ့)၊ နှစ်သစ်ကူး ဆုဆောင်း မေတ္တာပို့သပွဲ စတဲ့ ကျောင်းက ပြုလုပ်တဲ့ပွဲတွေက အလှူခံရတဲ့ ငွေတွေနဲ့ သာသနာပြုလုပ်ငန်းကြီးတွေကို လုပ်နေတာ အေဘီဘီအေအသင်းအနေနဲ့ နယူးယောက်၊ နယူးဂျာစီပြည်နယ်မှာ ကျောင်းတွေ တည်ထောင်နိုင်ခဲ့ပြီး နယူးဂျာစီမှာ စေတီတော်ကြီး တစ်ဆူကိုလည်း တည်ထားနိုင်ခဲ့တယ်။ ရိပ်သာအဆောက်အဦကြီးတဆောင်ကို ဆောက်လုပ်ဖို့လည်း စီစဉ်နေကြတယ်။ ဒီလို သာသနာပြုလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်တာဟာ ဒကာ ဒကာမတွေက စေတနာ ထက်ထက်သန်သန်နဲ့ လှူကြလို့၊ ဆရာတော် သံဃာတော်တွေရဲ့ ဦးဆောင်မှုကို ရယူပြီး အမှုဆောင်အဖွဲ့, ဝေယျာဝစ္စအဖွဲ့နဲ့ အသင်းသူအသင်းသား အားလုံးတို့က ကြိုးပမ်းကြလို့ပေါ့ ဒကာလေးရ။

မှန်လှပါ အရှင်ဘုရား၊ ကြားရတာ ဝမ်းသာလှပါတယ်။ ကထိန်အကြောင်းလဲ အတော်အသင့် နားလည်သွားပါပြီ။
သာဓု .. သာဓု .. သာဓုပါ ဘုရား။

Leave a Reply